home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာစေဖို့

ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာစေဖို့

မိဘဆိုတာ ကိုယ်ချစ်တဲ့သားသမီးတိုင်းရဲ့ အနာဂတ်အတွက်ကို အမြဲတမ်း အကောင်းဆုံးပဲ ဖန်တီးပေးချင်ကြတာပါပဲ။ ကလေးကျန်းမာနေရင်လည်း ပျော်ရတယ်။ ကလေးပျော်ရွှင်နေပြီဆိုရင်လည်း မိဘတွေရဲ့ ရွှေရင်ကို အေးစေတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ကိုယ်က အကောင်းဆုံးကို ပေးစွမ်းချင်ပါစေ၊ ကလေးတစ်ယောက်ကို ပြုစုပေးတဲ့နေရာမှာ မိဘတွေအနေနဲ့ အခက်အခဲကတော့ တစ်ခုမဟုတ် တစ်ခု ကြုံရတတ်ပါတယ်။ ကလေးနဲ့ အမြဲထိတွေ့နေရတဲ့ မေမေတွေအတွက်ရော၊ အိမ်ထောင်ရေး၊ မိသားစုဘဝ တည်ငြိမ်ဖို့ ကြိုးပမ်းနေရတဲ့ ဖေဖေတွေအတွက်ပါ ကြုံလာရနိုင်တဲ့ အခက်အခဲပြဿနာတွေကို အနည်းငယ် ပြေလျော့သွားစေဖို့ ဒီဆောင်းပါးက ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ကလေးတွေ ကျန်းမာဖို့၊ ပျော်ရွှင်ဖို့ ဘာတွေလုပ်ပေးရမလဲ။

ဒီခေါင်းစဉ်ကို ဖြေပေးဖို့ ကျန်းမာခြင်းနဲ့ ပျော်ရွှင်ခြင်းဆိုပြီး ၂ပိုင်းခွဲ ပြောပြပေးချင်ပါတယ်။ ကလေးတွေဆိုတာ ကျန်းမာနေလို့ပဲ မပြီးပါဘူး။ ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းလာမှသာ သူတို့တွေရဲ့ အနာဂတ်ဟာ အဆင်ပြေဖို့ အလားအလာ ပိုများနိုင်တယ်ဆိုတာ အမြဲသတိရနေပေးပါ။

ကလေး ကျန်းမာစေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

၁။ ကလေးကို အစာအာဟာရ ပြည့်ဝစုံလင်စွာ ကျွေးရပါမယ်။ ဒီလိုကျွေးတဲ့အခါမှာ အသား၊ ငါး၊ ပဲ၊ ဥ၊ နွားနို့၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အစေ့အဆန်၊ စတဲ့အစားအစာတွေကို မရိုးရလေအောင် နေ့စဉ် အစုံအလင် ကျွေးပေးရပါမယ်။ ဟင်းချက်မယ့်မေမေတွေ တစ်ပတ်စာ ဘာချက်ရမလဲဆိုတာကို ကြိုတင်စီစဉ်ထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

၂။ လမ်းဘေးစာ၊ အချိုများတဲ့ မုန့်၊ ဆီကြော်၊ ကော်ဖီ၊ အချိုရည်တွေ၊ အသင့်စား အစားအစာတွေကို လုံးဝမကျွေးမိအောင် သတိထားပါ။ မေမေတွေအနေနဲ့ အိမ်မှာကိုယ်တိုင် ပူပူနွေးနွေးချက်ပြုတ်ထားတဲ့ ထမင်းဟင်းတွေကိုသာ အဓိကကျွေးပေးပါ။

၃။ ကလေးကို အိမ်မှာပဲ ငြိမ်ငြိမ်လေးနေပြီး စာလုပ်ခိုင်းတာ၊ တီဗွီကြည့်ခိုင်းတာမျိုးမလုပ်ပါနဲ့။ အချိန်အပိုင်းအခြားနဲ့ အပြင်ထွက်ပြီး ပေးကစားပါ။ ကလေးအရွယ်ဆိုတာ ဒီလိုပြေးလွှားဆော့ကစားလှုပ်ရှားပေးနေမှပဲ ခန္ဓာကိုယ်က ကောင်းကောင်းကြီးထွားနိုင်မှာပါ။ ကလေးကိုယ်တိုင်က အိမ်မှာပဲ ငြိမ်ငြိမ်လေးနေတတ်တယ်ဆိုရင်လည်း မိဘတွေအနေနဲ့ အပြင်ထွက်ဖို့ တိုက်တွန်းပေးပါ။

၄။ အိပ်ချိန်ကို မှန်အောင်ဂရုစိုက်ပါ။ အရင်တုန်းကဆိုရင် ည ၈နာရီ ၉နာရီလောက်ဆိုတာနဲ့ အကုန်လုံး တီဗွီပိတ်၊ ကိုယ်လက်မျက်နှာဆေးကြောပြီး အိပ်ရာတန်းဝင်ကြပေမယ့် ဒီဘက်ခေတ်မှာတော့ ကလေးရော လူကြီးတွေပါ အိပ်ချိန်နောက်ကျလာတာကို တွေ့နေရပါတယ်။ အဲ့ဒီလိုမလုပ်ပါနဲ့။ ကလေးရဲ့ ကျန်းမာရေးအတွက်ရော၊ နောက်တစ်နေ့ ခွန်အားတက်ကြွနေစေဖို့ အိပ်ချိန်အလုံအလောက်ရဖို့ လိုအပ်ပါတယ်။

ကလေးအရွယ်တွေမှာ တစ်နေ့ကို ညအိပ်ချိန် အနည်းဆုံး ၈နာရီလောက် ရှိနေဖို့ လိုအပ်ပါတယ်။ နောက်တစ်ချက်က မိဘတွေ စာအကြောင်းပြပြီး ကလေးကို နောက်ကျမှ အိပ်ခိုင်းတာမျိုး၊ စာမရမချင်း မအိပ်ရဘူးဆိုတာမျိုး မလုပ်ပါနဲ့။ စာကမရရင် နောက်နေ့ ကျက်လို့ရပါတယ်။ အိပ်ချိန်လျော့သွားရင် ကိုယ့်ကလေးကျန်းမာရေး ထိခိုက်မယ်ဆိုတာကို သတိရပါ။

၅။ ကလေးစိတ်ဝင်စားတဲ့ အားကစားတွေ ရှိလားဆိုတာ အမြဲဆန်းစစ်ပါ။ အားကစားတစ်မျိုးကို စွဲမြဲကစားပေးခြင်းက ကလေးရဲ့ ရုပ်ခန္ဓာအတွက်သာမက စိတ်ပျော်ရွှင်စေဖို့၊ ပေါင်းသင်းဆက်ဆံလိုစိတ်၊ အောင်မြင်လိုစိတ်၊ အသင်းအဖွဲ့စိတ်ဓာတ်တွေကို မွေးထုတ်ပေးနိုင်ပါတယ်။

ကလေး စိတ်ပျော်ရွှင်စေဖို့ လုပ်ပေးသင့်တာတွေ

၁။ ကလေးကြီးပြင်းရမယ့် ပတ်ဝန်းကျင်ဟာ မေတ္တာ၊ အကြင်နာ၊ ဂရုဏာတွေနဲ့ ပြည့်နေဖို့ အရေးကြီးပါတယ်။ မေမေရော၊ ဖေဖေရော ကိုယ့်ရဲ့ အလုပ်တာဝန်တွေ ပိနေလို့ဆိုပြီး ကိုယ့်ကလေးကို ဂရုမစိုက်သလိုဖြစ်တာ၊ ပစ်ထားတာမျိုးတွေ သိပ်မလုပ်ပါနဲ့။

၂။ လူတိုင်းအမှားလုပ်မိနိုင်ပါတယ်။ ကလေးတွေလည်း ထိုနည်းတူပါပဲ။ သူတို့တွေ လုပ်မိလိုက်တဲ့အမှားကို ဒေါက်ထောက်ကြည့်ပြီး အပြစ်တင်ဝေဖန်တာ၊ ရိုက်နှက်တာမျိုး လုံးဝမလုပ်ပါနဲ့။ ကလေးတွေ အမှားလုပ်မိရင် သူတို့ဘာအမှားလုပ်မိလဲ အရင်မေးပါ။ ပြီးရင် ဒီအမှားကို ပြင်ဆင်ဖို့ ဘာလုပ်ရမလဲ၊ ဘယ်လိုတာဝန်ယူရမလဲဆိုတာ မေးပါ၊ မသိရင် ထောက်ပြပေးပါ၊ ရှင်းပြပေးပါ။

၃။ ကလေးစိတ်တိုင်းကျ လုပ်ချင်တိုင်းလုပ်ခွင့်ပေးတာထက် သူတို့လုပ်ချင်တဲ့အရာတစ်ခုကို မိဘတွေဆီ အရင်တိုင်ပင်ဖို့ မှာထားပါ။ ဒီအရာက ကလေးအတွက် ဘာအကျိုးရှိမလဲ၊ အကျိုးမရှိရင်ရော ဆိုးကျိုးဖြစ်စေနိုင်လား၊ ကလေးပျော်ရွှင်စေမယ့် အရာလားဆိုတာ သေချာစဉ်းစားပြီး ခွင့်ပြုသင့်တာ ခွင့်ပြုပါ။

၄။ ကလေးကို မိဘကြိုးဆွဲရာ ရုပ်သေးရုပ်ဘဝရောက်အောင် မတွန်းပို့ပါနဲ့။ အရာရာကို ကိုယ်က မိဘ၊ ကိုယ်ဆုံးဖြတ်ချက်သာ မှန်တယ်ဆိုတဲ့ အတွေးတွေ ဝင်အောင်မလုပ်ပါနဲ့။ ဒါဟာ ကလေးရဲ့ အနာဂတ်ကို မိဘတွေလက်ဖြင့် ကိုယ်တိုင်ဖျက်ဆီးလိုက်တာနဲ့ အတူတူပါပဲ။ ဒီအစား သူတို့လုပ်ချင်တဲ့အရာအတွက် ဖြစ်လာမယ့်အကျိုးဆက်တိုင်းကို တာဝန်ခံရဲတဲ့ သတ္တိမွေးပေးပါ။

၅။ ကလေးရဲ့ ကြိုးစားပေးမှုတိုင်းကို မိဘတွေက ပံ့ပိုးပေးပါ။ ချီးမွမ်းစကားဆိုပါ။ ဥပမာပြောရရင် ကလေးက ဒီလ စာမေးပွဲမှာ ပုံမှန်ထက် အဆင့်နည်းသွားတယ်ဆိုကြပါစို့၊ ဒီလိုအခြေအနေမျိုးမှာ ကလေးကို အပြစ်တင်မယ့်အစား ဒီတစ်ခေါက်အတွက် ကြိုးစားခဲ့တာ နားလည်ပေးတယ်၊ နောက်တစ်ခေါက်မှာ ဒီထက်ပိုကောင်းတဲ့ ရလဒ်မျိုးရအောင် ကြိုးစားနိုင်မယ်လို့ ယုံကြည်တယ်ဆိုတာမျိုး ပြောပေးပါ။

၆။ ကလေးမှားရင် ကိုယ်တိုင်ပြုပြင်လိုက်တာမျိုးထက် သူတို့အမှားကို သူတို့ကိုယ်တိုင် သင်ခန်းစာယူပြီး ပြင်ဆင်တတ်အောင် ကြိုးစားခိုင်းပါ။

၇။ ကလေးတွေကို ရှေ့ကနေ ကိုယ့်လမ်းကို ဖောက်ပါစေ၊ မိဘတွေရဲ့ အဓိကတာဝန်က သူတို့တွေရဲ့ အနောက်မှာ မားမားမတ်မတ်ရပ်တည်ပေးဖို့နဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေ၊ ပံ့ပိုးမှုတွေ ပေးဖို့ဆိုတာ ဘယ်တော့မှ မမေ့လိုက်ပါနဲ့။

၈။ တစ်ခုခုဆိုရင် ကလေးကို မအော်လိုက်ပါနဲ့။ မိဘတွေကိုယ်တိုင်လည်း ကလေးရှေ့မှာ အော်ဟစ်ဆဲဆိုတာ၊ ရန်ဖြစ်တာ၊ ပစ္စည်းတွေ ပေါက်ခွဲတာမျိုး၊ တခြားမိသားစုဝင်တွေကို ကိုယ့်ဒေါသအပူမီးတွေ ကူးအောင် ရန်ရှာတာမျိုး လုံးဝမလုပ်ပြပါနဲ့။

ဒီအချက်တွေကို မိဘတိုင်း သေချာလိုက်နာမယ်ဆိုရင် ကိုယ့်ကလေး ကျန်းမာပျော်ရွှင်ပြီး အနာဂတ်လှပစေဖို့ သေချာသလောက် ဖြစ်နေပါပြီ။ မိဘနေရာဆိုတာ ထင်ထားတာထက်ကို ပိုပြီး ခက်နိုင်ပါတယ်။ ဒါပေမယ့် စိတ်ပျက်အားမလျှော့လိုက်ပါနဲ့။ ဘယ်လိုအခြေအနေမျိုးမှာမဆို နောက်မကျခင် ကြိုတင်ပြင်ဆင်ထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ တစ်ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။