home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

Stay at Home ရင်း Support from Home လုပ်ကြမယ် (၂)

Stay at Home ရင်း Support from Home လုပ်ကြမယ် (၂)

စားစရာတွေကို လိုသလောက်ပဲ ဝယ်ကြမယ်

ဒါလေးကလည်း Mask နဲ့ သဘောတရား အတူတူပဲဗျ။ သတင်းလေးခပ်လှုပ်လှုပ် ကြားတာနဲ့ စျေးတင်ပစ်ချင်ကြတဲ့ စီးပွားရေးသမားတွေရယ်၊ ခွင့်သာခိုက်မှ လိုက်မဝယ်ချင် အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား ဆိုတဲ့ ကပ်စတမ်မာလေးတွေ ပေါင်းမိကြတဲ့အခါ လင်းလင်းသီချင်းလိုပဲ နတ်ဆိုးဟာ အပေါင်းအသင်းနဲ့ ရောင်းရင်းနဲ့ အဆင်းမှာ ဘီးတပ်ပြီး ဝင်လာတော့တာပါပဲ။ ကူးစက်ရောဂါတစ်ခုဖြစ်ပြီဆိုရင် အိမ်ထဲကမထွက်ရတဲ့ ပြဿနာရဲ့နောက်ကွယ်မှာ Lock Down တွေဘာတွေကို တွေးပူရင်း စားစရာတွေ အများကြီး ဝယ်မိတတ်ကြတာလည်း ဖြစ်နေကျ သဘာဝတစ်ခုပဲမို့ အပြစ်ရယ်လည်း မဆိုသာပြန်ဘူးဗျ။

ရတုန်းလေးမှ ဝယ်မထားမိရင်ဖြင့် စားစရာတွေပြတ်ကုန်တဲ့အခါ ရောဂါနဲ့မသေဘဲ ငတ်ပြီးသေတော့မှာပဲရယ်နဲ့ ဗျာပါဒပွေရင်း ဂိုဒေါင်တစ်ခုစာလောက် ဝိုင်းဝယ်ကြတဲ့အခါ Eco က ညယ်မလေးတွေအော်အော်ဆိုကြတဲ့ “ဝယ်လိုအား အဆမတန် မြင့်တက်လာသောအခါ ကုန်ပစ္စည်းရှားပါးမှုများ ဖြစ်ပေါ်လာပြီး ကုန်စျေးနှုန်းတက်လာပါသည်” ဆိုတာကြီးနဲ့ ထိပ်တိုက်ကြီးကို တိုးရတော့တာပါပဲ။ English လို Panic၊ မြန်မာလို “ကြောက်ကန် ကန်တယ်” ဆိုတဲ့ လုပ်ရပ်က ဘယ်ဇာတ်လမ်းမှာမှ ကောင်းကျိုးမှမပေးတာတော့ အားလုံးသိပြီးသားဖြစ်ပေမဲ့ ငါ့ဝမ်းပူဆာ မနေသာတဲ့အခါ လုပ်မိလုပ်ရာမလုပ်မိကြဖို့ အားလုံးသတိထားသင့်တာပေါ့ဗျာ။

လိုတာလေးတွေကိုပဲ စနစ်တကျ ဝယ်ကြမယ်ဆိုရင် ကုန်ပစ္စည်း ပြတ်လပ်တာကို ကာကွယ်နိုင်တဲ့အပြင် ကုန်စျေးနှုန်းကိုပါ ထိန်းပြီးသားဖြစ်သွားတာမို့ ကိုယ်နည်းနည်းလျှော့ဝယ်တိုင်း တစ်နိုင်ငံလုံးရဲ့ ကုန်စျေးနှုန်းကို ချပေးနေသလိုဖြစ်သွားမှာမို့ ဒါလေးကလည်း Support From Home လုပ်နိုင်တဲ့ အကူအညီလေးတစ်ခုပါပဲ။

လိုတဲ့နေရာကိုပဲ လှူကြမယ်။ လိုတာကိုပဲ လှူကြမယ်။

အင်း.. ဒီတစ်ခုကတော့ အဆဲခံရမယ့် အကွက်ဗျ။ COVID-19 ရောဂါအကြောင်း စေတနာနဲ့အသိပညာဖြန့်ဝေသူတွေ စေတနာရှင်တွေအများစုဟာ ပြည်သူလူထုထဲမှာ COVID-19 အကြောင်း အသိပညာတွေဖြန့်ဝေရင်း လက်ဆောင်အနေနဲ့ Mask တွေဝေတာ၊ Hand Gel တွေ ဝေတာလေးတွေ လုပ်လာကြတာကို ခပ်စိပ်စိပ်လေး တွေ့မြင်လာရပါတယ်။

Hand Gel လို အိမ်မှာပြန်လုပ်လို့ရတာက အရမ်းကြီး ကိစ္စမရှိလှပေမဲ့ Surgical Mask တွေကို ရပ်ကွက်ထဲမှာ ဝယ်လှူကြတာကတော့ မရောင်ရာကို ဆီလူးတယ်လိုပြောရင် စေတနာစော်ကားရာကျမှာ သိပေမဲ့လည်း သတိထားကြဖို့သင့်ပါတယ်ဗျ။ တွက်ကြည့်မယ်ဆိုရင် အိမ်ထောင်စု ၁၀၀၀ ရှိတဲ့ရပ်ကွက်မှာ တစ်အိမ်တစ်ခုလှူရင်တောင် Mask ၁၀၀၀ ကုန်ပါတယ်။ အကုန်လုံးက အဲဒီ Mask ကို စနစ်တကျ တပ်ကြတယ်ဆိုရင်တောင် ၈နာရီလောက်ထက်ပိုပြီး အကာအကွယ်မပေးနိုင်တဲ့အတွက် အပြင်မှာ အများကြီးလှူလိုက်တာထက် Surgical Mask လှူမယ်ဆိုရင် တကယ်ကာကွယ်ဖို့လိုတဲ့ ဆေးရုံဆေးခန်းတွေမှာ သွားလှူသင့်ပါတယ်။ လူထုကြားထဲမှာ ကာကွယ်ဖို့ လှူချင်တယ်ဆိုရင်လည်း အပိုင်း (၁)မှာ ပြောဖူးသလိုပဲ ထသွားထလာကာကွယ်ရေးမှာ အဝတ်Maskကိုလည်း သုံးလို့ရတာမို့ အဝတ် Mask လှူမယ်ဆိုရင် ပိုပြီးအကျိုးရှိသွားနိုင်တာမို့ အသိပညာလေးနဲ့ယှဉ်ပြီး လှူဒါန်းနိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ရပါတယ်ဗျာ။

အပေါ်မှာပြောခဲ့တဲ့ အချက်လေးတွေက လိုက်လုပ်ဖို့အရမ်းမခက်ခဲပေမဲ့ လူဒိုင်း လူဒိုင်းသာ.. (အဲလေ ယောင်ကုန်ပြီ) လူတိုင်းလူတိုင်းကသာ လိုက်လုပ်ကြမယ် သတိထားကြမယ်ဆိုရင်ဖြင့် နိုင်ငံနဲ့ချီပြီးကို ကူညီပံ့ပိုးရာရောက်သွားမယ့် အချက်လေးတွေမို့ ဖတ်ပြီးသွားရင်လည်း သူငယ်ချင်းမိတ်ဆွေတွေကို ပြန်ပြောပြဖို့ မမေ့ပါနဲ့နော်။

ရေးသားသူ – LWINT

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thiha Phyo Myint မှ ရေးသားသည်။ 03/07/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။