backup og meta

လက်ဆေးကြစို့


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်ဆေးကြစို့

    တစ်ခါတစ်လေမှာ အရိုးရှင်းဆုံးနည်းလမ်းတွေက အထိရောက်ဆုံးနည်းလမ်းတွေဖြစ်နေတတ်ပါတယ်။ လူလူချင်းကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ဖို့အထိရောက်ဆုံးနည်းလမ်းတွေထဲမှာ လက်ဆေးတာလည်း တစ်ချက်အပါအဝင်ပါပဲ။ ဒါ့ကြောင့် ဘယ်အချိန်မှာလက်ဆေးရမယ်၊ လက်ကိုသေချာစင်ကြယ်အောင်ဘယ်လိုဆေးရမယ်ဆိုတာ နည်းနည်းလောက်ပြောပြချင်ပါတယ်။

    လက်ဆိုတာ ခန္ဓာကိုယ်မှာ ပိုးမွှားတွေအများဆုံး အစိတ်အပိုင်းတစ်ခုပါ။ တချိန်လုံး ပစ္စည်းကိရိယာတွေကိုင်တွယ်အသုံးပြုတယ်၊ အစားအသောက်စားရင်လည်း သုံးတယ်၊ ဒီကြားထဲမှာ မျက်နှာ၊ ဆံပင်တွေလည်း ပွတ်သပ်တတ်ပါသေးတယ်။ ဒါကြောင့် ကိုယ့်ရဲ့လက် ၂ ဖက်ကို သန့်သန့်ပြန့်ပြန့်မထားမိရင် ရောဂါပိုးမွှားတွေ ဘယ်လောက်တောင်ဝင်လာနိုင်လဲဆိုတာ စဉ်းစားကြည့်ပါ။ တချိန်လုံးလက်ဆေးနေဖို့လည်း မလိုပေမဲ့ အောက်ပါအခြေအနေတွေမှာတော့ မဖြစ်မနေဆေးကြောသင့်ပါတယ်

    အစားအစာတွေကိုချက်ပြုတ်ဖို့ မကိုင်တွယ်ခင်၊ ချက်ပြုတ်နေစဉ်နဲ့ ချက်ပြုတ်ပြီးချိန်

    – အစာမစားခင်အချိန်

    အော့အန်ဖျားနာနေသူ ဒါမှမဟုတ် ဝမ်းလျှောနေသူလို နေထိုင်မကောင်းသူတစ်ယောက်ယောက်ကို ကိုင်တွယ်မပြုစုခင်နဲ့ ပြုစုပြီးချိန်

    ထိခိုက်ရှနာဒဏ်ရာကို မကိုင်တွယ်ခင်နဲ့ ကိုင်တွယ်ပြီးချိန်

    – အိမ်သာတက်ပြီးချိန်

    – ကလေးသေးခံလဲပေးပြီးချိန် ဒါမှမဟုတ် အိမ်သာတက်တဲ့ကလေးကိုရေဆေးသန့်စင်ပေးပြီးချိန်

    နှာစေး၊ ချောင်းဆိုး၊ နှာချေပြီးချိန်

    – အကောင်တစ်ကောင်ကောင်ကို ထိတွေ့ကိုင်တွယ်ပြီးချိန်၊ အစာကျွေးပြီးချိန်နဲ့ မွေးထားတဲ့တိရစ္ဆာန်တစ်ကောင်ကောင်ရဲ့အညစ်အကြေးကို ရှင်းလင်းပြီးချိန်

    – တိရစ္ဆာန်အစာတွေကိုင်တွယ်ပြီးချိန်

    အမှိုက်သရိုက်တွေ ထိတွေ့ကိုင်တွယ်ပြီးချိန် တွေမှာဆို လက်ကိုဆပ်ပြာနဲ့သေချာဆေးကြောသင့်ပါတယ်။

    လက်ကို နည်းလမ်းမှန်မှန် ဘယ်လိုဆေးမလဲ

    လက်ဆေးတာများဘာခက်လဲလို့ ထင်ကြမှာပေါ့။ ခက်ခဲတဲ့ကိစ္စတစ်ခုမဟုတ်ပေမဲ့ လူတော်တော်များများကတော့ လက်ကိုစနစ်တကျမဆေးကြောဖြစ်ကြပါဘူး။ လက်ဆေးတယ်ဆိုတာ လက်ကိုရေစွတ်ပြီး ဆပ်ပြာနဲ့ ပွတ်လိုက်ရုံမဟုတ်ပါဘူး။ အောက်ပါအဆင့်တွေအတိုင်း လက်ကိုစနစ်တကျဆေးကြောရပါမယ်

    ၁. ရေပိုက်ခေါင်းက ထွက်လာတဲ့စီးဆင်းနေတဲ့ရေနဲ့ လက်ကိုစိုစွတ်အောင်လုပ်လိုက်ပါ၊ ပြီးရင်ရေပိုက်ခေါင်းကိုပိတ်လိုက်ပြီး လက်ကိုဆပ်ပြာတိုက်ပါ

    ၂. လက်ဆေးတဲ့အခါမှာဆပ်ပြာနဲ့လက်ကိုသေချာနှံ့စပ်အောင်ပွတ်တိုက်ဖို့ အရမ်းအရေးကြီးပါတယ်။ လက်ရဲ့ အနောက်ဖက်၊ လက်ချောင်းကြား၊ လက်သည်းတွေကြားကိုပါ ဆပ်ပြာတိုက်ပါ

    ၃. အနည်းဆုံး စက္ကန့် ၂၀ ကြာအောင်ဆပ်ပြာတိုက်ပါ၊ စက္ကန့် ၂၀ ကိုအချိန်မှတ်ရခက်နေရင် “Happy Birthday” သံစဉ်လေး ၂ ကြိမ်လောက်ညည်းလိုက်ပါ၊ အနေတော်ပါပဲ

    ၄. ပြီးရင် ရေပိုက်ခေါင်းကိုပြန်ဖွင့်ပြီး လက်ကိုဆပ်ပြာစင်သွားအောင်သေချာပြန်ဆေးပါ

    ၅. ဆေးပြီးရင် လက်ကို တဘက်သန့်သန့် ဒါမှမဟုတ် တစ်ရှူးနဲ့သုတ်ပါ၊ လေမှုတ်စက်နဲ့ အခြောက်ခံလို့လည်းရပါတယ်

    တကယ်လို့ လက်ဆေးဖို့အတွက် ရေနဲ့ဆပ်ပြာမရှိရင်လည်း လက်သန့်စင်ဆေးရည် (hand sanitizer)  သုံးပြီးလက်ဆေးလို့ရပါတယ်။ အယ်လ်ကိုဟောထည့်သွင်းထုတ်လုပ်ထားတဲ့ လက်သန့်စင်ဆေးရည်တွေကို ရေနဲ့ဆပ်ပြာမရှိရင်အစားထိုးသုံးစွဲနိုင်ပြီး အယ်လ်ကိုဟောအနည်းဆုံး ၆၀% ပါဝင်တဲ့ဆေးရည်ဖြစ်ရပါမယ်။ လက်သန့်စင်ဆေးရည်တွေက လက်ကပိုးမွှားတွေကိုလျှော့ချပေးနိုင်ပေမဲ့ ပိုးမွှားတွေအကုန်လုံးကိုတော့ ဖယ်ရှားမပေးနိုင်ပါဘူး။ နောက်ပြီး လက်ကအရမ်းညစ်ပတ်နေရင်၊ ဒါမှမဟုတ် လက်မှာဓာတုပစ္စည်းတွေပေနေရင်လည်း ဖယ်ရှားပေးနိုင်မှာမဟုတ်ပါဘူး။

    တကယ်တော့ လူလူချင်းကူးစက်ပျံ့နှံ့တဲ့ရောဂါအတော်များများကို ကာကွယ်ဖို့အတွက်အရေးကြီးဆုံးက လက်ကိုမကြာခဏသေချာဆေးကြောပေးဖို့ပါပဲ။ သေသေချာချာဆေးကြောထားတဲ့လက်တွေက ပိုးမွှားတွေတစ်နေရာကနေတစ်နေရာမပျံ့နှံ့အောင် တားဆီးပေးနိုင်ပါတယ်။ လူတစ်ယောက်ခြင်းသာ အပေါ်မှာ ပြောခဲ့တဲ့အဆင့် ၅ ဆင့်အတိုင်းလက်ကိုသေချာဆေးကြောမယ်ဆို လူလူခြင်း ရောဂါပိုးပျံ့နှံ့တာကိုတားဆီးနိုင်မှာဖြစ်သလို အစုအဖွဲ့တစ်ခုစီကနေ ရပ်ကွက်၊ မြို့နယ်တွေအလိုက်ကို ရောဂါမပျံ့နှံ့အောင် တားဆီးပြီးသားဖြစ်သွားမှာပါ။

    ရေးသားသူ – Dr.Htoo Tint

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ ၊ ရောဂါရှာဖွေ အတည်ပြုချက်များ နှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement