backup og meta

ထူးချွန်ထက်မြက်တဲ့ ကလေးတစ်ယောက်ရဲ့ ဘဝအစခြေလှမ်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 2 ရက် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ထူးချွန်ထက်မြက်တဲ့ ကလေးတစ်ယောက်ရဲ့ ဘဝအစခြေလှမ်း

    ထူးချွန်ထက်မြက်တဲ့ ကလေးတစ်ယောက်ရဲ့ ဘဝအစခြေလှမ်း က ဘာများ ဖြစ်မလဲ ကြည့်လိုက်ရအောင်နော်။ ပတ်ဝန်းကျင်မှာ အရမ်းဉာဏ်ကောင်းပြီး ထက်ထက်မြက်မြက်ရှိတဲ့ ကလေးတွေကို တွေ့ဖူးကြမှာပါ။ ဒီလိုကလေးတွေရဲ့ ဘဝကို အနီးကပ်လေ့လာကြည့်မယ်ဆိုရင် ပင်ကိုယ်သဘာဝကိုက ကြိုးစားချင်စိတ်ရှိတယ်၊ မိဘတွေကလည်း နောက်ကွယ်ကနေ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုတွေ၊ လိုအပ်တဲ့ ပညာရေးဆိုင်ရာ အထောက်အပံ့တွေ ပေးနိုင်တဲ့အပြင် သားသမီးနဲ့ မိဘကြားမှာ အဆင်ပြေပြေ စကားပြောဆိုဆက်ဆံလို့ရတဲ့ ငြိမ်းချမ်းတဲ့ ဆက်ဆံရေးတစ်ခု ရှိနေတတ်ပါတယ်။ နောက်တစ်ခုကတော့ ကလေးတွေက အသက်အရွယ်အလိုက် လိုအပ်တဲ့ အာဟာရတွေကိုလည်း ပြည့်ပြည့်ဝဝ ရရှိကြတာပါ။

    ကိုယ့်သားသမီးကိုလည်း သူတို့လိုမျိုး ဉာဏ်ရည်ထက်မြက် ပျော်ရွှင်ကျန်းမာစွာနဲ့ ကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ စေတနာ မေတ္တာပါပဲ။ ဒီဆောင်းပါးလေးမှာ ကိုယ့်ကလေးကို ဘယ်လိုထူးချွန်ထက်မြက်အောင် ပုံသွင်းပေးနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိဘတွေ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ပြောပြပေးချင်ပါတယ်။

    ထူးချွန်ထက်မြက်တဲ့ ကလေးတစ်ယောက်ရဲ့ ဘဝအစခြေလှမ်း

    မိဘတိုင်း သိချင်နေတဲ့ ထူးချွန်ထက်မြက်တဲ့ ကလေးတစ်ယောက်ရဲ့ ဘဝအစခြေလှမ်း ကတော့ အခုလို စတင်တာပါတဲ့နော်။

    ၁။ ကိုယ်ဝန်ဆောင်နေစဉ် ကာလသည် ပထမခြေလှမ်းပါ။

    မေမေတွေ ကိုယ်ဝန်ရှိနေတဲ့အချိန် စားလိုက်သမျှ အစားအစာတွေ၊ နေထိုင်စားသောက်မှုပုံစံတွေ၊ ကိုယ့်ကျန်းမာရေးနဲ့ပတ်သက်ပြီး အလေးထားမှု ရှိ၊ မရှိ စတဲ့အချက်တွေက ဗိုက်ထဲမှာ ရှိနေတဲ့ သန္ဓေသားရဲ့ ဦးနှောက်ဉာဏ်ရည်ကို သွားပြီး သက်ရောက်မှု ရှိစေနိုင်ပါတယ်။

    ဒါကြောင့် ကိုယ်ဝန်ဆောင်နေစဉ် ကာလတွင်းမှာ မေမေတွေ အိပ်ချိန်မှန်အောင် ဂရုစိုက်ပါ။ အစာအာဟာရကို စုံလင်စွာ စားပေးပါ။ စားချင်စိတ် မရှိဘူးဆိုရင်တောင် ဗိုက်ထဲက ကလေးရဲ့ ကျန်းမာရေးအတွက်လို့ တွေးပြီး စားပေးပါ။

    ၂။ ကလေး အသက် ၆လမပြည့်မချင်း မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ပါ။

    မိခင်နို့မှာ ကလေးရဲ့ ကျန်းမာရေး၊ ကြီးထွားဖွံ့ဖြိုးခြင်းအပြင် ဦးနှောက်ဉာဏ်ရည်ကို မြှင့်တင်ပေးနိုင်တဲ့ အာဟာရဓာတ်တွေ များစွာ ပါဝင်နေပါတယ်။ ဒါကြောင့် ကိုယ့်ကလေး အသက် ၆လအထိကို မိခင်နို့တစ်မျိုးတည်း ဝဝလင်လင် တိုက်ကျွေးဖို့ လိုအပ်ပါတယ်နော်။

    ကလေး အသက် ၆လ ပြည့်ပြီးတဲ့အခါ မိခင်နို့အပြင် ဖြည့်စွက်စာ၊ DHA၊ သံဓာတ်၊ Dual Fiber နဲ့ ဗီတာမင် သတ္တုဓာတ်တွေလိုမျိုး ကလေးတစ်ယောက်ကို ပြီးပြည့်စုံတဲ့ ဖွံ့ဖြိုးမှု ရစေမယ့် ဖော်မြူလာနို့ကိုပါ ရောတိုက်နိုင်ရင် ပိုကောင်းပါတယ်။

    ၃။ ကလေးကြီးလာတဲ့အခါ အစာအာဟာရကို စုံလင်စွာ ကျွေးပေးပါ။

    ဒီခေတ်မှာ အာဟာရ မပြည့်လို့ ပိန်လွန်း၊ ဝလွန်းနေတဲ့ ကလေးတွေ အရမ်းများလာတာ သတိထားမိမှာပါ။ အဓိကတရားခံကတော့ ကလေးဗိုက်ဝရင်ပြီးရော၊ သူတို့ ကြိုက်တာ စားပါစေဆိုပြီး လွှတ်ပေးလိုက်တာကြောင့်ပါပဲ။ ကြီးထွားဖွံ့ဖြိုးနေဆဲအရွယ်မှာ အာဟာရမဖြစ်တဲ့ အသင့်စား အစားအစာတွေ၊ ဆီကြော်၊ အချိုများတဲ့ မုန့်၊ အအေးဖျော်ရည်တွေပဲ ကျွေးနေရင်တော့ ကလေးရဲ့ ကျန်းမာရေးအပြင် ဦးနှောက်ဉာဏ်ရည်ကိုပါ သွားပြီးထိခိုက်စေနိုင်ပါတယ်။

    ဒါကြောင့် ကလေးရဲ့ နေ့စဉ် အစာအာဟာရ ပြည့်ဝနေစေဖို့ မေမေတို့ကိုယ်တိုင် သေချာချက်ပြုတ်ပြင်ဆင်ပေးပါ။ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး၊ အစေ့အဆန်တွေကို စုံလင်စွာ ကျွေးပေးပါ။ မုန့်ပဲသရေစာ အနေနဲ့ သစ်သီးဝလံတွေကို စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ပြီး ကျွေးပါ။ အိပ်ခါနီး နွားနို့နွေးနွေးလေး တစ်ခွက် ဒါမှမဟုတ် ဖော်မြူလာနို့ တစ်ခွက်တိုက်ပြီးမှ အိပ်ခိုင်းပါ။

    ၄။ ကလေးရဲ့ ဝါသနာကို ပြုစုပျိုးထောင်ပေးပါ။

    လူတချို့ရဲ့ အမြင်မှာ ဝါသနာဆိုတာ အချိန်ကုန် အကျိုးမရှိတဲ့ အလုပ်သက်သက်လို့ ယူဆထားကြတာမျိုးတွေ ရှိပါတယ်။ တကယ်တော့ ဒီလိုဝါသနာက ကလေးအရွယ်မှာသာမက လူကြီးတွေမှာလည်း ရှိနေဖို့လိုပါတယ်။ အထူးသဖြင့် ကလေးတွေ ကိုယ်ဝါသနာပါတာ လုပ်နေရတဲ့အခါ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ဦးနှောက်ဉာဏ်ရည်ကို ထက်အောင် သွေးပေးလိုက်သလို ဖြစ်သွားပါတယ်။

    ဒါကြောင့် ကလေးကို အားလပ်ချိန် တစ်ချိန် သတ်မှတ်ပေးထားပြီးတော့ သူတို့ ဝါသနာပါတဲ့၊ ပျော်ရွှင်စေတဲ့ အရာတွေကို လုပ်ခွင့်ပေးလိုက်ပါ။ မိဘတွေအနေနဲ့ ကိုယ့်ကလေး ဘာကို ဝါသနာပါလဲ ဆိုတာ အမြဲလေ့လာအကဲခတ်နေဖို့ လိုပြီး သူတို့ဝါသနာအတွက် အထောက်အကူဖြစ်စေမယ့်အရာတွေကို ဝယ်ပေးပါ။ ဝါသနာဆိုတဲ့ နေရာမှာ ကလေးရဲ့ပျော်ရွှင်မှုကိုသာ ဦးစားပေးပြီး ရွေးချယ်ခွင့်ပေးပါ။ အဓိကကတော့ ကလေးဘဝကို စာချည်းပဲလုပ်ပြီး ကုန်ဆုံးသွားတာမျိုး မလုပ်ပါနဲ့။

    ၅။ ကလေးကို အိမ်ထဲမှာပဲ လှောင်ပိတ်မထားပါနဲ့။

    ပညာရေးသည် အရေးကြီးတာ မှန်ပေမယ့် ကလေးဆိုတာ အရာရာကို စူးစမ်းလေ့လာချင်စိတ်ရှိတဲ့အရွယ်ကောင်းပါ။ ဒီလိုအရွယ်မှာ အသစ်အဆန်းတွေကို လေ့လာမယ့်အစား ထိုင်ခုံမှာပဲ ငြိမ်ငြိမ်လေး ထိုင်ပြီး စာလုပ်နေတော့ ကိုယ်လက်လှုပ်ရှားမှု မရှိဘူး။ အဲ့ဒီအခါ ကလေးက ဦးနှောက်ကထိုင်းမှိုင်းလာပြီး စာလုပ်ချင်စိတ် နည်းသွားတယ်။ တီထွင်ဖန်တီးနိုင်စွမ်း ကျဆင်းလာတယ်။ ကျန်းမာရေးဘက်ကနေ ကြည့်ရင်လည်း အဝလွန်လာတော့ ကလေးရဲ့ အနာဂတ်မှာ ရောဂါတွေ အလွယ်တကူ ဝင်ရောက်လာနိုင်ပါတယ်။ ဒါကြောင့် ကလေးရဲ့ တစ်နေ့တာအတွက် စာလုပ်ချိန်တန် စာလုပ်၊ ကစားချိန်တန် ကစား၊ စားချိန်တန် စား အချိန်ဇယားတစ်ခု သတ်မှတ်ထားပေးဖို့ လိုပါတယ်။

    ၆။ ကလေးရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ။

    ကလေးဆိုတာ ကိုယ်ခံအား နည်းတဲ့အတွက် လူကြီးတွေထက်ပိုပြီး ဖျားနာလွယ်ပါတယ်။ ဒါကြောင့် မေမေတွေအနေနဲ့ ကလေးအလွယ်တကူ နေမကောင်း မဖြစ်စေဖို့ အိပ်ချိန်ကို တစ်နေ့ ၈နာရီအနည်းဆုံးရအောင် အိပ်စက်အနားယူခိုင်းပါ။ ညနောက်ကျမှ အိပ်တာမျိုး လုံးဝပေးမလုပ်ပါနဲ့။ အစာအာဟာရကို မျှတစွာ ကျွေးဖို့၊ ကိုယ်လက်လှုပ်ရှားမှု ရှိဖို့ ဂရုစိုက်ပါ။ ကလေးတွေကိုလည်း တစ်နှစ်တစ်ကြိမ် ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ပေးပါ။ အာဟာရ မပြည့်ဘူးလို့ သံသယရှိရင် ကလေးအထူးကု ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး လိုအပ်တဲ့အာဟာရပေါ် မူတည်ပြီး လိုအပ်မယ် ဆိုရင် အားဆေးတွေကို တိုက်ပေးလို့ ရပါတယ်။

    ကလေးထူးချွန်ထက်မြက်ဖို့ဆိုတာ ပညာရေးတစ်ခုတည်းသာမက သူတို့တွေရဲ့ ကျန်းမာရေး၊ အစာအာဟာရ၊ ဝါသနာ၊ အမူအကျင့်၊ ပျော်ရွှင်မှုစတာတွေနဲ့လည်း သက်ဆိုင်တယ်ဆိုတာ မေ့ထားလို့မဖြစ်ပါဘူး။ ဒါကြောင့် ကိုယ့်ကလေးကို ပြီးပြည်စုံတဲ့ ဖွံ့ဖြိုးမှု ရစေဖို့ ခုပြောပြပေးသွားတဲ့အချက်တွေကို မေမေတို့အနေနဲ့ သေချာလိုက်နာပေးဖို့ အကြံပေးလိုက်ချင်ပါတယ်နော်။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 2 ရက် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement