backup og meta

အိမ်ထဲမှာ တုပ်ကွေး ကူးစက်မှု နည်းစေဖို့

အိမ်ထဲမှာ တုပ်ကွေး ကူးစက်မှု နည်းစေဖို့

ခုဆိုရင် တုပ်ကွေး ရောဂါတွေက တော်တော်များများ ဖြစ်လာကြပါတယ်။ တစ်ယောက်ဖြစ် တစ်အိမ်လုံး ဖြစ်လို့ ပြောရအောင်ကို ကူးစက်တာလည်း မြန်ပါတယ်။ ဒီလို ကူးစက်တဲ့အခါကျတော့ သာမန်လူအနေနဲ့ ပြဿနာမရှိပေမယ့် ရောဂါအခံရှိသူတွေ၊ မကြာသေးခင်ကမှ ကိုဗစ်ဖြစ်ပြီး နာလန်ထတဲ့ လူနာတွေအတွက်က အရေးကြီးပါတယ်။ နဂိုတည်းက ခုခံအား နည်းနေတဲ့အတွက် တုပ်ကွေးပါ ထပ်ကူးခံရရင် သူတို့အတွက် မလွယ်ပါဘူး။

ဒါကြောင့် သူများတွေဆီကနေ တုပ်ကွေးကူးမလာအောင်၊ အိမ်မှာ တစ်ယောက်ဖြစ်ရင် ကျန်တဲ့သူတွေ မကူးအောင် စနစ်တကျ ကာကွယ်ထားသင့်ပါတယ်။

တုပ်ကွေး ဖြစ်နေပြီလား။

တုပ်ကွေးက နှစ်တိုင်း အချိန်ရောက်ရင်ဖြစ်နေကျပါ။ တချို့နှစ်တွေမှာ သိပ်မပြင်းထန်ဘဲ လူနည်းနည်းလောက်ပဲ ဖြစ်သွားတာ ရှိသလို ခုလိုမျိုး လူတွေ အများကြီး အကူးခံရတာမျိုးလည်း ရှိပါတယ်။

ရာသီတုပ်ကွေးက influenza ဗိုင်းရပ်စ် type A ဒါမှမဟုတ် B ကြောင့် ဖြစ်ပါတယ်။ ကမ္ဘာမြောက်ခြမ်းနိုင်ငံတွေက ဆောင်းတုပ်ကွေးလို့ ခေါ်တဲ့ အောက်တိုဘာနဲ့ မတ်လကြားမှာ တုပ်ကွေး ကွေးတတ်ပါတယ်။ တောင်ခြမ်း နိုင်ငံတွေကတော့ မိုးတုပ်ကွေး ခေါ်ပါတယ်။ ဧပြီကနေ စက်တင်ဘာကြားမှာ ဖြစ်တတ်ပါတယ်။ မုတ်သုံနိုင်ငံတွေကတော့ တစ်နှစ်ပတ်လုံး ကွေးနိုင်ပါတယ်။

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင် အာရှ နိုင်ငံတော်တော်များများက မုတ်သုံရာသီဥတု ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေ ဖြစ်တာကြောင့် တစ်နှစ်ပတ်လုံး ကွေးတဲ့ထဲမှာ ပါပါတယ်။

တုပ်ကွေးကွေးတဲ့အခါ ရုတ်တရက် အဖျားတွေ တက်မယ်၊ ချောင်းဆိုးမယ် (အများစုက လည်ချောင်းယားပြီး ဆိုးတဲ့ ချောင်းခြောက်ပါ)၊ ခေါင်းတွေ ကိုက်မယ်၊ ကိုယ်လက်တွေ ကိုက်မယ်၊ နှာစေးနှာပိတ်မယ်၊ လည်ပင်းတွေ နာမယ် စတာတွေ ခံစားရပါတယ်။ ၃-၄ရက်လောက်တော့ ခံရတတ်ပါတယ်။ နေကောင်းသွားသည့်တိုင် ချောင်းဆိုးတာ၊ နှာရည်ယိုတာတွေက ၂ပတ်လောက် ဆက်ဖြစ်နေတတ်ပါတယ်။ ဒါတုပ်ကွေးရဲ့ သဘာဝတွေပါပဲ။

တုပ်ကွေး မကူးအောင် ဘယ်လို ကာကွယ်ကြမလဲ။

တစ်ယောက်ဖြစ်ရင် တစ်အိမ်လုံး ဖြစ်နိုင်တဲ့အတွက် တတ်နိုင်သမျှ အပြင်ကနေ အိမ်ထဲကို တုပ်ကွေး သယ်မလာဖို့ လိုပါတယ်။ အထူးသဖြင့် နေ့တိုင်း ရုံးတက်နေရတဲ့သူတွေ၊ စျေးထွက်ဝယ်တဲ့သူတွေက ပိုပြီး သတိထားသင့်ပါတယ်။

ကိုယ့်ဆီကို တုပ်ကွေးမကူးစေဖို့

လူစုလူဝေးကို ရှောင်ပါ။ ဘယ်သူက တုပ်ကွေးကွေးနေလဲဆိုတာ အလွယ်မသိနိုင်တဲ့အတွက်ကြောင့်ပါ။

-ကိုဗစ်ကြောင့် နှာခေါင်းစည်း တပ်နေကြတာဖြစ်တဲ့အတွက် တုပ်ကွေးကိုလည်း အတိုင်းအတာတစ်ခုထိ ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။

-မကြာခဏ လက်ဆေးပါ။ ဒါမှ လက်ကနေတဆင့် ကူးစက်တာကို လျှော့ချနိုင်မှာပါ။

-ရုံးမှာ တုပ်ကွေးကွေးနေတဲ့သူ ရှိရင် ခွင့်ယူဖို့ အကြံပေးပါ။ တစ်ယောက်ကစ တစ်ရုံးလုံးကူးသွားရင် မိသားစုဝင်တွေကိုပါ ဆက်ကူးသွားနိုင်ပါတယ်။

-ကိုယ် မကြာခဏ ထိတွေ့တဲ့ မျက်နှာပြင်တွေကို ဆပ်ပြာရည် ဒါမှမဟုတ် အရက်ပြန်နဲ့ ပိုးသတ်ပါ။

-မိမိကိုယ်တိုင်လည်း တုပ်ကွေး ရာသီမရောက်ခင် တုပ်ကွေးကာကွယ်ဆေး ကြိုထိုးထားပါ။

ဒီလိုမျိုး ကာကွယ်ထားမယ်ဆိုရင် ကိုယ်ကနေ နောက်ထပ် လုပ်ဖော်ကိုင်ဖက်တွေ၊ မိသားစုဝင်တွေဆီကို တုပ်ကွေးမကူးအောင် ကာကွယ်နိုင်မှာပါ။

အိမ်တွင်း တုပ်ကွေးကူးစက်မှု နည်းစေဖို့

ကိုယ်က သေချာ မကာကွယ်နိုင်လို့ ကူးသွားပြီ ထားပါတော့။ ကိုယ်ကနေ အိမ်မှာ အတူနေတဲ့ မိသားစုဝင်တွေကို မကူးအောင် ကာကွယ်ဖို့ အရေးကြီးပါတယ်။ တုပ်ကွေးဖြစ်တဲ့အခါ အများစုက အားရှိအောင် နေထိုင် စားသောက်ရုံနဲ့ သက်သာသွားတယ်ဆိုပေမယ့် ဒီလူတွေကတော့ အရေးကြီးပါတယ်။

  • ကိုယ်ဝန်ဆောင်တွေ
  • ၅နှစ်အောက်ကလေးတွေ
  • ၆၅နှစ်အထက် လူကြီးတွေ
  • နာတာရှည် ရောဂါရှိသူတွေ (ဥပမာ HIV/AIDS ရှိသူ၊ ပန်းနာရင်ကျပ်၊ နှလုံး၊ အဆုတ်မကောင်းသူတွေ၊ ဆီးချိုရောဂါရှိသူတွေ)
  • ကိုဗစ်ကနေ နာလန်ထတာ မကြာသေးတဲ့သူတွေ

သူတို့တွေက ခုခံအားနည်းတဲ့အတွက် ကူးစက်ရလွယ်သလို ကူးခံရရင်လည်း ပြင်းထန်နိုင်ခြေ ရှိပါတယ်။

ဒါကြောင့် မိသားစုဝင်ထဲက တစ်ယောက်ယောက် တုပ်ကွေးကွေးနေပြီ။ သူကနေ နောက်ထပ် ထပ်မကူးစေဖို့ဆိုရင်

-တုပ်ကွေး ကွေးနေတဲ့သူကို အခန်းခွဲထားပါ။ အကြမ်းအားဖြင့် တုပ်ကွေးက လက္ခဏာ မပြခင် ၁ရက်၊ ပြပြီး ၁ပတ်လောက်ထိ ကူးနိုင်ပါတယ်။ ဒီတော့ တစ်ပတ်လောက် အခန်းခွဲထားပါ။

-တုပ်ကွေးကွေးနေတဲ့သူကလည်း တတ်နိုင်သမျှ အခန်းပြင် မထွက်ပါနဲ့။ မိသားစုနဲ့အတူ အနီးကပ်နေတာကို ရှောင်ပါ။

-ထမင်း တစ်ဝိုင်းတည်း မစားပါနဲ့။ တစ်ပတ်လောက် သီးသန့်စားပါ။ ဇွန်း၊ ပန်းကန်တွေ သီးသန့် ခွဲသုံးပါ။

-ဗိုင်းရပ်စ် ကပ်ညှိလွယ်တဲ့ နေရာတွေ ဖြစ်တဲ့ ကြမ်းပြင်တွေ၊ စားပွဲမျက်နှာပြင်တွေ၊ ဘေစင်တွေ၊ အိမ်သာတွေ စတာတွေကို မကြာခဏ ပိုးသတ်ပါ။

-အလုပ်သွားတာ၊ အပြင်ထွက်တာကို တစ်ပတ်လောက် ရှောင်ထားပါ။

နှာချေ၊ ချောင်းဆိုးတဲ့အခါ တစ်ရှူးနဲ့ အုပ်ပြီး စနစ်တကျ လွှင့်ပစ်ပါ။

အိမ်က တစ်ယောက်ယောက်မှာ တုပ်ကွေး ဖြစ်နေရင် ကိုယ့်ကို မကူးစေဖို့

အထူးသဖြင့် ခုနက ပြောထားတဲ့ တုပ်ကွေးကူးလွယ်တဲ့ သူတွေအနေနဲ့ မိမိအိမ်က တစ်ယောက်ယောက်မှာ တုပ်ကွေး ဖြစ်နေရင် တတ်နိုင်သမျှ သူတို့နဲ့ ဝေးဝေး နေပါ။ ဒါ့ပြင် ခုခံအားကောင်းနေအောင်

  • အိပ်ရေးဝဝအိပ်ပါ။
  • ရေများများသောက်ပါ။
  • အာဟာရပြည့်အောင် စားပါ။
  • ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။
  • ရောဂါအခံအတွက် သောက်လက်စဆေးတွေကို ဆက်သောက်ပါ။

အကောင်းဆုံးကတော့ ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးထားတာပါပဲ။ တုပ်ကွေးဗိုင်းရပ်စ်က တစ်နှစ်နဲ့ တစ်နှစ် မတူတဲ့အတွက် နှစ်တိုင်း အသစ် ပြန်ထိုး ရပါတယ်။ တုပ်ကွေးကာကွယ်ဆေးတွေက တုပ်ကွေး မဖြစ်အောင် ၄၀-၆၀ ရာခိုင်နှုန်းထိ ကာကွယ်ပေးနိုင်သလို ဖြစ်လာခဲ့ရင်တောင် အခြေအနေမဆိုးအောင် ကာကွယ်ပေးနိုင်တာကြောင့် နှစ်စဉ် ကာကွယ်ဆေး ထိုးထားသင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.cdc.gov/flu/about/disease/spread.htm#:~:text=Period%20of%20Contagiousness&text=People%20with%20flu%20are%20most%20contagious%20in%20the%20first%203,7%20days%20after%20becoming%20sick.

https://www.medicalnewstoday.com/articles/321005#hygiene

https://www.cdc.gov/flu/prevent/prevention.htm

https://www.who.int/news-room/q-a-detail/how-can-i-avoid-getting-the-flu?gclid=CjwKCAjwn8SLBhAyEiwAHNTJbUBMmc81J9XTpUPtFE2_Kqsslr79n_sXxRdoSYwJDIi2HPgbD3ovrRoCuZkQAvD_BwE

ယခုပုံစံ

12/11/2021

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

တုပ်ကွေးကွေး တဲ့ ကလေးလေး မြန်မြန်သက်သာရေး

တုပ်ကွေးရောဂါ နဲ့ပတ်သက်ပြီး သင်ဘယ်လောက် သိသလဲ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 12/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement