home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကိုယ်ဝန်ဆောင်ဆီးချိုရှိနေတဲ့မေမေ ဘယ်လိုဆင်ခြင်နေထိုင်ရမလဲ

ကိုယ်ဝန်ဆောင်ဆီးချိုရှိနေတဲ့မေမေ ဘယ်လိုဆင်ခြင်နေထိုင်ရမလဲ

မိခင်လောင်းတစ်ယောက်ဖြစ်လာချိန်မှာ ကိုယ့်ရင်သွေးလေးအတွက် အာဟာရဖြစ်အောင်တစ်မျိုး၊ ကလေးထွားဖို့တစ်ဖုံ အမျိုးမျိုးကြိုးစားအားဖြည့်ဖို့ ဆန္ဒရှိကြမှာပါ။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ဆီးချိုဆိုတာကြီးဖြစ်လာခဲ့ရင် သိပ်စိတ်ညစ်ရမှာပဲနော်။ ဘာစားရမလဲ၊ ဘယ်လိုနေရမလဲတွေးကြောက်ရင်း ဟိုရှောင်ဒီရှောင်နဲ့ လိုအပ်တဲ့အာဟာရတွေချို့တဲ့သွားသူတွေရှိသလို မတွေးဘဲ မဆင်မခြင်စားသောက်နေထိုင်သူတွေမှာနောက်ဆက်တွဲပြဿနာတွေဖြစ်လာစေနိုင်ပါတယ်။

အချင်းကနေထွက်လာတဲ့ ဟော်မုန်းတွေက ခန္ဓာကိုယ်ရဲ့အင်ဆူလင်ကို ဆန့်ကျင်တဲ့အခါ ကိုယ်ဝန်ဆောင်ဆီးချိုဆိုတာဖြစ်လာတာပါ။ ကိုယ့်မှာ ဒီဆီးချိုရှိနေတာသိလိုက်ရပြီဆိုတာနဲ့ ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်ပမာဏက မလုံလောက်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

ကိုယ်ဝန်ဆောင်ဆီးချိုရှိနေပြီဆို ဘာတွေဖြစ်လာမှာလဲ

ဒီဆီးချိုကြောင့် ကလေးနဲ့ မေမေကိုအောက်ပါပြဿနာတွေဖြစ်လာစေနိုင်တဲ့အတွက် သွေးတွင်းသကြားအတက်အကျကို ထိန်းညှိဖို့အရေးကြီးပါတယ် –

  • သွေးထဲမှာ သကြားဓာတ်တွေကျန်ရှိနေပြီး ကလေးဆီကို လိုတာထက်ပိုပြီး သကြားဓာတ်တွေပေးမိနေမယ်၊ အဆီအဖြစ်သိုလှောင်ထားလိမ့်မယ်။ ကလေးကို ကြီးထွားမှုလွန်ကဲစေတာ၊ မဖြစ်မနေ ခွဲမွေးရနိုင်တာ၊ မိခင်နဲ့ ကလေးအသက်ဆုံးရှုံးရနိုင်ခြေအနည်းငယ်ရှိတာ စတဲ့ ဆိုးကျိုးရလဒ်တွေရှိပါတယ်။
  • ကိုယ်ဝန်ဆောင်ဆီးချိုနဲ့ မွေးဖွားလာတဲ့ကလေးတွေကို မွေးပြီးနောက်ပိုင်းမှာလည်း စောင့်ကြည့်ဂရုစိုက်ဖို့လိုအပ်ပါတယ်။ သွေးတွင်းသကြားဓာတ်ကျဆင်းမှုကြောင့် ကလေးမှာ တက်တာ လိုမျိုးပြဿနာတွေဖြစ်လာနိုင်တယ်။

ဘယ်လိုထိန်းရမလဲ

ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်တာနဲ့ အငတ်ခံစရာမလိုပါဘူး။ စိတ်ကြိုက်တော့ အဝအပြဲလျှောက်မစားနဲ့ပေါ့နော်။ အရာရာကို စနစ်တကျဆင်ခြင်စားသုံးဖို့ သတိထားမယ်ဆိုရင်ဘေးကင်းတဲ့အာဟာရကို ရနိုင်မှာပါ။ အဓိကအရေးကြီးဆုံး ဒီသုံးချက်ကို မမေ့ပါနဲ့ –

(၁)သွေးချိုပုံမှန်တိုင်းပါ

မနက်ပိုင်း အစားမစားခင်တစ်ကြိမ်၊ ထမင်းစားပြီး ၂နာရီအကြာမှာတစ်ကြိမ်သွေးဖောက်စစ်ဆေးတာတော့ ပုံမှန်ပါ။ လိုအပ်သလို random စစ်လို့တော့ရပါတယ်။

(၂) ကာဗိုဟိုက်ဒရိတ်စားသုံးမှု ကန့်သတ်ပါ

ထမင်း၊ပေါင်မုန့်စတဲ့ ကာဗိုဟိုက်ဒရိတ်တွေကို ပုံစံချ၊ အချိုးချပြီး စားပါ။ ကိုယ်စားမယ့်အစားအသောက်တွေထဲ ပါဝင်မယ့်သကြားဓာတ်ကို တွက်ချက်ပါ။

(၃) ကိုယ်လက်လှုပ်ရှားမှုရှိပါစေ

မပေါ့မပါးနဲ့ဆိုပြီး မလှုပ်ရဲမရှားရဲတွေ မဖြစ်ပါနဲ့။ သင့်တင့်တဲ့ကိုယ်လက်လှုပ်ရှားမှု၊ ဥပမာ လမ်းလျှောက်တာလောက်တော့ လုပ်သင့်ပါတယ်။ လှုပ်ရှားမှုကသာ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ထိန်းညှိနိုင်ဖို့ အမြန်ဆုံးနည်းပါ။ ဥပမာ အသီးလေးအနှံလေးစားလိုက်တယ်၊ အစားများသွားတယ်ဆိုရင် လှုပ်ရှားလိုက်မှ သွေးတွင်းသကြားကကျသွားမှာပါ။ အစာမစားရသေးဘဲတော့ အလွန်အကျွံမလှုပ်ရှားနဲ့ပေါ့။

ဘယ်လိုကုရမလဲ

လိုအပ်တဲ့ကုသမှုကို ဆရာဝန်က ညွှန်ကြားပေးမှာပါ။ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာပြီး အင်ဆူလင်ထိုးဖို့ လိုအပ်ရင်လည်း လိုအပ်နိုင်ပါတယ်။ အင်ဆူလင်ဆေးကြောင့် ကလေးကိုထိခိုက်မှုမရှိစေနိုင်လို့ စိတ်မပူပါနဲ့။

ဆရာဝန်က သောက်ဆေးပေးရင်ပေးနိုင်ပေမယ့် အခြေအနေကိုသုံးသပ်ပြီး လိုအပ်သလို ညွှန်ကြားပါလိမ့်မယ်။ ကိုယ်ကသေချာလိုက်နာပြီး စည်းစနစ်နဲ့နေထိုင်စားသောက်ရင် ကျန်းမာဘေးကင်းစွာနဲ့မွေးဖွားနိုင်မှာပါ။

မွေးပြီးရင်ရော ဆီးချိုရှိနေဦးမှာလား

ကိုယ်ဝန်ဆောင်ဆီးချိုရှိတဲ့မေမေအများစုကတော့ ဘေဘီလေးမွေးပြီးရင် ပုံမှန်ပြန်ဖြစ်သွားကြတာပါပဲ။ ဒါပေမယ့် ကလေးမွေးပြီး ၆ ပတ်ကနေ ၁၂ ပတ်အတွင်း အမျိုးအစား ၂ ဆီးချိုရောဂါရှိမရှိ စစ်ဆေးဖို့ ဆရာဝန်က အကြံပေးပါလိမ့်မယ်။

ဘာ့ကြောင့်လဲဆိုတော့ ကိုယ်ဝန်ဆောင်ဆီးချိုဟာ အမျိုးအစား၂ ဆီးချိုရောဂါဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းအချက်တွေထဲ ပါဝင်နေလို့ပါ။ လူတိုင်းတော့မဟုတ်ပေမယ့်နောက် ၁၀ နှစ်အတွင်းမှာ အမျိုးအစား၂ ဆီးချိုရောဂါဖြစ်လာတဲ့သူတွေ များပါတယ်။

ဒါ့ကြောင့်အကောင်းဆုံးက ကိုယ်အလေးချိန်ထိန်းပါ၊ အစားအသောက်ကို ကျန်းမာရေးနဲ့ညီအောင်စားပါ၊ ပုံမှန်လှုပ်ရှားမှုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 10/09/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။