home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

နှာခေါင်းစည်း နဲ့ ပတ်သက်တဲ့ အယူအဆမှားများ

နှာခေါင်းစည်း နဲ့ ပတ်သက်တဲ့ အယူအဆမှားများ

နှာခေါင်းစည်း တပ်တာက တခြားကာကွယ်ရေး နည်းလမ်းတွေဖြစ်တဲ့ မကြာခဏ လက်ဆေးတာတို့၊ ခပ်ခွာခွာနေတာတို့လိုပဲ အရေးပါပါတယ်။ အမေရိကန် ကူးစက်ရောဂါ ဗဟိုဌာနက အိမ်ပြင်ထွက်ပြီ၊ လူအများကြားသွားရပြီဆိုတာနဲ့ အသက်၂နှစ်အထက်ကစလို့ လူတိုင်း နှာခေါင်းစည်းတပ်ဖို့ ညွှန်ကြားထားပါတယ်။ ဒါပေမယ့် ခုထက်ထိ နှာခေါင်းစည်းတပ်တာနဲ့ ပတ်သက်ပြီး အယူအဆမှားတွေ ရှိနေပါသေးတယ်။

  • နေကောင်းနေလို့ နှာခေါင်းစည်း တပ်စရာ မလိုဘူး။

အရိုးဆုံး ပြောရရင် နှာခေါင်းစည်းတပ်တာက သူများကို ကူးမှာရော၊ ကိုယ့်ကို ကူးလာမှာပါ ကာကွယ်ပေးနိုင်ပါတယ်။ ပြီးတော့ ကိုဗစ်ပိုးရှိနေရဲ့သားနဲ့ လက္ခဏာမပြတဲ့ သူတွေ အများကြီး ရှိပါတယ်။ ဒီလူတွေက ဘာမှမဖြစ်ဘူးဆိုပြီး နှာခေါင်းစည်းမတပ်ထားရင် သူတို့ စကားပြော၊ နှာချေ၊ ချောင်းဆိုး၊ အော်ဟစ်လို့ အမှုန်အမွှားတွေ ထွက်လာရင် အနီးအနားက လူကို ကူးသွားနိုင်ပါတယ်။ ဒါကြောင့် လူတိုင်း မိမိကနေတဆင့် သူများကို မကူးဖို့၊ သူများကနေ ကိုယ့်ဆီ ကူးမလာဖို့ ဘာလက္ခဏာမှ မပြလည်း နှာခေါင်းစည်းတပ်ရပါမယ်။

  • အဝတ်နှာခေါင်းစည်းတွေက မကာကွယ်နိုင်ဘူး။

အဝတ်နှာခေါင်းစည်းရဲ့ အဓိက ရည်ရွယ်ချက်က သင့်မှာ ပိုးရှိနေရင် သူများဆီမကူးအောင်ပါ။ အဝတ်နှာခေါင်းစည်းတွေကလည်း သေချာချုပ်မယ်ဆိုရင် သုံးနေကြ နှာခေါင်းစည်းတွေလို ကာကွယ်ပေးနိုင်ပါတယ်။ ရိုးရိုးလေးစဉ်းစားကြည့်ရင် ဘာမှမတပ်တာထက် အဝတ်နှာခေါင်းစည်းတပ်တာက ပိုပြီး ကောင်းပါတယ်။

အဝတ်နှာခေါင်းစည်းတွေက နှာချေ၊ ချောင်းဆိုး၊ စကားပြောရင် လေထဲကို ထွက်လာမယ့် အမှုန်အမွှားတွေကို တားပေးပြီးသား ဖြစ်သွားပါတယ်။ ဒါကြောင့် WHOက သာမန်အပြင်သွားလာရာမှာ အသက် ၆၀အောက်တွေ၊ နဂိုကျန်းမာတဲ့သူတွေက အဝတ်နှာခေါင်းစည်းကို တပ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါက ခုလို နှာခေါင်းစည်းတွေ ရှားပါးပြီး စျေးကြီးတဲ့ ပြဿနာကိုပါ ရှင်းပြီးသား ဖြစ်သွားပါတယ်။

  • နှာခေါင်းစည်းကြောင့် အလုံပိတ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ရှူမိနိုင်တယ်။

ကျန်းမာရေး ဝန်ထမ်းတွေဆို ဟိုးအရင်တည်းက နေ့တိုင်းလိုလို နှာခေါင်းစည်းတပ်ထားရတာပါ။ ဒါပေမယ့် သူတို့ ဘာမှမဖြစ်ကြပါဘူး။ လူတွေ အပြင်မှာ ဝတ်နေတဲ့ နှာခေါင်းစည်းတွေက အသက်ရှူရလွယ်တဲ့ အမျိုးအစားတွေပါ။ အသက်ရှူမရဘဲ အောက်စီဂျင်ပြတ်မှာ စိုးရိမ်စရာမလိုသလို ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုနေမှာလည်း မဟုတ်ပါဘူး။ နှာခေါင်းစည်းရဲ့ အပေါက်ငယ်လေးတွေကနေ အလိုလို ထွက်သွားပါလိမ့်မယ်။

နှာခေါင်းစည်းတပ်ထားပြီး အသက်ရှူမဝသလို ခံစားရရင် စကားများများ မပြောပါနဲ့။ နှာခေါင်းကနေ လေဝအောင် ရှူပါ။ စကားများများ ပြောရင် နှာခေါင်းစည်းရေငွေ့ရိုက်ပြီး နေရတာ ခက်လာပါလိမ့်မယ်။

  • နှာခေါင်းစည်း တပ်ထားရင် လူစုလူဝေး ရှောင်စရာမလိုဘူး။

နှာခေါင်းစည်း တပ်တယ်ဆိုတာ ကိုဗစ်ကာကွယ်ရေး နည်းလမ်းတွေထဲက တစ်ခုပါ။ ဒါ့ပြင်

-တစ်ယောက်နဲ့ တစ်ယောက် ၆ပေခွာနေတာ

-လူချင်းတွေ့တာကို နည်းနိုင်သမျှ နည်းအောင်လုပ်တာ

-မကြာခဏ လက်ဆေးတာ

-နေလို့မကောင်းရင် အိမ်မှာပဲ နေတာ

ကိုဗစ်လက္ခဏာတွေ ပြလာရင် ဆေးစစ်ပြီး ကုသမှု ခံယူတာ

-ကိုဗစ်လူနာနဲ့ ထိတွေ့မိရင် လက္ခဏာပြပြမပြပြ တစ်ယောက်တည်း ခွဲနေတာ စတာတွေကလည်း ကိုဗစ်ပိုးတွေ ဆက်မပြန့်သွားဖို့ လိုက်နာရမယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

  • လေပေါက်ပါတဲ့ နှာခေါင်းစည်းတွေက ကိုဗစ်ကို ကာကွယ်နိုင်တယ်။

နှာခေါင်းစည်းဘေးမှာ လေပေါက်အဝိုင်းလေးတွေ ပါတာ တွေ့ဖူးမှာပါ။ အဲ့ဒီနှာခေါင်းစည်းတွေကို ကိုဗစ်ကာလမှာ လုံးဝမတပ်ပါနဲ့။ WHO က ဒီနှာခေါင်းစည်းတွေကို မတပ်သင့်ဘူးလို့ အကြံပေးထားပါတယ်။ ဒီနှာခေါင်းစည်းတွေက ဖုန်တွေ၊ အမှုန်တွေကြားမှာ အလုပ်လုပ်တဲ့ လုပ်သားတွေအတွက်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံက အသက်ရှူသွင်းလိုက်ရင် လေပေါက်က အဆို့ရှင်လေးက ပိတ်သွားပါတယ်။ ဒီတော့ ဖုန်တွေ မဝင်တော့ပါဘူး။ ပြန်ရှူထုတ်ရင်တော့ တပ်ထားတဲ့သူဆီက လေတွေ အပေါက်ကနေ တိုးလျိုပေါက် အပြင်ကို ထွက်သွားပါတယ်။

ဒီတော့ တပ်ထားတဲ့ သူမှာ ပိုးရှိနေရင် ရှူထုတ်လိုက်တိုင်း ပိုးတွေ အပြင်ကို ရောက်နေမှာပါ။ အနားမှာ နေတဲ့သူတွေ သတိထားပါ။ ဒါကြောင့် ဒီနှာခေါင်းစည်းက ကိုဗစ်အပါအဝင် တခြားအသက်ရှူလမ်းကြောင်းပိုးတွေကို မပြန့်အောင် ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။

နှာခေါင်းစည်းနဲ့ ပတ်သက်ပြီး အများစုက အလေ့အကျင့်ဖြစ်နေပြီ ဖြစ်ပေမယ့် အလွဲလေးတွေ ရှိနေပါသေးတယ်။ ဒါလေးတွေကို ဆင်ခြင်နိုင်ရင် ခုထက်ပိုပြီး ကူးစက်မှုကို ကာကွယ်နိုင်မှာပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 4 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။