နာတာရှည် လေပြွန်ကျဉ်း ရောဂါအတွက် ကုသနည်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date နိုဝင်ဘာ 1, 2020 . 3 mins read
Share now

နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD)မှာ အဆုတ်တွေပျက်စီးလာတဲ့အတွက် ပြန်ကောင်းဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါပေမယ့် ဒီတိုင်းထားရင် အခြေအနေပိုဆိုးလာရုံပဲ ရှိတာကြောင့် တတ်နိုင်သလောက် ကုသမှုတွေ လုပ်ပေးကြပါတယ်။ နာတာရှည် လေပြွန်ကျဉ်းရောဂါကို ကုသရခြင်း ရည်ရွယ်ချက်ကတော့

  • ဒီထက် ပိုဆိုးမလာအောင်ရယ်
  • ခံစားရတဲ့ ဝေဒနာ သက်သာအောင်ရယ်
  • သာမန်လူလို လှုပ်ရှားသွားလာနိုင်ဖို့ရယ်
  • နောက်ဆက်တွဲ ရောဂါတွေ ဝင်မလာဘဲ ကျန်းမာနေစေဖို့ရယ်
  • ရောဂါထမဖောက်ဖို့ရယ်
  • သက်တမ်းစေ့နေနိုင်ဖို့ရယ် ရည်ရွယ်ပါတယ်။

ဒါကြောင့် COPD လူနာတွေကို ကုသပေးရတာပါ။ ဆေးပညာတွေ တိုးတက်လာတာနဲ့အမျှ ဆေးကောင်း ဝါးကောင်းတွေ ပေါ်ထွက်လာတာကြောင့် COPDကို ကုသဖို့ နည်းလမ်းတွေ အများကြီး ရှိနေပါပြီ။

နာတာရှည် လေပြွန်ကျဉ်း ရောဂါအတွက် ကုသနည်းများ

အကြမ်းအားဖြင့်တော့

  • ဆေးဝါးများ
  • အဆုတ်ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်း
  • အောက်ဆီဂျင်ကုထုံး
  • ခွဲစိတ်နည်း ဆိုပြီး ရှိပါတယ်။

ဘာကုသမှုမှ မစခင် အရင်ဆုံး လုပ်ရမယ့် အရာရှိပါတယ်။ ဒါကတော့ ဆေးလိပ်ဖြတ်တာပါ။ ဆေးလိပ်ဆက်သောက်နေမယ်ဆိုရင် ပလိုင်းပေါက်နဲ့ ဖားကောက်နေသလိုပဲ ကုသမှု အရာထင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အရင်ဆုံး မဖြစ်မနေ ဆေးလိပ်ဖြတ်ရပါမယ်။ ဆေးလိပ်ဖြတ်မှ ဆေးဝါးတွေရဲ့ အာနိသင်ကို ကောင်းကောင်း ရမှာပါ။

ဆေးဝါးများ

ဆေးဝါးတွေကတော့ လေပြွန်ကျဉ်းတာ သက်သာဖို့ ရည်ရွယ်ပါတယ်။ ပုံမှန်သောက်ရတာ ရှိသလို၊ လိုမှ သောက်ရတာ ရှိပါတယ်။ သောက်ဆေးအပြင် ရှူဆေးတွေလည်း ရှိပါတယ်။

  • လေပြွန်ကျယ်ဆေးများ

လေပြွန်ကျယ်ဆေးတွေက ရှူဆေးအမျိုးအစားပါ။ ပန်းနာရင်ကြပ်သမားတွေ ရှူတဲ့ ရှူဆေးပုံစံမျိုးပါ။ ဒီဆေးတွေက လေပြွန်ကျဉ်းတာကို သက်သာစေတာကြောင့် ချောင်းဆိုးတာ၊ မောတာ သက်သာပြီး အသက်ရှူလို့ ကောင်းလာပါတယ်။ ရောဂါအခြေအနေပေါ်မူတည်ပြီး ရေတိုခံတဲ့ လေပြွန်ကျယ်ဆေး (ဥပမာ Albuterol)၊ ရေရှည်ခံတဲ့ လေပြွန်ကျယ်ဆေး (ဥပမာ Salmeterol) သုံးရနိုင်ပါတယ်။

  • စတီးရွိုက်ရှူဆေး

စတီးရွိုက်ရှူဆေးတွေက လေပြွန်ရောင်ရမ်းတာကို သက်သာစေပြီး ခဏခဏရောဂါမဖောက်အောင် ကာကွယ်ပေးပါတယ် (ဥပမာ Fluticasone) ။ ရေရှည်စွဲသုံးတဲ့သူတွေမှာတော့ မှက္ခရုတို့၊ အသံအက်တာတို့ ဖြစ်တတ်ပါတယ်။

  • ပေါင်းစပ်ရှူဆေးများ

နောက်ပိုင်း တိုးတက်လာတဲ့အခါကျတော့ ဆေးတွေကို တစ်ခါတည်း ပေါင်းပြီးသားတွေ ရှိလာပါတယ်။ လေပြွန်ကျယ်ဆေးနဲ့ စတီးရွိုက်ပေါင်းထားတာ၊ ရေတိုခံ လေပြွန်ကျယ်ဆေးနဲ့ ရေရှည်ခံ လေပြွန်ခံဆေး ပေါင်းထားတာ စသဖြင့် လူနာအတွက် ပိုအဆင်ပြေလာပါတယ်။

ရောဂါက ထိန်းရခက်တယ်ဆိုရင်တော့ စတီးရွိုက်သောက်ဆေးကို ရက်တို ၄-၅ရက်လောက် ပေးပြီး ကုသပါတယ်။ ရေရှည်ကျတော့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်တဲ့ သွေးတွင်းသကြားဓာတ်တက်တာ၊ မျက်စိတိမ်စွဲတာ၊ အရိုးပါးတာတွေ ဖြစ်တတ်လို့ပါ။

  • အခြားဆေးများ

Phosphodiesterase-4 inhibitors ဆိုတဲ့ ဆေးကတော့ လေပြွန်တွေရောင်ရမ်းတာကို သက်သာစေပြီး လေပြွန်ကျယ်စေပါတယ်။ Theophyllineဆိုတဲ့ ဆေးကတော့ ဆေးလည်းသက်သာပြီး COPDကို ပိုဆိုးမလာအောင် တားဆီးပေးပါတယ်။ ဘေးထွက်ဆိုးကျိုးကတော့ ရင်တုန်တတ်ပါတယ်။

အဆုတ်ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်း

ဒါကတော့ ပြန်လည်သန်စွမ်းရေး ကျွမ်းကျင်ပညာရှင်တွေ၊ အာဟာရဆရာဝန်နဲ့ သူနာပြုတွေပါဝင်တဲ့ အစီအစဉ်လေးတစ်ခုပေါ့။ ဘာတွေသင်ပေးမှာလဲဆိုတော့

-သင့်ရောဂါအခြေအနေနဲ့ လိုက်ဖက်တဲ့ လေ့ကျင့်ခန်းတွေ (ဥပမာ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ) ကို ဘယ်လိုလုပ်ကြမလဲ။

-သင့်ရောဂါအတွက် ဆောင်ရန်၊ ရှောင်ရန်တွေရယ်

-အာဟာရဆိုင်ရာ အကြံပေးချက်တွေရယ်

-စိတ်ပိုင်းဆိုင်ရာ အားပေးတာတွေရယ်ပါဝင်ပါတယ်။

ဒီအစီအစဉ်လေးက ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် လက်တွေ့မှာ လူနာတွေက ကိုယ့်ရောဂါကို ပိုနားလည်ပြီး ဂရုစိုက်တတ်သွားလို့ ခဏခဏရောဂါဖောက်ပြီး ဆေးရုံတက်ရတာ နည်းသွားသလို နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပြန်လုပ်လာနိုင်ပါတယ်တဲ့။

အောက်ဆီဂျင်ကုထုံး

  • အိမ်တွင်းအောက်ဆီဂျင်ကုထုံး (Long term oxygen therapy)

COPDလူနာတွေက သွေးထဲမှာ အောက်ဆီဂျင် နည်းနေတဲ့အတွက် ဆရာဝန်တွေက အိမ်မှာ အောက်ဆီဂျင်ရှူဖို့ အကြံပေးနိုင်ပါတယ်။ အိမ်မှာ အောက်ဆီဂျင်အိုးလေးနဲ့ နှာခေါင်းပိုက် ဒါမှမဟုတ် နှာခေါင်းစည်းနဲ့ ရှူရမှာပါ။

ဒီလိုလေး ရှူနေမှပဲ သွေးထဲမှာ အောက်ဆီဂျင်က အန္တရာယ်ဖြစ်လောက်အောင် နည်းမနေမှာပါ။ COPDလူနာတွေက အောက်ဆီဂျင်ပမာဏ နည်းနည်းနဲ့ အသားကျပြီးသား ဖြစ်တဲ့အတွက် အောက်ဆီဂျင် ပမာဏ အများကြီး ပေးလိုက်လို့ မဖြစ်ပါဘူး။ ကောင်းကျိုးထက် ဆိုးကျိုးပိုများပါတယ်။ ဆရာဝန်ညွှန်ကြားထားသလောက်ပဲ ပေးရပါမယ်။

တစ်နေ့ကို ၁၆နာရီလောက် အနည်းဆုံးရှူရပါတယ်။ အိမ်ထဲမှာဆိုရင်တော့ အိုးနဲ့ သွားလို့ရပေမယ့် အပြင်သွားမယ်ဆိုရင်တော့ သယ်သွားလို့ရတဲ့ အမျိုးအစား Portable ကို သုံးလို့ရပါတယ်။

နောက်ထပ်အရေးကြီးတာက အိမ်မှာ အောက်ဆီဂျင်ရှူမယ်ဆိုရင် ဆေးလိပ်မဖြစ်မနေဖြတ်ရပါမယ်။ မီးလောင်လွယ်လို့ပါ။ ဒါကြောင့် ဆောင်းပါးအစမှာတည်းက ဆေးမကုခင်မှာ ဆေးလိပ်ဖြတ်ဖို့ လိုတယ်လို့ ပြောခဲ့တာပါ။

  • Ambulatory oxygen therapy

ဒါကတော့ လိုမှ ရှူရတာပေါ့။ လှုပ်လှုပ်ရှားရှားလုပ်မယ်၊ အောက်ဆီဂျင်ပိုလိုနိုင်တယ်လို့ ယူဆတဲ့အခါ ရှူနိုင်ပါတယ်။ တချို့လူတွေက ဒီတိုင်းဆို မသိသာပေမယ့် လေ့ကျင့်ခန်း လုပ်တဲ့အခါ သွေးထဲမှာ အောက်ဆီဂျင်ကျလာပါတယ်။ ဒါကြောင့် အိမ်တွင်းအောက်ဆီဂျင်ကုထုံးထက်စာရင် Ambulatory oxygen therapyက ပိုပြီး အဆင်ပြေပါတယ်။

  • အသက်ရှူစက်နဲ့ ရှူတာ Non-invasive ventilation (NIV)

ဒါကတော့ ရောဂါဖောက်လို့ ဆေးရုံတက်ရတဲ့အခါ ရှူရတာမျိုးပါ။ ရိုးရိုး အောက်ဆီဂျင်ရှူတာနဲ့ ဆင်တူပါတယ်။ အသက်ရှူရပိုလွယ်စေပါတယ်။

ခွဲစိတ်နည်း

ခွဲစိတ်နည်းက အဓိကအားဖြင့် ၃နည်းရှိပါတယ်။

  • မကောင်းတဲ့အဆုတ်ကို ဖယ်ထုတ်တာ

အဆုတ်ရဲ့ ပျက်စီးနေတဲ့ အစိတ်အပိုင်းတွေကို ခွဲစိတ်ပြီး ဖယ်ထုတ်လိုက်တဲ့အတွက် တခြားကောင်းတဲ့အစိတ်အပိုင်းတွေအတွက် နေရာပိုရသွားသလို အသက်ရှူတဲ့အခါ ကောင်းကောင်းကျုံ့ဆန့်နိုင်ပါတယ်။

  • ပျက်စီးနေတဲ့ လေအိတ်တွေကို ဖယ်ထုတ်တာ

ပျက်စီးနေတဲ့ လေအိတ်တွေ ပေါင်းသွားတဲ့အခါ လေအိတ်ကြီးဖြစ်သွားပါတယ်။ ဒီလေအိတ်ကို ဖယ်ထုတ်လိုက်ခြင်းကြောင့် အသက်ရှူရပိုကောင်းသွားပါတယ်။

  • အဆုတ်အစားထိုးတာ

ဒါကတော့ ပျက်စီးနေတဲ့ အဆုတ်ကို ဖယ်ထုတ်ပြီး သူများအဆုတ်ကို ပြန်အစားထိုးတာပါ။

အခြားနည်းလမ်းများ

အခြားနည်းလမ်းတွေကတော့ တစ်ခါတလေ ချောင်းဆိုး ချွဲထရင် ချောင်းဆိုးပျောက်ဆေးတို့၊ ချွဲပျော်ဆေးတို့ ပေးတာမျိုး၊ အဆုတ်ပိုးဝင်ပြီး ဖျားတဲ့အခါ ပိုးသတ်ဆေး ပေးတာမျိုးတို့ ရှိပါတယ်။

နာတာရှည် လေပြွန်ကျဉ်း ရောဂါက တစ်ခါတစ်ခါ ထဖောက်တတ်ပါတယ်။ ဒီလိုထဖောက်လာရင်တော့ အိမ်မှာ မနေဘဲ နီးရာဆေးရုံကို သွားပြဖို့ အကြံပေးပါရစေ။ ဒီလိုမှမဟုတ်ရင် အဆုတ်လုံးဝပျက်စီးသွားတဲ့ အခြေအနေကို ရောက်သွားနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အက်စပရင်ကြောင့် ပန်းနာရင်ကြပ် ထတတ်သလား။

အက်စပရင်ကြောင့် ပန်းနာရင်ကြပ် ဖောက်တဲ့သူတွေမှာ နဂိုရင်ကြပ်အခံရှိပါတယ်။ နှာခေါင်းအသားပိုရှိပါတယ်။ အက်စပရင်သောက်လိုက်ရင် ပိုဆိုးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အလုပ်သွားတိုင်း ပန်းနာရင်ကြပ် ဖောက်နေပြီဆိုရင်

လုပ်ငန်းခွင်က ပစ္စည်းတွေကြောင့်လည်း ပန်းနာရင်ကြပ် ဖောက်တတ်ပါတယ်။ ဒါကြောင့် အလုပ်ပြောင်းပါ။ မပြောင်းနိုင်ရင် မတည့်တဲ့ပစ္စည်းနဲ့ ဝေးဝေးနေပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဓာတ်မတည့်တာ မရှိဘဲ ပန်းနာရင်ကြပ် ထဖောက်နိုင်ပါသလား။

ပန်းနာရင်ကြပ်က ဓာတ်မတည့်စေတဲ့ ပစ္စည်းတွေ မရှိပါဘဲနဲ့ ဖြစ်နိုင်ပါတယ်။ ဒါကိုnonallergic asthmaလို့ ခေါ်ပါတယ်။ စိတ်ဖိစီးမှုတွေ၊ရာသီဥတုပြောင်းလဲရင်ဖြစ်တတ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

လူကြီး ပန်းနာရင်ကြပ် အကြောင်း

ပန်းနာရင်ကြပ်က လူကြီးဘဝမျာလည်း ဖြစ်နိုင်ပါတယ်။ အပြီးပျောက်အောင် မကုနိုင်ပေမယ့် ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာရင် ပုံမှန်အတိုင်း နေနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ညဘက် ပန်ကာဖွင့်ပြီး အိပ်မယ်ဆိုရင်

ညဘက် ပန်ကာဖွင့်ပြီး အိပ်မယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
နာတာရှည် လေပြွန်ရောင် ဖြစ်စေတဲ့အကြောင်းရင်းနဲ့ ဖြစ်နိုင်ခြေများတဲ့သူများ

နာတာရှည် လေပြွန်ရောင် ဖြစ်စေတဲ့အကြောင်းရင်းနဲ့ ဖြစ်နိုင်ခြေများတဲ့သူများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 17, 2020 . 2 mins read
ပန်းနာရင်ကြပ် ရောဂါရှိမှန်း ဘယ်လိုသိနိုင်မလဲ။

ပန်းနာရင်ကြပ် ရောဂါရှိမှန်း ဘယ်လိုသိနိုင်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 5, 2020 . 2 mins read
ပန်းနာရင်ကြပ်ရောဂါ ပြင်းထန်မှုအလိုက် လက္ခဏာများ

ပန်းနာရင်ကြပ်ရောဂါ ပြင်းထန်မှုအလိုက် လက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 4, 2020 . 2 mins read