ကိုယ်နေဟန်ထား မမှန်တာက ကျောရိုးနဲ့ ကြွက်သား နာကျင်တာလိုမျိုး ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပဲ ထိခိုက်စေနိုင်တယ်လို့ တော်တော်များများက ယူဆနေကြပါတယ်။ တကယ်ကတော့ မဟုတ်ပါဘူး။ ကိုယ်နေဟန်ထား မမှန်တာက စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
လေ့လာမှုတွေအရ ထိုင်တဲ့အခါ မတ်မတ်လေး ထိုင်တာက စိတ်ဓာတ်ကျမှု ကင်းဝေးစေတယ်လို့ ဆိုပါတယ်။ ပုံစံမှန်မှန် ထိုင်တာက အကောင်းမြင်စိတ် တိုးစေပြီး စိတ်ဓာတ်ကျမှု ကင်းစေနိုင်ပါတယ်။
စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အတွက် ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လေး လုပ်ပေးဖို့ လိုပါမယ်။ တစ်နေ့တာမှာ ကိုယ်လက်လှုပ်ရှားမှုကို များများ မလုပ်ဖြစ်ရင်တောင် လမ်းလျှောက်တာ၊ ခပ်ရွရွလေး ပြေးတာမျိုးကလည်း စိတ်ကျန်းမာရေးကို ကောင်းစေနိုင်ပါတယ်။
နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက စိတ်ကျန်းမာစေနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေ ထွက်ရှိစေပြီး စိတ်ခံစားမှု ကောင်းစေပါတယ်။ ဒါကြောင့် တစ်နေ့ကို ၁၅ မိနစ်လောက်တော့ လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးပါ။
ဖုန်းတွေ ပေါပေါများများ ပေါ်လာပြီးတဲ့နောက်မှာ လူတော်တော်များများက သူတို့ရဲ့ အချိန်တွေကို Social Media သုံးရင်း ကုန်ဆုံး ကြပါတယ်။ ဒီလို ဖေ့ဘုတ်ခ် အသုံးများတာ၊ social media အသုံးများတာက စိုးရိမ်စိတ် များစေသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကျစေပြီး မနာလိုစိတ် များစေပါတယ်။ ဒါ့အပြင် အထီးကျန်တယ်လို့ ခံစားရစေနိုင်ပါတယ်။
ဒီလိုကနေတဆင့် စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ကျန်းမာစေဖို့ဆိုရင် Social Mediaအလွန်အကျွံ မသုံးပါနဲ့။
Social Media အသုံးများတာတင် မဟုတ်ပါဘူး။ Smartphone အသုံးများတာကလည်း social media အသုံးများတာလိုပဲ စိတ်ဖိစီးမှု များတာ၊ စိတ်ဓာတ်ကျတာကို ခံစားရစေပြီး အထီးကျန်စေနိုင်ပါတယ်။ ဖုန်းတွေကို တစ်ချိန်လုံး သုံးစွဲနေတာက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
ကွတ်ကီးတို့၊ အာလူးကြော်တို့လိုမျိုး Junk Food တွေက စားရတာ အရသာရှိပေမယ့် သကြားပါဝင်မှု များသလို အဆီနဲ့ အငန်လည်း ကဲပါတယ်။ အကြိမ်ကြိမ် ပြုပြင်ထားတာကြောင့် ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။
Junk Food အစားများတာက နှလုံးထိခိုက်တာ၊ သွေးတွင်းအဆီများတာလိုမျိုး ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်မှု အနေနဲ့ စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ် များတာတွေ ခံစားရစေနိုင်ပါတယ်။
ဒါကြောင့် စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ဆိုရင် Junk Food လျှော့စားပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။