ပူပြင်းတဲ့နွေရောက်လာရင် အဖြစ်များတဲ့ ပြဿနာတစ်ခုရှိတယ်။ ဒါကတော့ အပူလျှပ်တာပါ။ အခုလိုချိန်မှာ ကပ်ရောဂါ COVID_19 ကိုလည်း စိုးရိမ်နေရချိန်ဖြစ်တာကြောင့် ခန္ဓာကိုယ် အပူချိန် မြင့်တာကို လူတိုင်း စိုးရိမ်မိမယ်ထင်ပါတယ်။ ဒီတော့ အပူဒဏ်ကြောင့် အပူလျှပ်ပြီး ကိုယ်ပူနေတာလား COVID_19 ကြောင့် ကိုယ်အပူချိန် မြင့်နေတာလားဆိုတာကို သေသေချာချာလေး သိစေဖို့ ဒီဆောင်းပါးလေးကနေတဆင့် အသိပေးပါရစေ။ ကဲ COVID_19 လား……………. အပူလျှပ်တာလား……………… ဆိုတာကို ကိုယ်တိုင်ဆန်းစစ်လိုက်ပါဦး။
COVID_19 လား……………. အပူလျှပ်တာလား………………
COVID_19 လား……………. အပူလျှပ်တာလား……………… ဆိုတာကို လေ့လာလိုက်ရအောင်နော်။
အပူလျှပ်တယ်ဆိုတာ
နွေအပူချိန် အမြင့်ဆုံးဖြစ်တဲ့ ဒီကာလမှာ အပူလျှပ်တာက အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ အပူချိန်မြင့်နေတဲ့ အချိန်မှာ နေပူထဲမှာ အကြာကြီးနေမိမယ်။ ပင်ပင်ပန်းပန်း နေပူထဲမှာ လုပ်မိတာ၊ ကိုယ်လက်လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်မိတဲ့အခါမျိုးမှာ အပူလျှပ်တာမျိုးဖြစ်နိုင်ပါတယ်။
အပူလျှပ်ခြင်း
အပူလျှပ်တယ်ဆိုတာက အပူဒဏ်ကို အချိန်ကြာမြင့်စွာ ထိတွေ့တာ၊ ပူပြင်းတဲ့ အခြေအနေမှာ လှုပ်ရှားမှုတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်မှုကြောင့် ခန္ဓာကိုယ် အပူချိန် က ပုံမှန်ရှိသင့်တာထက် အရမ်းမြင့်တက်တဲ့ အခြေအနေတစ်ရပ်ပေါ့။
အပူလျှပ်တဲ့အခါ ခန္ဓာကိုယ်တွင်းအပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် ဒါမှမဟုတ် ဒီအပူချိန်ထက် မြင့်တက်နေတာမျိုး ဖြစ်နိုင်ပါတယ်။နွေရာသီမှာ အများဆုံး ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးအခြေအနေတစ်ရပ်ပါ။
အပူလျှပ်တဲ့အခါမှာ အရေးပေါ်ပြုစုကုသမှု လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ မကုသဘဲ သတိလက်လွတ် ထားလိုက်မယ်ဆိုရင် အပူလျှပ်တာကြောင့် ဦးနှောက်၊ နှလုံး၊ကျောက်ကပ်နဲ့ ကြွက်သားတို့ဟာ အချိန်တိုအတွင်းမှာ ထိခိုက်ပျက်စီးသွားနိုင်ပါတယ်။ ဒါတွေတင်မကသေးပါဘူး။ ပြင်းထန်တဲ့ နောက်ဆက်တွဲဝေဒနာတွေနဲ့ အသက်သေဆုံးတာမျိုး အထိဖြစ်နိုင်ပါတယ်။
အပူလျှပ်တဲ့အခါ ဘယ်လိုလက္ခဏာမျိုးတွေတွေ့ရနိုင်လဲ
အပူလျှပ်တဲ့အခါ –
- ခန္ဓာကိုယ် အပူချိန်က ၁၀၄ ဒီဂရီဖာရင်ဟိုက် (သို့မဟုတ်) ၁၀၄ ဒီဂရီဖာရင်ဟိုက်ထက် ပိုများနေမယ်
- နှလုံးခုန်မြန်နေမယ်
- ချွေးမထွက်ဘဲ ဖြစ်နေမယ်
- အသက်ရှူရခက်နေမယ်
- စိတ်ရှုပ်ထွေးနေမယ်
- ဆီးသွားနည်းမယ်
- ဆီးအရောင်ရင့်မယ်
- အော့အန်မယ်
- ခေါင်းမူးမယ်
- သတိလစ်မယ်
- တက်မယ်
- အရေပြားတွေ ပူနေမယ်၊ ခြောက်သွေ့နေမယ်၊ နီမြန်းနေမယ်။
ဘယ်လိုကုသမလဲ………..
အပူလျှပ်တာက အရေးပေါ်ကျန်းမာရေး အခြေအနေတစ်ရပ်ပါ။ ချက်ချင်းဆေးကုသမှုခံယူဖို့လိုအပ်ပါမယ်။
- အပူလျှပ်တဲ့သူကို နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှုမရှိအောင် အရိပ်အောက်တစ်ခုခုကိုရွှေ့ပါ။
- အဲယားကွန်း ဖွင့်ထားတဲ့ အခန်း ဒါမှမဟုတ် အေးမြတဲ့ နေရာတစ်ခုခုကို ရွှေ့ပေးပါ။
- သက်သောင့်သက်သာအနေအထားမျိုးမှာ လှဲလျောင်းနေနိုင်အောင် လုပ်ဆောင်ပေးပါ။
- ခြေထောက်ကိုနည်းနည်းလေးညမြှင့်ထားပေးပါ။
- ရေဖြန်းပေးပါ။ ရေခဲဝတ် ကပ်ပေးလို့လည်း ရပါတယ်။ ချိုင်းကြား၊ လည်ပင်းနဲ့ပေါင်ကြားနေရာတွေကို ရေအေးဝတ်၊ ရေခဲအိတ်တို့ ကပ်ပေးပါ။
- ရေတိုက်ပါ။ အုန်းရည်လိုမျိုး ရေဓာတ်ဖြည့်ပေးတဲ့ အရည်တွေ တိုက်ပေးလို့လည်း ရပါတယ်။ အန်နေမယ်ဆိုရင်တော့ ဆက်မတိုက်ပါနဲ့။
- တစ်ချိန်တည်းမှာပဲ ဆေးရုံသွားဖို့ ပြင်ဆင်ပါ။ အပူချိန် ကျသွားတာတောင် ခန္ဓာကိုယ် အတွင်းပိုင်း ထိခိုက်မှုတွေ ရှိနိုင်တဲ့ အတွက် ဆေးရုံတက်ပြီး စောင့်ကြည့်ကုသဖို့ လိုပါတယ်။
COVID_19 ကြောင့် ကိုယ်အပူချိန်တက်နေတာလား…………..
COVID_19 ဗိုင်းရပ်စ် ကူးစက်ခံရတဲ့အခါ ခန္ဓာကိုယ်မှာ
- ကိုယ်အပူချိန် မြင့်မယ် ( ၂ ရက် ၃ ရက်လောက်အထိ ကိုယ်အပူချိန်က မကျဘဲ ဖြစ်နေမယ်)
- ချောင်းခြောက်ဆိုးမယ်
- အသက်ရှူရခက်မယ်
- အသက်ရှူ ပြတ်တောင်း ပြတ်တောင်းဖြစ်မယ်
- ပင်ပန်းမယ်
- ကြွက်သားတွေ နာကျင်မယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုထိရောက်ပါသည်
- အိမ်ထဲမှာပဲနေပါ
- ရေများများသောက်ပါ
- အာဟာရပြည့်ဝအောင် စားပါ
- အိပ်ရေးဝဝအိပ်ပါ
- သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ
- လူစူလူဝေးရှောင်ပါ
- အပြင်ထွက်ဖို့ လိုအပ်ခဲ့ရင်လည်း နှာခေါင်းစည်း တပ်ပါ။ ရေမလို လက်သန့်ဆေးရည် ဆောင်သွားပါ။ တစ်ယောက်နဲ့တစ်ယောက် အနည်းဆုံး ၃ ပေ ခွာပါ။
- နှာချေ၊ချောင်းဆိုးတိုင်း နှာခေါင်းကို တစ်သျှူးစနဲ့ အုပ်ပါ။ ပြီးရင် အမှိုက်ပုံးထဲကို သေချာ စွန့်ပစ်ပါ။ တစ်သျှူး အလွယ်တကူမရရင် တံတောင်ဆစ်မှာ နှာချေချောင်းဆိုးလုပ်ပါ။
- တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ။
- လက်ကို မကြာခဏဆေးကြောပါ။
- အပြင်က ပြန်လာတိုင်း အသုံးအဆောင်တွေကို ချက်ချင်းလဲပြီး ဆပ်ပြာရည်စိမ်ပစ်ပါ။ ခြေလက်ဆေးကြောပါ။
- မျက်လုံး၊ပါးစပ်၊နှာခေါင်းတို့ကို လက်နဲ့ မထိပါနဲ့။
- ကာကွယ်ဆေး အပြည့်အဝထိုးထားပါ။
ကိုယ်တိုင်ကနေစလို့ လူတိုင်းကျန်းမာစေဖို့ အခုပြောခဲ့တဲ့နည်းလေးတွေအတိုင်း လိုက်နာလို့ COVID_19 ကို ကာကွယ်လိုက်ရအောင်ပါ။
[embed-health-tool-bmi]