backup og meta

အလုပ်သွားတိုင်း ပန်းနာရင်ကြပ် ဖောက်နေပြီဆိုရင်

အလုပ်သွားတိုင်း ပန်းနာရင်ကြပ် ဖောက်နေပြီဆိုရင်

ပန်းနာရင်ကြပ် အမျိုးအစားတွေထဲမှာ တချို့က ထူးထူးခြားခြား လုပ်ငန်းခွင်က ပစ္စည်းတွေကြောင့် ပန်းနာရင်ကြပ်ထဖောက်တတ်တဲ့သူတွေလည်း ရှိပါတယ်။ ဒါကို occupational asthmaလို့ ခေါ်ပါတယ်။ အလုပ်လုပ်နေသရွေ့ အချိန်မရွေး ပန်းနာရင်ကြပ်ထဖောက်နိုင်တာကြောင့် ဆောင်ရန် ရှောင်ရန်တွေကို သိထားဖို့လိုပါတယ်။

လုပ်ငန်းခွင်ရောက်တိုင်း ဘာကြောင့် ပန်းနာရင်ကြပ် ထဖြစ်တာလဲ။

ဖြစ်နိုင်တဲ့အကြောင်းအရင်း ၃ခုရှိပါတယ်။

  • ဓာတ်မတည့်တာကြောင့် – ဒါကတော့ ဓာတ်မတည့် ပန်းနာရင်ကြပ်အမျိုးအစားထဲကို ပါသွားမှာပါ။ အလုပ်က ပစ္စည်းတွေနဲ့ ကိုယ်နဲ့ ဓာတ်မတည့်လို့ကို ဖြစ်တာပါ။
  • လေပြွန်တွေကို ကသိကအောက်ဖြစ်စေတာကြောင့် – ဥပမာ အမှုန်တွေ၊ မီးခိုးငွေ့တွေကြောင့်
  • ခန္ဓာကိုယ်နဲ့ ဓာတ်ပြုတာ – လုပ်ငန်းခွင်က ပစ္စည်းတွေနဲ့ ခန္ဓာကိုယ်နဲ့ ဓာတ်ပြုပြီး ဟစ်တမင်းလို့ခေါ်တဲ့ ဓာတ်ပစ္စည်းတွေ ထွက်စေလို့ ကြပ်တာပဲ ဖြစ်ပါတယ်။

ဘယ်လိုလူမျိုးတွေမှာ အတွေ့ရများသလဲ။

များသောအားဖြင့်တော့

  • ပေါင်မုန့်ဖုတ်တဲ့သူတွေ
  • ဆေးဝါးစက်ရုံကသူတွေ
  • လယ်သမားတွေ
  • ဓာတ်ခွဲခန်းမှာ အလုပ်လုပ်တဲ့သူတွေ
  • စက်ရုံအလုပ်သမားတွေ
  • သစ်စက်မှာ အလုပ်လုပ်တဲ့သူတွေ စသဖြင့် သူတို့တွေမှာ တွေ့ရတတ်ပါတယ်။

ဘာလက္ခဏာတွေ ခံစားရမှာလဲ။

တခြားပန်းနာရင်ကြပ်ရောဂါတွေလိုပါပဲ။ လေပြွန်တွေ ရောင်ရမ်းပြီး ကျဉ်းလာတဲ့အတွက် အသက်ရှူရခက်လာပါတယ်။ လက္ခဏာတွေကတော့

ဓာတ်မတည့်တာကြောင့်ဆိုရင် သူ့လက္ခဏာတွေဖြစ်တဲ့ အပိန့်ထွက်တာ၊ ယားတာ၊ နှာရည်ယိုတာ စတာတွေပါ ဖြစ်တတ်ပါတယ်။

လုပ်ငန်းခွင်က ပစ္စည်းတွေကြောင့် ဖြစ်မှန်း ဘယ်လိုသိမလဲ။

အဓိကကတော့ လူနာပြောတဲ့ ရောဂါရာဇဝင်က အရေးကြီးဆုံးပါပဲ။ ဒီလိုလူနာတွေကို ကြည့်မယ်ဆိုရင်

  • မတည့်တဲ့ ပစ္စည်းနဲ့ ထိတွေ့ပြီး မကြာဘူး စကြပ်မယ်။ ( တချို့ကျတော့လည်း လက္ခဏာချက်ချင်းမပြဘဲ ၁၂နာရီလောက်ကြာမှ ပြတဲ့သူလည်း ရှိပါတယ်။ သူတို့ဆိုရင်တော့ ရောဂါရှာရ နည်းနည်းခက်ပါတယ်။)
  • အလုပ်ကနေ အိမ်ပြန်သွားရင် သက်သာတယ်။
  • တစ်ပတ်လုံးလုံးထိတွေ့နေတာဆိုတော့ ကြာသပတေး၊ သောကြာလောက်ဆို လက္ခဏာတွေက ပိုဆိုးလာပါပြီ။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်ကျမှပဲ သက်သာသွားပါတယ်။
  • ရုံးပြန်တက်တဲ့နေ့ကျရင် ပြန်ဖြစ်ပါတယ်။

လက္ခဏာတွေက ပန်းနာရင်ကြပ်ထစေတဲ့ ပစ္စည်းကို ဘယ်လောက်ကြာကြာထိတွေ့မိသလဲ၊ ခဏခဏ ထိတွေ့ဖြစ်သလား၊ ဘယ်လောက်များများ ထိတွေ့မိသလဲအပေါ်လည်း မူတည်ပါသေးတယ်။ များများနဲ့ ကြာကြာထိတွေ့မိမယ်ဆိုရင် အိမ်ရောက်တာတောင် လက္ခဏာတွေက မသက်သာသေးပါဘူး။

တချို့ကျတော့လည်း ပန်းနာရင်ကြပ်ထကြပ်တဲ့ ပုံမျိုးမဟုတ်ဘဲ ချောင်းဆိုးတာလောက်နဲ့ပဲ ဖြစ်တဲ့အတွက် ရင်ကြပ်ဖြစ်တယ်လို့တောင် သတိမထားမိပါဘူး။

ဒါကြောင့် ကိုယ်က ပန်းနာရင်ကြပ်ထပြီဆိုရင် ရောဂါအကြောင်းကို အသေးစိတ်ရေးမှတ်ထားပါ။ ဘယ်အချိန်မှာ ကြပ်တာလဲ။ ဘာနဲ့ ထိတွေ့ပြီးရင် ကြပ်တာလဲ။ ဘယ်အချိန်မှာ သက်သာစွားတတ်လဲ။ ဘာလုပ်ရင် ပိုဆိုးသလဲ စသဖြင့် မှတ်ထားသင့်ပါတယ်။ ဒါက ပန်းနာရင်ကြပ် အမျိုးအစားခွဲရာမှာရော၊ ကုသမှုမှာရော အများကြီး အထောက်အကူပြုပါတယ်။

ဘာတွေနဲ့ အတည်ပြုမှာလဲ။

တချို့က အစတည်းက ပန်းနာရင်ကြပ်ရှိမှန်းကို မသိတာပါ။ ဒါကြောင့် ဒီလိုရောဂါရာဇဝင်ပြောလာတဲ့ လူနာတွေကို ပန်းနာရင်ကြပ်လို့ ယူဆပြီး သေချာအောင် စမ်းသပ်ပါတယ်။ ဒါ့ပြင် တခြားစစ်ဆေးမှုတွေ ဖြစ်တဲ့

  • ရင်ဘတ်ဓာတ်မှန်
  • သွေးစစ်တာ
  • အဆုတ်ကောင်းကောင်း အလုပ်လုပ်နိုင်ရဲ့လားဆိုတာကို ဆက်စစ်ပြီး အတည်ပြုပါတယ်။

ဘယ်လိုကုသလို့ရမလဲ။

ပန်းနာရင်ကြပ်တို့ရဲ့ သဘာဝအတိုင်း အမြစ်မပြတ်တာကြောင့် ဆေးတွေနဲ့ ထိန်းပြီး ကုသပေးပါတယ်။ အသုံးများတဲ့ ဆေးတွေကတော့ လေပြွန်ကျယ်ဆေးတွေ၊ စတီးရွိုက်ရှူဆေးတွေပဲ ဖြစ်ပါတယ်။

ဘယ်လိုကာကွယ်ကြမလဲ။

အဓိက အကျဆုံး အချက်ကတော့ ပန်းနာရင်ကြပ်ကြွစေတဲ့ ပစ္စည်းတွေနဲ့ ဝေးဝေးနေတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဘယ်လောက်ပဲ ပန်းနာရင်ကြပ်ဆေးတွေနဲ့ ထိန်းနေပေမယ့် ဖြစ်စေတဲ့ အကြောင်းရင်းကို မရှောင်နိုင်ဘူးဆိုရင် အချည်းနှီးပါပဲ။ ခဏခဏ ပြန်ဖြစ်ပြီး ကြာလာရင် အဆုတ်ပျက်စီးနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်တွေက လုပ်ငန်းခွင်က ပန်းနာရင်ကြပ်ကို ကာကွယ်နိုင်ဖို့ (ခဏခဏ ပြန်မဖြစ်ဖို့)

  • တတ်နိုင်ရင် အလုပ်ပြောင်းခိုင်းပါတယ်။ (ခဏခဏလည်း ပြန်ဖြစ်တယ်၊ မတည့်တဲ့အရာနဲ့လည်း ရှောင်ဖို့ခက်တယ်ဆိုရင် ဒါက စဉ်းစားသင့်တဲ့ အချက်ပါ။)
  • ဒါမှမဟုတ် အလုပ်ထဲမှာလည်း ဌာနပြောင်းတာမျိုး၊ ဓာတ်မတည့်ပစ္စည်းနဲ့ ဝေးဝေးနေတာမျိုး လုပ်လို့ရပါတယ်။
  • ဓာတ်မတည့်တဲ့ပစ္စည်းကို မရှူမိအောင် နှာခေါင်းစည်းတပ်တာမျိုးလည်း ရပါတယ်။

အလုပ်ခွင်မှာ ဖြစ်တတ်တဲ့ ပန်းနာရင်ကြပ်ကို သက်သာဖို့ အကောင်းဆုံးနည်းလမ်းကတော့ မတည့်တဲ့ အရာနဲ့ ဝေးဝေးရှောင်တာပါပဲ။ လူနာအများစုက မတည့်တာနဲ့ ဝေးဝေးနေလိုက်ရုံနဲ့ ပြန်ကောင်းသွားတတ်ကြပါတယ်။ ကြာကြာထိတွေ့ထားတဲ့သူကတော့ အလုပ်နားပြီးတာတောင် လက္ခဏာကျန်နိုင်ပါသေးတယ်။ အများစုကတော့ အလုပ်ပြောင်းလိုက်ရုံနဲ့ သက်သာသွားကြပါတယ်။

ဒါကြောင့် ဘယ်လိုမှ မသက်သာဘဲ တစ်နေ့ တခြား ပိုဆိုးလာတယ်ဆိုရင် အလုပ်ပြောင်းဖို့ စဉ်းစားပါ။ ထိတွေ့မှု ရှိနေသရွေ့ပန်းနာရင်ကြပ်က ထပ်ကြပ်နေဦးမှာပဲဆိုတော့ ဆေးကိုပဲ အားကိုးနေလို့ မဖြစ်ပါဘူး။ အလုပ်မပြောင်းနိုင်ဘူးဆိုရင်တောင် လုပ်ဖော်ကိုင်ဖက်တွေ၊ အလုပ်ရှင်နဲ့ တိုင်ပင်ပြီး ထိတွေ့မှု နည်းအောင် ကြိုးစားသင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://medlineplus.gov/ency/article/000110.htm#:~:text=Occupational%20asthma%20is%20a%20lung,%2C%20chest%20tightness%2C%20and%20coughing.

https://www.mayoclinic.org/diseases-conditions/occupational-asthma/symptoms-causes/syc-20375772

ယခုပုံစံ

16/02/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လူကြီး ပန်းနာရင်ကြပ် အကြောင်း

ဓာတ်မတည့် ပန်းနာရင်ကျပ်



Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement