backup og meta

DHA အကြောင်း သိလိုသမျှ အဖြာဖြာ


Aye Thi Mon မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    DHA အကြောင်း သိလိုသမျှ အဖြာဖြာ

    DHA ဆိုတဲ့စကားလုံးက မေမေတို့နဲ့ ရင်းနှီးပြီးဖြစ်မှာပါ။ အတိုချုပ်ပြောရရင်တော့ DHA ဆိုတာက ဦးနှောက် နဲ့ အမြင်အာရုံဖွံ့ဖြိုးမှုကို ကူညီပေးတဲ့အတွက် ကလေးတွေရဲ့ မှတ်ဉာဏ်နဲ့ အမြင်အာရုံအတွက် မရှိမဖြစ် အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ DHA က အသက်အရွယ်တိုင်းအတွက် အရေးပါပေမယ့် အထူးသဖြင့်တော့ ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ သားသားမီးမီးတို့အတွက် တကယ့်ကို မရှိမဖြစ် အာဟာရဓာတ် တစ်မျိုးပါ။

    ကလေးတွေက မွေးစကနေ ၅ နှစ်တာအတွင်းမှာ ရှိသင့်တဲ့ ဦးနှောက်ပမာဏရဲ့ ၈၀ ရာခိုင်နှုန်းအထိ ဖွံ့ဖြိုးတာပါ။ ကလေးကို ဉာဏ်ရည် ထက်မြက်စေချင်တယ်ဆိုရင် ပထမ ၅ နှစ်တာကာလမှာ ဦးနှောက်ကို မြန်မြန်ဆန်ဆန်နဲ့ အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ နေ့စဉ် စားသုံးမှုမှာ DHA ကို ထည့်သွင်းသင့်ပါတယ်။

    DHA ဆိုတာ ဘာလဲ။

    DHA ကို Docosahexaenoic acid လို့ ခေါ်ကြပြီး omega-3 fatty acid တစ်မျိုးပါ။ omega-3 fat က DHA အပြင် omega-3 fat eicosapentaenoic acid (EPA) ဆိုတာလည်းရှိပါတယ်။ DHA ကို များသောအားဖြင့် ပင်လယ်စာတွေမှာ တွေ့ရများပါတယ်။ ငါးတွေ၊ ကမာ၊ ငါး​ကြီးဆီ နဲ့ ပင်လယ်ရေညှိတွေမှာတွေ့ရများပါတယ်။

    Omega 3 က ခန္ဓာကိုယ်က ဆဲလ်တိုင်းအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ အရေပြားမျက်လုံး နဲ့ ဦးနှောက် ကျန်းမာနေစေဖို့ အတွက်တော့ အဓိကပံ့ပိုးပေးပါတယ်။ အာရုံကြောဆဲလ်တွေ ချိတ်ဆက်မှု ကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။

    ဦးနှောက် ကျန်းမာစေဖို့ အထောက်အကူပြုပေးနေတဲ့ omega-3 fatty acids ရဲ့ ၉၀ ရာခိုင်နှုန်းကျော် နဲ့ ကိုယ်တွင်းက အကျိုးပြု အဆီ ၂၅ ရာခိုင်နှုန်းမှာ DHA ပါဝင်နေပါတယ်။ ဒီလို လိုအပ်ချက် မြင့်ပေမယ့် ခန္ဓာကိုယ်က DHA ကို လုံလုံလောက်လောက် မထုတ်နိုင်တာကြောင့် အစားအသောက်တွေပေါ်မှာ မှီခိုရပါတယ်။

     DHA က သားသားမီးမီးတို့အတွက် မရှိမဖြစ်လို့ ပြောရတဲ့ အကြောင်းအရင်း။

    နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ DHA ပြည့်ဝအောင် ဂရုစိုက်ရပါမယ်။ DHA က သားသားမီးမီးတို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်လို့ ပြောနေရတာက DHA က ကလေးကို

  • သိမြင်မှုစွမ်းရည် ကောင်းမွန်အောင်လုပ်ဆောင်ပေးတယ် ( သင်လွယ်တတ်လွယ်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်)
  • ဦးနှောက် နဲ့ အမြင်အာရုံ ဖွံ့ဖြိုးစေတယ် (မွေးစမှာ အပြည့်အဝ ဖွံ့ဖြိုးမလာသေးတဲ့ ဦးနှောက်နဲ့ အမြင်အာရုံ ဖွံ့ဖြိုးမှု အဆင့်ဆင့်ကို အကောင်းဆုံး ထောက်ပံ့ပေးပါတယ်)
  • ဦးနှောက် နဲ့ အမြင်အာရုံ စွမ်းဆောင်ရည် ကောင်းစေတယ် ( ပထမဆုံး မှတ်ဉာဏ်တည်ဆောက်ဖို့ အားဖြည့်ပေးပြီး အမြင်အာရုံ စူးရှစေတယ်)
  • ဉာဏ်ရည် ထက်မြက်စေတယ် (ဉာဏ်ကောင်းထက်မြက် စေတယ်)
  • သင်ယူနိုင်စွမ်း ကောင်းစေတယ် (ဘာသာစကား၊ စကားလုံး စတာတွေ သင်ယူနိုင်စွမ်းကောင်းစေတယ်)
  • သွေးတွင်းကိုလက်စထရော ကျဆင်းစေတယ် (သွေးတွင်းက အကျိုးမပြုတဲ့ အဆီတွေကို ကျဆင်းစေပြီး သွေးကြောလေးတွေထဲမှာ သွေးစီးဆင်းမှုကောင်းစေတယ်)
  • နှလုံးကျန်းမာစေတယ် (သွေးစီးဆင်းမှု ကောင်းစေပြီး သွေးတွင်းအဆီ မရှိတာကြောင့် နှလုံး ကျန်းမာစေတယ်)
  • ဘာသာစကား စွမ်းရည်ကောင်းစေတယ် ( ဘာသာစကားတွေကို သင်ယူနိုင်စွမ်း ကောင်းစေတယ်)
  • အတွက်အချက်စွမ်းရည် ကောင်းစေတယ် (ကိန်းဂဏန်း တွက်ချက်မှု ကောင်းစေတယ်)
  • အပြုအမူဆောင်ရွက်နိုင်စွမ်း ကောင်းစေတယ် (ဦးနှောက်နဲ့ ခန္ဓာကိုယ် လှုပ်ရှားလုပ်ဆောင်မှု ဟန်ချက်ညီစေတယ်)
  • ကိုယ်ခံအားကောင်းစေတယ် (ကျန်းမာပြီး ရောဂါတွေ ကူးစက်ခံရမှုက ကင်းဝေးလို့ ကျန်းမာပြီး ဉာဏ်ရည် ထက်မြက်တဲ့ ကလေးအဖြစ် ကြီးပြင်းလာစေတယ်)
  • အသက်ရှူစနစ် ကျန်းမာစေတယ် ( အသက်ရှူစနစ်ကို ကျန်းမာစေပြီး အခုလက်ရှိမှာ ဖြစ်ပွားနေတဲ့ ကိုဗစ် အပါအဝင် အသက်ရှူလမ်းကြောင်း ပိုးဝင်ကူးစက်တာတွေကို ခုခံပေးနိုင်တယ်)
  • ပန်းနာရင်ကျပ် ကင်းစေတယ် (ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ပန်းနာရင်ကျပ်မဖြစ်အောင် အကောင်းဆုံး ကာကွယ်ပေးတယ်)
  • စိတ်ခံစားမှု ကောင်းစေတယ် (စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုကင်းပြီး စိတ်ခံစားမှု ကောင်းစေပါတယ်။ တက်ကြွဖျတ်လတ်နေစေပါတယ်)
  • ဒါတွေအပြင် ကလေးကို တစ်နေ့တာမှာ DHA ပမာဏ လုံလောက်အောင် ကျွေးမွေးမယ်ဆိုရင် အာရုံမစူးစိုက်နိုင်တဲ့ ပြဿနာကင်းစေမှာပါ။ အမြင်သင်ယူနိုင်စွမ်း၊ အကြားသင်ယူနိုင်စွမ်း၊ စာဖတ်နိုင်မှုစွမ်းရည်ကို ကောင်းစေနိုင်ပြီး ကာလတိုမှတ်ဉာဏ် ကောင်းမွန်စေဖို့လည်း အထောက်အကူပြုနိုင်ပါသေးတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက DHA ပြည့်ဝအောင် စားသုံးမယ်ဆိုရင် ကလေးက DHA လိုအပ်မှုကြောင့် ခံစားရနိုင်တဲ့ ဦးနှောက်နဲ့ အာရုံကြောပြဿနာတွေ ကင်းစေနိုင်ပါတယ်။ အတက်ကြွလွန်ပြီး အာရုံစူးစိုက်ရခက်တဲ့ (ADHD) လို့ခေါ်တဲ့ ရောဂါလည်း ကင်းစေမှာပါ။ ဒါ့အပြင် လေ့လာမှုတွေအရ ADHD ခံစားနေရတဲ့ ကလေးတွေကို DHA ပမာဏ လုံလောက်ပြည့်ဝစွာ ကျွေးမွေးမယ်ဆိုရင် အာရုံစူးစိုက်နိုင်စွမ်း ကောင်းလာပြီး သင်ယူလေ့လာနိုင်စွမ်း တိုးလာတယ်လို့ တွေ့ရှိရပါတယ်။

    အသက်အရွယ်အလိုက် လိုအပ်မယ့် DHA ပမာဏ

    သားသားမီးမီးတို့ရဲ့ ဦးနှောက် နဲ့ အမြင်အာရုံ ဖွံ့ဖြိုးစေမယ့် DHA က အသက်အရွယ်အလိုက် လိုအပ်တဲ့ပမာဏ ကွာခြားနိုင်ပါတယ်

  • မွေးစ ကနေ ၁ နှစ် အတွင်း တစ်နေ့ကို ၀.၅ ဂရမ်
  • ၁ နှစ် ကနေ ၃ နှစ် အတွင်း တစ်နေ့ကို ၀.၇ ဂရမ်
  • ၄ နှစ် ကနေ ၈ နှစ် အတွင်း တစ်နေ့ကို ၀.၉ ဂရမ်
  • ၉ နှစ် ကနေ ၁၃ နှစ် အတွင်း (မီးမီးတို့ဆိုရင်) တစ်နေ့ကို ၁.၀ ဂရမ်
  • ၉ နှစ် ကနေ ၁၃ နှစ် အတွင်း (သားသားတို့ဆိုရင်) တစ်နေ့ကို ၁.၂ ဂရမ်
  • ၁၄ နှစ်ကနေ ၁၈ နှစ်အတွင်း (မီးမီးတို့ဆိုရင်) တစ်နေ့ကို ၁.၁ ဂရမ်
  • ၁၄ နှစ်ကနေ ၁၈ နှစ်အတွင်း (သားသားတို့ဆိုရင်) တစ်နေ့ကို ၁.၆ ဂရမ် လိုအပ်မှာ ဖြစ်ပါတယ်။
  • DHA ရရှိနိုင်မယ့် အရင်းအမြစ်များ။

    ကလေးတစ်ယောက်ကို ဦးနှောက်နဲ့အမြင်အာရုံ အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ဆိုရင် တစ်နေ့တာမှာ အနည်းဆုံး EPA နဲ့ DHA ပမာဏ ၂၀၀၀ မီလီဂရမ် ပြည့်ဝအောင် ကျွေးမွေးဖို့ လိုပါမယ်။ ဒီပမာဏကို ပြည့်ဝအောင်ဆိုရင်တော့ ကလေးကို

    • ဆယ်လ်မွန်ငါး
    • တူနာငါး
    • ဆာဒင်းငါး
    • မက်ကာရယ်ငါး
    • ကမာ
    • ပုစွန်ဆိတ်
    • သစ်ကြားသီး
    • ရေညှိ
    • အာဟာရဖြည့်နို့
    • နို့
    • ဒိန်ချဉ်
    • ဥအမျိုးမျိုး
    • ထောပတ်သီး စတာတွေထဲက ၂ မျိုး ဒါမှမဟုတ် ၃ မျိုးလောက်ကို နေ့စဉ် စားသုံးမှုမှာ ပါဝင်အောင် ပြင်ဆင်ပေးပါ။

    အမေနို့သောက်တဲ့ကလေးတွေကလည်း အမေနို့ကနေ DHAကို ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ကျွေးရချိန်မှာ မေမေက DHA ပြည့်ဝအောင် စားသုံးမယ်ဆိုရင် အတိုင်းထက်အလွန်ပေါ့။ အစား စစားနိုင်တဲ့အခါ ကလေးရဲ့ နေ့စဉ် အာဟာရမှာ DHA ပြည့်ဝလုံလောက်စွာ ပါဝင်အောင် ပြင်ဆင်ပေးမယ်ဆိုရင် ကလေးက ဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာလန်းဆန်းတဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာမှာပါ။

    ကလေးကို ဉာဏ်ရည်ထက်မြက် ကျန်းမာသွက်လက်စွာ ကြီးပြင်းလာစေချင်တဲ့ မိဘတိုင်းရဲ့ စိတ်ကူးကို DHA နဲ့ လက်တွဲပြီး အကောင်အထည်ဖော်လိုက်ကြစို့လား………..

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement