backup og meta

စူပါမေမေ ဖြစ်ဖို့အဆင့် (၈)ဆင့်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စူပါမေမေ ဖြစ်ဖို့အဆင့် (၈)ဆင့်

    ကမ္ဘာ့ အလုပ်အများဆုံးသူတွေက ဘယ်သူတွေ ဖြစ်မယ်ထင်လဲ ….. မေမေတွေပါပဲ။ ဒီလို ပြောလိုက်လို့ အံ့အားသင့်သွားမလား… တကယ်တော့ မေမေတွေက အားလပ်ချိန်မရှိဘဲ မိသားစုတွေကို ပေးဆပ်တတ်ကြသူတွေပါ။ မေမေတွေဟာ မိုးလင်းကနေ မိုးချုပ် အလုပ်နဲ့ လက်မပြတ်တမ်းလုပ်ကြရပေမယ့် အချို့သော လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းမှ ချီးမွမ်းလေးစားခံရမှု တောင် မရကြပါဘူး။

    ပျမ်းမျှအားဖြင့် ဘယ်သူ တစ်ဦးတစ်ယောက်ကမှ မေမေတစ်ယောက်လောက် အလုပ်မများတာ အမှန်ပါ။ မေမေတစ်ယောက်ဟာ အပြင်အလုပ်မလုပ်ဘူး အိမ်မှုကိစ္စ ကိုပဲ လုပ်တယ်။ အိမ်ထောင်ရှင်မ တာဝန်ကိုပဲ ယူထားတယ်ဆိုရင်တောင် မဆုံးနိုင်တဲ့ အိမ်မှုကိစ္စ၊ သားသမီးတာဝန်၊ လင်သားတာဝန်၊ မိဘတွေကို ပြုစုရတာ၊ စောင့်ထိန်းလိုက်နာရမယ့် ကျင့်ဝတ်တွေကို ပြည့်မီအောင် လုပ်ရတာနဲ့တင် မိုးလင်းကနေ မိုးချုပ် အနားမရကြသူတွေပါ။ မေမေတစ်ယောက်ရဲ့ တာဝန်မှာ ပိတ်ရက်၊ အားလပ်ချိန်ရယ်လို့ မရှိပါဘူး။

    မေမေတွေက စူပါလူသားတွေပါ။

    သာမန်အဆင့်ထက်သာလွန်နေတဲ့ စူပါမေမေဆိုတာက တိုးတက်လာတဲ့ခေတ်ရဲ့ ခေတ်မီလူနေမှုပုံစံကို စွန့်ခွာလို့ ကိုယ်သက်သာဖို့ထက် ကိုယ့်ရင်သွေး၊ ခင်ပွန်းနဲ့ မိသားစုဝင်တွေကို ကျန်းမာပျော်ရွှင်စေဖို့နဲ့ ကိုယ်တိုင်ကျန်းမာဖို့ အချိန်ခါမလပ် အားထုတ် ကြိုးပမ်းနေကြသူတွေပါ။ ကြုံတွေ့လာရတဲ့ စိန်ခေါ်မှုတိုင်းကို တစ်ချက် တွန့်ဆုတ်မနေဘဲ မိသားစုအတွက် အနစ်နာခံ ပေးဆပ်တတ်ကြသူတွေပါ။

    မေမေဆိုတာက သူဆိုတဲ့ ရပ်တည်မှုကို စွန့်ခွာလို့ အတွေးတိုင်းကို မိသားစုအတွက်လို့ တွေးတောရင်း ရှင်သန်တတ်ကြသူတွေပါ။ မေမေတစ်ယောက်က သူ့ရဲ့ရှင်သန်နေချိန်ကာလမှာ သားသမီးရဲ့ လိုအင်က ပထမ၊ လင်သား လိုအင်က ဒုတိယ၊ ကိုယ်တိုင်ရဲ့ လိုအင်က နောက်ဆုံးမှာ ဆိုတာကို အမြဲတွေးတောရှင်သန်နေတတ်သူတွေပါ။ ကမ္ဘာပေါ်မှာ မေမေတွေလောက် စွန့်လွှတ် အနစ်နာခံတတ်သူတွေ မရှိပါဘူး။ ဒါကြောင့်လည်း မေမေတွေက စူပါလူသားတွေ (စံပြပုဂ္ဂိုလ်တွေ) လို့ ပြောရတာပါ။

    စူပါမေမေတစ်ယောက် အမြဲမပြတ် ထမ်းဆောင်နေရတဲ့ တာဝန်တွေက မနည်းလှပါဘူး။

    နေ့စဉ်တိုင်း အမေ့အလျော့ မရှိ လုပ်နေရတဲ့ မေမေတစ်ယောက်ရဲ့ တာဝန်တွေက

    • ကလေးအတွက် အခါမလပ် ဖြည့်ဆည်းစောင့်ရှောက်ပေးမှု။ သားသားမီးမီးတို့ကို ပျော်ရွှင်ဖွယ်ရာ ကလေးဘဝအချိန်လေး ဖန်တီးပေးတယ်။
    • ကလေးရဲ့ စံပြပုဂ္ဂိုလ်ဖြစ်နေစေဖို့ စိတ်နှလုံးကိုရော ဦးနှောက်ကိုပါ အာဟာရဖြည့်ရတယ်။ (စိတ်ထားကောင်းထားရတယ်၊ ဗဟုသုတ ဖြစ်စေမယ့် စာတွေဖတ်ရတယ်)
    • မိသားစု လိုအပ်ချက်တိုင်းကို တစ်ခုမကျန် ဖြည့်ဆည်းပေးနေတတ်တယ်။
    • မိခင် ပီသစေဖို့ လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းနေတယ်။ (အခါမလပ်စောင့်ကြည့်ရင်းပေါ့)
    • ကလေးကို စိတ်ရောကိုယ်ပါ ကျန်းမာတဲ့ ကလေးတစ်ယောက်ဖြစ်စေဖို့ အကောင်းဆုံး ပျိုးထောင်ပေးတယ်။ (စိတ်ထားကောင်းပြီး သဘောထားပြည့်ဝသူလေးအဖြစ် ကြီးပြင်းလာစေဖို့ပေါ့၊)
    • ကလေးကို အာဟာရပြည့်ဝဝစွာ ရရှိစေဖို့ ဂရုတစိုက် ပြင်ဆင်ပေးတယ်။
    • ကလေးရဲ့ ဖခင်အပေါ်မှာလည်း တာဝန် မလစ်ဟင်းစေဖို့ အမြဲ ဂရုစိုက် နေတတ်တယ်။

    စူပါမေမေ ဖြစ်စေဖို့

    ထူးချွန်ထက်မြက်တဲ့ ကလေးတစ်ယောက်ရဲ့ နောက်ကွယ်မှာ စူပါမေမေ ရှိပါတယ်။ ဒီတော့ ကိုယ့်အသက်တမျှ ချစ်ခင်ရတဲ့ သားသားမီးမီးတို့ကို ထူးချွန်ထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးနိုင်မယ့်  စူပါမေမေဖြစ်စေဖို့ အတွက်ဆိုရင်

    (၁) အခြားသူတွေနဲ့ နှိုင်းယှဉ်မှုကို ရပ်ပါ – လူတိုင်းရဲ့ လုပ်နိုင်စွမ်း၊ ကြုံတွေ့ရတဲ့ အခြေအနေတွေက မတူပါဘူး။ ဒီတော့ အခြားသူတွေနဲ့ နှိုင်းယှဉ်တာမျိုး မလုပ်ပါနဲ့။ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာကို အကောင်းဆုံးလုပ်ပါ။ အခြားသူတွေကို မီအောင် ပြေးလိုက်နေရတာက ပင်ပန်းပါတယ်။ ဒါကြောင့် စိတ်ကို သက်သောင့်သက်သာထားလို့ ကိုယ်ဖြတ်သန်းရမယ့် မိခင်ဘဝကို အကောင်းဆုံး ကျော်ဖြတ်ဖို့ပဲ အာရုံစိုက်ပါ။

    (၂) ပြန်လည် သုံးသပ်ပါ – ကိုယ်ပိုင် မှတ်စုစာအုပ် တစ်အုပ်ထားလို့ တစ်ပတ်တာ အလုပ်တွေကို ရေးချပါ။ ဒီအလုပ်တွေထဲမှာမှ ဘာတွေကတော့ အိမ်အလုပ်၊ ဘာတွေက ရုံးအလုပ်၊ ဘာတွေက လူမှုရေးကိစ္စတွေဆိုတာကို သေချာလေး ခွဲခြားမှတ်ပါ။ ဒီထဲကမှ ဘာတွေကို ဆက်လုပ်သင့်တယ်။ ဘာတွေကို ဆက်မလုပ်သင့်ဘူးလဲ ဆိုတာကို သေချာခွဲခြားမှတ်ပါ။ ဒီလိုလုပ်တာက ကိုယ်တိုင်အတွက်ရော မိသားစုအတွက်ပါ အချိန်ပိုလေးတွေ ထွက်လာနိုင်ပါတယ်။

    (၃) လွှတ်ချတတ်ပါစေ – မေမေဆိုတာက တာဝန်တွေများတယ် ဆိုပေမယ့် အားလုံးကို လုပ်ဆောင်နိုင်ဖို့မလွယ်ဘူး။ မေမေဆိုတာကလည်း လူသားတွေထဲက လူသားတစ်ယောက် ဖြစ်တာကြောင့် လုပ်ဆောင်နိုင်တဲ့ အင်အားက အကန့်အသတ်ရှိတယ်ဆိုတာကို လက်ခံ တတ်ဖို့လိုပါမယ်။ တစ်ယောက်တည်းနဲ့ နှစ်နေရာခွဲလုပ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒီလို မဖြစ်နိုင်တဲ့ အခြေအနေတွေကို လက်ခံပြီး လွှတ်ချသင့်တာကို လွှတ်ချရပါမယ်။ မေမေဆိုတဲ့ ခရီးရှည်ကြီးကို လျှောက်ဖို့အတွက် မနိုင်ဝန်ကို မထမ်းဖို့ ပြောပါရစေ။

    (၄) အမှားလုပ်မိနိုင်တယ် ဆိုတာကို လက်ခံတတ်ပါစေ  –  မိဘက သားသမီးတွေရဲ့ စံပြဖြစ်ရမှာဆိုပေမယ့် အမှားလုံးဝမရှိအောင် ဂရုစိုက်ရမယ် မဆိုပါဘူး။ မေမေကလည်း ပြဿနာတွေကို၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းရတဲ့အခါ မှားတဲ့အခါမျိုးလည်း ရှိနိုင်ပါတယ်။ တွေ့ကြုံရတဲ့ အခြေအနေတွေများလာတဲ့အခါ အတွေ့အကြုံတွေများလာပြီး ပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းလာနိုင်မှာပါ။

    (၅) အနားယူပါ – မေမေတွေရဲ့ တာဝန်က ပိတ်ရက်မရှိဘူးဆိုပေမယ့် တစ်သက်တာလုံးမှာ အကောင်းဆုံး ထမ်းဆောင်ရမယ့် မေမေ့တာဝန်ကို ကျေပွန်ဖို့ လိုအပ်တဲ့ ပြည့်ဝတဲ့ အနားယူမှုကို ဖန်တီးပါ။ တစ်ပတ်မှာ တစ်ရက်လောက်တော့ ကောင်းကောင်း အနားယူတာမျိုး လုပ်ပါ။ ဒါမှ ခွန်အားအပြည့်နဲ့ လုပ်ဆောင်ရမယ့် တာဝန်တွေကို အကောင်းဆုံး လုပ်ဆောင်လို့ စူပါ မေမေဖြစ်မှာပါ။

    (၆) စဉ်းစားတွေးခေါ်မှု ပုံစံပြောင်းပါ – တစ်ခါတစ်လေမှာ ကိုယ့်ရဲ့ ရန်သူက ကိုယ်တိုင်ဖြစ်နေနိုင်ပါတယ်။ ဒီလိုဖြစ်ရတာလည်း ကိုယ့်အတွေးကြောင့်ပါ။ သားသားမီးမီးတို့ရဲ့ ဂုဏ်ယူရတဲ့ မေမေဖြစ်ချင်တာကြောင့် သင်ယူမှုတွေ ဆက်လုပ်မယ်၊ လုပ်ငန်းခွင်မှာ တိုးတက်မှုရအောင် ကြိုးစားတဲ့အခါ အချိန်အပိုင်းအခြားတစ်ခုလောက် သားသားမီးမီးတို့ကို မိဘ (ဘိုးဘိုးဘွားဘွားတို့) နဲ့ ထားသွားရတာ၊ ကလေးထိန်းနဲ့ ထားသွားရတာမျိုးရှိနိုင်ပါတယ်။ ဒါတွေကို အပြစ်ရှိတယ်လို့ မယူဆစေချင်ပါဘူး။ သူတို့အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတာလို့ပဲ တွေးစေချင်ပါတယ်။

    ကလေးကို ဒီ နာရီအပိုင်းအခြားမှာ နို့မတိုက်ရလို့ဆိုပြီး အပြစ်ရှိသလို မခံစားပါနဲ့။ မိခင်နို့ရည်ကို ညှစ်ထုတ် သိမ်းဆည်းပေးခဲ့လို့ရသလို ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝစွာ ပါဝင်အောင် စီမံထုတ်လုပ်ထားတဲ့ အာဟာရဖြည့်နို့တွေ တိုက်ပေးလို့ရပါတယ်။

    (၇) လိုအပ်ရင် အကူအညီယူဖို့ ဝန်မလေးပါနဲ့ – မေမေဆိုတာကလည်း အပေါ်မှာ ပြောခဲ့သလို သာမန်လူသားတစ်ဦးပါ။ မွေးဖွားလာကတည်း မေမေတစ်ယောက်ရဲ့ တာဝန်တွေကို မလုပ်တတ်ခဲ့ပါဘူး။ ပြုစုယုယခံ သားသမီးတစ်ယောက်အနေနဲ့ မွေးဖွားလာတာပါ။ ဒါကြောင့် အချို့သော မေမေတာဝန်တွေကို မလုပ်ဆောင်နိုင်တာမျိုး၊ မသိနားမလည်တာမျိုး ရှိနိုင်ပါတယ်။

    ဒီလို အခြေအနေမျိုးမှာ ကိုယ့်ထက် အတွေ့အကြုံရှိသူတွေဖြစ်ကြတဲ့ မိခင်၊ ယောက္ခမ၊ အစ်မတွေဆီကနေ အကူအညီတောင်းရမှာကို ဝန်မလေးပါနဲ့လို့ ပြောပါရစေ။ မတတ်နိုင်တဲ့အရာတွေကို အကူအညီယူဖို့ မတွန့်ဆုတ်နေပါနဲ့။

    (၈) ကလေးကို အချိန်ပေးပါ – ကလေးကို အချိန်ပေးပြီး စကားပြောပေးတာ၊ လိုအပ်တာလေးတွေကို ဂရုစိုက်ပြင်ဆင်ပေးတာ၊ ခံစားချက်တွေကို မျှဝေပေးတာကလည်း စူပါမေမေတိုင်း လုပ်ဆောင်သင့်တဲ့ အလေ့အထကောင်း တစ်ခုပါ။ ဒါမှ မေမေနဲ့ သားသားမီးမီးတို့ကြား ချစ်ခင်မှုတွေ တိုးပွားပြီး ကျန်းမာပျော်ရွှင်တဲ့ မိသားစု ဘဝလေးကို ပျိုးထောင်နိုင်မှာပါ။

    ကိုယ့်ဘဝတိုးတက်ဖို့လည်း ​ကြိုးစားရင်း သားသားမီးမီး  ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့ ပျိုးထောင်တဲ့ တာဝန်ကိုလည်း မလစ်ဟင်းစေတဲ့ စူပါမေမေတွေဖြစ်ကြပါစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement