နှလုံးဆိုတာ ကိုယ်ခန္ဓါအစိတ်အပိုင်းတွေ အတွက် လိုအပ်တဲ့ အောက်စီဂျင်နဲ့ သွေးတွေကို ဖြန့်ဝေပေးသလို သူကိုယ်တိုင်အတွက်လည်း သွေးတွေ အောက်ဆီဂျင်တွေ ရဖိုရှိဖို့ လိုအပ်ပြီး နှလုံးသွေးကြောတွေကနေ ထောက်ပံ့ပေးပါတယ်။ အကြောင်းတစ်ခုခုကြောင့် နှလုံးသွေးကြောတွေ ပိတ်သွားမယ်၊ ကျဉ်းသွားမယ်ဆို နှလုံးကြွက်သားအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေ ၊ အောက်စီဂျင်တွေကို မရနိုင်တော့ပါဘူး။ ဒီလို အောက်ဆီဂျင်ပြတ်တာ ကြာသွားရင် နှလုံးကြွက်သား ပုပ်သွားနိုင်ပါတယ်။ ဒါကို ဆေးပညာအရ Myocardial Infarction (နှလုံးကြွက်သားပုပ်သွားခြင်း) လို့ခေါ်ပါတယ်။
နှလုံးကြွက်သား ပုပ်တာဟာ လုံလောက်တဲ့ အာဟာရဓါတ်တွေ၊ အောက်ဆီဂျင်တွေကို နှလုံးက မရတော့လို့ဖြစ်တာပါ။ ဘာကြောင့် မရတော့တာလဲဆိုရင် အောက်ဆီဂျင် သယ်လာတဲ့ သွေးကြောတွေက တစ်နေရာမှာ ကျဉ်းနေတာ၊ သွေးကြောပိတ်နေတာ ဆိုရင် လိုအပ်တဲ့နေရာကို အချိန်မီ မရောက်နိုင်တာ (ဒါမှမဟုတ်) လုံးဝကို မရောက်နိုင်တော့တာ ဖြစ်သွားနိုင်ပါတယ်။ အဲ့ဒီအခါ နှလုံးကြွက်သားတွေ ပုပ်သွားပါတော့တယ်။
ဘယ်လိုလူတွေမှာ ပို အဖြစ်များသလဲ။ ။
သွေးတွင်း အဆီဓါတ် (ကိုလက်စထရော) တွေများတဲ့သူတွေ၊ သွေးတိုးသမား၊ ဆီးချိုသမားတွေ၊ အဝလွန်တဲ့သူတွေ၊ ဆေးလိပ်သောက်တဲ့သူတွေ၊ အသက်ကြီးတဲ့သူတွေ၊ အရင်တည်းက နှလုံးအောင့်တတ်တဲ့သူတွေနဲ့ နှလုံးရောဂါမျိုးရိုးရှိသူတွေ၊ အထိုင်များတဲ့သူတွေ၊ စိတ်ဖိစီးမှု များတဲ့ သူတွေက အခြားသူတွေထက်စာရင် နှလုံးရောဂါ ပိုဖြစ်နိုင်ပါတယ်။
နှလုံးကြွက်သား ပုပ်သွားလို့ နှလုံးအောင့်နေရင် ဘယ်လိုကုသလို့ရသလဲ။ ။
ပြောပြခဲ့တဲ့ လက္ခဏာတွေလည်း ရှိနေတယ်၊ စစ်ဆေးကြည့်တော့ လည်းရောဂါ ရှိနေတာ သေချာပြီဆိုရင် ဝေဒနာသက်သာအောင် ကုသရပါတော့မယ်။ ခနနေကျ ပျောက်မှာလားမသိဘူးဆိုပြီး အိမ်မှာပဲမှိန်းနေလို့မရပါဘူး။ နှလုံးအောင့်တာဖြစ်ပြီးတာနဲ့ မိနစ်နဲ့ အမျှ နှလုံးကြွက်သားတွေပုပ်နိုင်ပါတယ်။ ဒါကြောင့် နှလုံးအောင့်နေပြီဆိုတာနဲ့ ဖြစ်ဖြစ်ချင်းဆေးရုံကို ပြေးတာကသာ အကောင်းဆုံးပါ။ နှလုံးအောင့်တာကလည်း နှလုံးသွေးကြောပိတ်တာ၊ ကျဉ်းတာကြောင့် ဖြစ်တဲ့အတွက် မြန်မြန်ကုသမှုခံယူလေ သွေးကြောပိတ်နေတာ ပြန်ပွင့်နိုင်ဖို့ အခွင့်အလမ်းပိုများနိုင်လေ မို့လို့ပါ။
ဘယ်အချိန်အတွင်း ဆေးရုံကို သွားရင် အချိန်မီနိုင်သလဲ။ ။နှလုံးစအောင့်တဲ့အချိန်ကနေရေရင် ၆နာရီ အတွင်း ဆေးရုံကိုရောက်နိုင်ရင် အကောင်းဆုံးပါ။ ဆေးပညာမှာတော့ အဲဒီ ၆ နာရီကို Golden Hour လို့ခေါ်ပါတယ်။ Golden Hour အတွင်းသာရောက်နိုင်ရင် သင့်နှလုံးလေးကို အချိန်မီကုသနိုင်မှာပါ။ သောက်ဆေးတွေပေးပြီးကုသမယ်၊ ပိတ်သွားတဲ့ နှလုံးသွေးကြောတွေကို ပိုက်ထည့်ပြီး ပြန်ပွင့်အောင်လုပ်မယ်။ ကျဉ်းသွားတဲ့ သွေးကြောလေးတွေကို ပြန်ချဲ့ပေးမယ် ဒါတွေအားလုံးကို အချိန်မီ ဆေးရုံကလုပ်ပေးနိုင်ပါတယ်။
ဖြစ်မှကုသတာထက်စာရင် မဖြစ်ခင်ကတည်းကြိုတင်ကာကွယ်မယ်ဆိုပိုကောင်းပါတယ်။ ဒါကြောင့် အဆီတွေလျှော့စားတာ၊ သွေးတိုးဆီးချိုကိုထိန်းတာ၊ ဆေးလိပ်အရက်လျှော့သောက်တာ၊ ကိုယ်အလေးချိန်ေလျှာ့တာ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်တာတွေလည်းလုပ်ပေးမယ်ဆိုရင် နှလုံးလေးကို ကျန်းမာစေမှာပါ။ ဖြစ်လာပြီဆိုရင်လည်း မပေါ့ဆဘဲ ဆေးရုံကိုသွားကာ အမြန်ဆုံးကုသမှု ခံယူတာ အကောင်းဆုံးပါ။ နှလုံးရောဂါလောက် အချိန်နဲ့အမျှ အရေးကြီးတဲ့ ရောဂါ မရှိနိုင်တော့ဘူးလေ။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။