လူကြီးတွေမှာက အသက်ကြီးလာလေလေ အသက်ရှူလမ်းကြောင်းရဲ့ စွမ်းဆောင်နိုင်စွမ်းက လျော့လာလေလေပါ။ ရင်ခေါင်းမှာ ရှိတဲ့ ကြွက်သားတွေ၊ အရိုးတွေကလည်း ပိုမာလာတာကြောင့် ကလေးဘဝတုန်းကလို ကုသရ မကောင်းတော့ပါဘူး။
ရောဂါကို ဘယ်လိုသတ်မှတ်မလဲ။
အထက်ပါ လက္ခဏာတွေ မကြာခဏ ခံစားနေရပြီဆိုရင် ဆရာဝန်နဲ့ သေသေချာချာ ပြသသင့်ပါတယ်။ ဆရာဝန်က လိုအပ်တဲ့ ရောဂါရာဇဝင်မေးမြန်းမှုတွေ၊ စမ်းသပ်မှုတွေ လုပ်မယ်။ လိုအပ်ရင် ဆေးစစ်ချက်တွေ လုပ်ပါမယ်။ ပြီးမှ ရောဂါသတ်မှတ်ပါတယ်။
ဘယ်လိုကုသမလဲ။
ရောဂါကို မကုသခင် ရောဂါပြင်းထန်မှု အဆင့် သတ်မှတ်ပါတယ်။ ဒါမှ အဆင့်အလိုက် ကုသမှုတွေ သတ်မှတ်လို့ရမှာပါ။
- မပြင်းထန်ဘူး။ ရံဖန်ရံခါမှ လက္ခဏာပြတဲ့ အဆင့်
-နှစ်ပတ်ကို တစ်ခါလောက်ပဲ ကြပ်တယ်။ ညဘက်ထကြပ်တာက တစ်လလုံးမှ နှစ်ကြိမ်တောင် မပြည့်ဘူး။
-အဆုတ်စွမ်းဆောင်ရည်ကလည်း ၈၀ ရာခိုင်နှုန်းအထက်ရှိတယ်။
ဒါဆိုရင်တော့ ဆေးစွဲရှူစရာ မလိုပါဘူး။ ကြပ်လာရင် ရှူဖို့ ဆေးဆောင်ထားရင် ရပါပြီ။
- မပြင်းထန်ပေမယ့် လက္ခဏာပြတာ စိပ်တဲ့ အဆင့်
-တစ်ပတ်ကို ၃ကြိမ်ကနေ ၆ကြိမ်အထိ ကြပ်တယ်။
-ညဘက်ကြပ်လို့ ထရတာ တစ်လကို ၃-၄ခါလောက် ရှိတယ်။
-အဆုတ်စွမ်းဆောင်ရည်ကလည်း ၈၀ ရာခိုင်နှုန်းအထက်ရှိတယ်။
- အတန်အသင့် ပြင်းထန်ပြီး လက္ခဏာပြတာ စိပ်တဲ့အဆင့်
-နေ့တိုင်းနီးပါးလောက်ကြပ်တယ်။
-ညဘက်ကြပ်လို့ ထရတာ တစ်လကို ၅ခါနဲ့အထက်ရှိမယ်။
-ကြပ်လို့ အလုပ်မလုပ်နိုင်တာ တစ်ပတ်ကို နှစ်ခေါက်လောက် ဖြစ်မယ်။
-အဆုတ်စွမ်းဆောင်ရည်ကလည်း ၆၀နဲ့ ၈၀ ရာခိုင်နှုန်းကြား ရှိတယ်။
-ညတိုင်းနီးပါး ထထကြပ်နေမယ်။
-အလုပ်ပျက် အကိုင်ပျက် ဖြစ်လာမယ်။
-အဆုတ်စွမ်းဆောင်ရည်က ၆၀ရာခိုင်နုန်းအောက်ပဲ ရှိတော့တယ်။
ဘာဆေးတွေကို အသုံးပြုသလဲ။
ပန်းနာရင်ကြပ်ဆိုတာ နာတာရှည် ရောဂါဖြစ်ပြီး ထိန်းလို့ပဲရပါတယ်။ အပြီးပျောက်အောင် ကုလို့မရပါဘူး။ ကုသရခြင်းရဲ့ ရည်ရွယ်ချက်ကတော့
- ပုံမှန်အတိုင်း နေနိုင်ဖို့
- နောက်ဆက်တွဲရောဂါတွေ မဖြစ်ဖို့
- နေ့စဉ် အလုပ်တွေ လုပ်နိုင်ဖို့
- အလုပ်ပျက် ကျောင်းပျက် မဖြစ်ဖို့
- ခဏခဏ ဆေးရုံမတက်ရဖို့ပဲ ဖြစ်ပါတယ်။
ရောဂါကုသမှုကတော့ အဆင့်ပေါ်လိုက်ပြီး ဆေးအတိုးအလျော့လုပ်ပြီး ကုသပါတယ်။ အသုံးများတဲ့ ဆေးတွေကတော့ စတီးရွိုက်လို့ခေါ်တဲ့ အရောင်ကျဆေးနဲ့ လေပြွန်ကျယ်ဆေးတွေပဲ ဖြစ်ပါတယ်။ ဆေးရှူရတာ ရှိသလို သောက်ဆေးတွေလည်း ရှိပါတယ်။ ရောဂါလိုအပ်ချက်ပေါ်မူတည်ပြီး ကုသပေးသွားမှာပါ။
လူနာအနေနဲ့ လိုက်နာအနေနဲ့ ဆောင်ရန်ရှောင်ရန်များ
ဆေးတွေပုံမှန်ရှူ၊ သောက်နေတာအပြင် လူနာဘက်ကလည်း ဆောင်ရန်ရှောင်ရန်တွေကို လိုက်နာဖို့လိုပါတယ်။ ဒါမှ ပန်းနာရင်ကြပ်ကို ကောင်းကောင်းထိန်းချုပ်နိုင်ပြီး လိုမှ ဆေးရှူတဲ့အဆင့်အထိ သက်သာသွားမှာပါ။ လိုက်နာရမယ့် အချက်တွေကတော့
- နေ့တိုင်း ရှူရမယ့်၊ သောက်ရမယ့် ဆေးတွေကို ပုံမှန်သောက်ပါ။
- လှုပ်လှုပ်ရှားရှားနေပါ။
- မတည့်တာကို မှတ်ထားပြီး ရှောင်ကြဉ်ပါ။
- အမှုန်အမွားတွေ၊ ဆေးလိပ်ငွေ့တွေ၊ တခြားကိုယ်နဲ့ မတည့်တဲ့ အနံ့အသက်တွေကနေ ဝေးဝေးနေပါ။
- ရောဂါကြွတဲ့ အချိန်တွေကို သေချာ ရေးမှတ်ထားပါ။
- ရက်ချိန်းလည်း မှန်မှန်သွားပါ။
ဒီနည်းလမ်းတွေက ပန်းနာရင်ကြပ်ကုသမှုမှာ အများကြီး အထောက်အကူပြုပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။