backup og meta

တုပ်ကွေးရောဂါ နဲ့ပတ်သက်ပြီး သင်ဘယ်လောက် သိသလဲ။

တုပ်ကွေးရောဂါ နဲ့ပတ်သက်ပြီး သင်ဘယ်လောက် သိသလဲ။

တုပ်ကွေးရောဂါ ဆိုတာ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ရောဂါပါ။ ရာသီတုပ်ကွေးဆို နှစ်တိုင်းကို ဖြစ်ပါတယ်။ ဖြစ်တဲ့အခါမှာ အများစုက မပြင်းထန်ဘဲ အလွယ်တကူပျောက်ကင်းပေမယ့် တချို့သူတွေမှာဆိုရင်တော့ အသက်ဆုံးရှုံးတဲ့အထိ ပြင်းထန်ပါတယ်။ တုပ်ကွေးနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲဆိုတာ မျှဝေပေးပါ့မယ်။

တုပ်ကွေးရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းများ

တုပ်ကွေးက တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံရလို့ ဖြစ်ပါတယ်။ တုပ်ကွေးဗိုင်းရပ်စ် အေ၊ ဘီ၊ စီ၊ ဒီဆိုပြီး ၄မျိုးရှိတဲ့အထဲက အေနဲ့ ဘီအုပ်စုက နှစ်စဉ် ရာသီတုပ်ကွေး ဖြစ်စေတဲ့ အမျိုးအစား ဖြစ်ပါတယ်။

တုပ်ကွေးမှာ ကမ္ဘာ့မြောက်ခြမ်း တုပ်ကွေး (Northern hemisphere flu)နဲ့ ကမ္ဘာ့တောင်ခြမ်း တုပ်ကွေး (Southern hemisphere flu)ဆိုပြီး ရှိပါတယ်။ မြောက်ခြမ်းတုပ်ကွေးက ၁၂လပိုင်းကနေ ၅လပိုင်းမှာ ဖြစ်တတ်ပါတယ်။ ဆောင်းတုပ်ကွေးပေါ့။ တောင်ခြမ်းတုပ်ကွေးကတော့ ၆လပိုင်းကနေ ၁၀လပိုင်းအထိ ဖြစ်တတ်ပါတယ်။ မိုးတုပ်ကွေးပါ။ မြန်မာနိုင်ငံမှာတော့ မိုးတုပ်ကွေးက အဖြစ်များပြီး ပိုလည်း ပြင်းထန်ပါတယ်။

တစ်နှစ်နဲ့ တစ်နှစ် ဖြစ်တဲ့ ပိုးအမျိုးအစား မတူသလို မိုးတုပ်ကွေးနဲ့ ဆောင်းတုပ်ကွေးနဲ့လည်း မတူပါဘူး။ ဒါကြောင့် နှစ်တိုင်းကာကွယ်ဆေး ထိုးရတာပါ။

ကူးစက်တဲ့နည်းကတော့ ပိုးရှိသူက နှာချေ၊ ချောင်းဆိုးလို့ ထွက်လာတဲ့ အမှုန်အမွှားတွေကို ရှူမိရာက၊ အမှုန်အမွှားတွေကို ထိတွေ့မိပြီး နှာခေါင်းတို့၊ ပါးစပ်တို့ကို ထိတွေ့မိရာက ကူးစက်ပါတယ်။ အမှုန်အမွှားတွေက တစ်မီတာ (၃ပေ)လောက်ထိ လွင့်နိုင်တဲ့အတွက် လူနေထူထပ်တဲ့ နေရာတွေ (ဥပမာ ကျောင်းတို့၊ ဘိုးဘွားရိပ်သာ) မှာ တစ်ယောက်ဖြစ်ရင် နောက်ထပ်လူတွေ ကူးစက်ဖို့ အင်မတန်လွယ်ပါတယ်။

တုပ်ကွေးရောဂါ ရဲ့ ရောဂါလက္ခဏာများ

တုပ်ကွေးက သာမန်အအေးမိတာနဲ့ ဆင်တူပေမယ့် အအေးမိတာက ဖြည်းဖြည်းချင်း ဖြစ်ပြီး တုပ်ကွေးက ရုတ်တရက် နေမကောင်းထဖြစ်ပါတယ်။ လက္ခဏာတွေကလည်း ပိုဆိုးပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့

  • ဖျားတာ
  • ကိုယ်လက်ကိုက်တာ
  • ချွေးစေးထွက်တာ
  • ခေါင်းကိုက်တာ
  • ချောင်းခြောက်ဆိုးတာ
  • မောတာ
  • နုံးတာ
  • လည်ပင်းနာတာ
  • မျက်စိနာတာ
  • နှာရည်ယိုတာ
  • လူငယ်နဲ့ ကလေးတွေမှာ ဝမ်းလျှောတာ၊ အန်တာ ဖြစ်တတ်ပါတယ်။

အများစုက တစ်ပတ်လောက်ဆို အဖျားကျပြီး နေကောင်းသွားပါတယ်။ ချောင်းဆိုးတာကတော့ နှစ်ပတ်လောက်ထိ ကျန်တတ်ပါတယ်။

ဘယ်သူတွေ တုပ်ကွေးပိုဖြစ်နိုင်လဲ။

  • အသက် ၆လကနေ ၅နှစ်ကြားကလေးတွေ၊ ၆၅နှစ်အထက် သက်ကြီးရွယ်အိုတွေ
  • လူစုလူဝေးကြားမှာ အလုပ်လုပ်ရတဲ့သူတွေ
  • ခုခံအားမကောင်းတဲ့သူတွေ ( ဥပမာ HIVရောဂါရှိသူတွေ၊ ကျောက်ကပ်အစားထိုးထားတဲ့သူတွေ)
  • နာတာရှည် ရောဂါအခံရှိသူတွေ (ဥပမာ သွေးတိုး၊ ဆီးချို၊ ပန်းနာရင်ကြပ်)
  • ကိုယ်ဝန်ဆောင်တွေ
  • အဝလွန်တဲ့သူတွေက ပိုပြီး သတိထားသင့်ပါတယ်။ ဖြစ်နိုင်ခြေများသလို ပြင်းလည်း ပြင်းထန်ပါတယ်။

တုပ်ကွေးရောဂါရဲ့ နောက်ဆက်တွဲ ပြဿနာတွေက ဘာတွေလဲ။

ငယ်တယ်၊ ကျန်းမာတယ်ဆိုရင်တော့ ဖြစ်ဖြစ် ပျောက်ပျောက်ပါပဲ။ တုပ်ကွေး ကွေးတဲ့အချိန်တော့ နေလို့မကောင်းပေမယ့် တစ်ပတ် နှစ်ပတ်လောက်ဆို သက်သာသွားပါတယ်။ ဒါပေမယ့် ခုနကလို ဖြစ်နိုင်ခြေများတဲ့ အုပ်စုက လူတွေ ဆိုရင်တော့

  • နမိုးနီးယား
  • လေပြွန်ရောင်တာ
  • ပန်းနာရင်ကြပ် ထတာ
  • နှလုံးဖောက်တာ
  • နားပြည်ယိုတာ
  • အသက်ရှူလမ်းကြောင်း ပျက်စီးတာဖြစ်တတ်ပါတယ်။

ဒီထဲမှာ နမိုးနီးယားက အဆိုးဆုံးပါပဲ။ အသက်ကြီးတဲ့သူတွေဆို နောက်ဆက်တွဲ နမိုးနီးယားဝင်ပြီး သေဆုံးတတ်ပါတယ်။

တုပ်ကွေးရောဂါ ဖြစ်မှန်း ဘယ်လိုသိနိုင်လဲ။

တုပ်ကွေးရောဂါကို လူနာခံစားရတဲ့ လက္ခဏာတွေနဲ့ပဲ သတ်မှတ်ပါတယ်။ အထူးသဖြင့် တုပ်ကွေးရာသီဆို ခွဲရပိုလွယ်ပါတယ်။ တိတိကျကျ သိချင်ရင်တော့ နှာခေါင်းတို့၊ အာခေါင်တို့ကနေ တို့ဖတ်လိုမျိုး ယူပြီး Antigenရှာတာ၊ ဗိုင်းရပ်စ်ပိုးမွေးတာ၊ မျိုးဗီဇ RNAကို ရှာဖွေတာ (RT-PCR)နည်းတွေရှိပါတယ်။ ဆေးခန်းမှာ အလွယ်သုံးလို့ရတဲ့ Rapid influenza diagnostic tests (RIDTs)တွေ ရှိပေမယ့် (RT-PCR)လောက် မတိကျပါဘူး။

လက်တွေ့မှာတော့ ရောဂါလက္ခဏာနဲ့ပဲ ဆုံးဖြတ်တာ များပါတယ်။ ဆေးစစ်နည်းတွေ သိပ်သုံးလေ့ မရှိပါဘူး။

တုပ်ကွေးရောဂါကို ဘယ်လိုကုသနိုင်သလဲ။

သာမန်အခြေအနေဆို လက္ခဏာသက်သာရုံပဲ ကုပါတယ်။ ဖျားရင် အဖျားကျဆေး၊ ချောင်းဆိုးရင် ချောင်းဆိုးပျောက်ဆေး စသဖြင့် ပေးပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာမို့လို့ ပိုးသတ်ဆေးတွေ ပေးလို့ မထူးခြားပါဘူး။ နောက်ဆက်တွဲ ဘက်တီးရီးယား နမိုးနီးယားဝင်သွားမှသာ သုံးပါတယ်။

လူနာအနေနဲ့ နာလန်ထမြန်အောင် အာဟာရပြည့်အောင်စား၊ ရေများများသောက်ပြီး၊ အနားကောင်းကောင်းယူရင် လုံလောက်ပါတယ်။

သိပ်ပြင်းထန်လွန်းတဲ့အခြေအနေလည်း ဖြစ်မယ်၊ တုပ်ကွေးဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ ဆေးစစ်ချက်တွေလည်း အတိအကျ ရှိတယ်ဆိုရင်တော့ ဗိုင်းရပ်စ်သတ်ဆေး ပေးပါတယ်။ သာမန်အခြေအနေ၊ မသေချာတဲ့ အခြေအနေမှာတော့ သုံးလေ့မရှိပါဘူး။

တုပ်ကွေးရောဂါကို ဘယ်လို ကာကွယ်နိုင်သလဲ။

တုပ်ကွေးကို ကာကွယ်ဖို့

  • မကြာခဏ လက်ဆေးပါ။
  • မျက်နှာကို လက်နဲ့ သွားသွား မထိပါနဲ့။
  • ချောင်းဆိုး၊ နှာချေတဲ့အခါ သေချာအုပ်ပါ။
  • နေမကောင်းတဲ့ သူနား မကပ်ပါနဲ့။ ကိုယ်နေမကောင်းရင်လည်း အိမ်ထဲမှာပဲ နေပါ။
  • လူစုလူဝေးကို ရှောင်ပါ။
  • နှစ်စဉ် တုပ်ကွေးကာကွယ်ဆေး ထိုးပါ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေ၊ ၆လနဲ့ ၅နှစ်ကြား ကလေးတွေ၊ ၆၅နှစ်အထက် လူကြီးတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ၊ ရောဂါအခံရှိတဲ့သူတွေက ပိုပြီးထိုးထားသင့်ပါတယ်။

Takeaways

တုပ်ကွေးက သိပ်မပြင်းထန်ဘူးဆိုပေမယ့် အန္တရာယ်ရှိတဲ့ လူအုပ်စုကတော့ သတိထားသင့်ပါတယ်။ သာမန်လူတွေမှာလည်း တုပ်ကွေးမိရင် အလုပ်ပျက်၊ ကျောင်းပျက်မို့လို့ မဖြစ်တာအကောင်းဆုံးပါပဲ။ ဒါကြောင့် ရာသီချိန်ရောက်တိုင်း ကာကွယ်ဆေး ထိုးထားပါ။ ရောဂါကာကွယ်ရေး နည်းလမ်းတွေ လိုက်နာပါလို့ အကြံပြုချင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.cdc.gov/flu/about/viruses/types.htm

https://www.mayoclinic.org/diseases-conditions/flu/symptoms-causes/syc-20351719

https://www.who.int/news-room/fact-sheets/detail/influenza-(seasonal)

ယခုပုံစံ

15/11/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုရိုနာ၊ တုပ်ကွေးနဲ့ အအေးမိ ဘယ်လိုခွဲခြားမလဲ။

တုပ်ကွေး ကို ဘယ်လို ကာကွယ်ကြမယ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement