ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်အနေနဲ့ ဒါတွေသိထားသင့်တယ်နော်

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဒီအရွယ် ကလေးမဟုတ်တော့ဘူးလို့ လူတွေကပြောကြတယ်။ လူကြီးဖြစ်ပြီလားဆိုတော့လည်း အရွယ်မရောက်သေးဘူးတဲ့။ ဖွံ့ဖြိုးမှုက ကလေးတဝက် လူကြီးတဝက်အဆင့်မှာပဲရှိသေးတဲ့ မြီးကောင်ပေါက်အရွယ်တဲ့လေ။ ဟုတ်ပါတယ်၊ သမီးတို့ကလည်း ကလေးလိုမနေတော့သလို ခန္ဓါကိုယ် ရောစိတ်ကပါ သဘာဝအလျောက် လူကြီးဖြစ်လာဖို့ ပြင်ဆင်နေပါပြီ။ ခန္ဓါကိုယ်မှာ ဖွံ့ဖြိုးပြောင်းလဲတာတွေ စပြီးဖြစ်လာတဲ့အပြင် စိတ်ကလေးတွေလည်း ပြောင်းလဲလာပါပြီ။ ဒီအချိန်မှာ အရေးကြီးတာက ဆယ်ကျော်သက်အရွယ်ရဲ့ သဘာဝဖြစ်တဲ့ အပြောင်းအလဲတွေကို စိတ်ညစ်မနေဖို့၊ ကျင့်သားရအောင် နေတတ်ထိုင်တတ်ဖို့၊ ဒီအပြောင်းအလဲတွေက ကိုယ့်အတွက်ဘယ်လိုကောင်းကျိုးရှိတာလဲဆိုတာ သိထားဖို့၊ အခက်အခဲတွေရှိရင် ကျော်လွှားနိုင်ဖို့ပါပဲ။

မကြာခင်မှာ ကျန်းမာလှပတဲ့ အရောင်အသွေးစုံလိပ်ပြာလေးတွေဖြစ်လာတော့မယ့် ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်အတွက် အကျိုးရှိစေမယ့် အရေးကြီးတဲ့ ဒီငါးချက်ကို သိထားသင့်ပါတယ်။

(၁) ရာသီလာတာ စိတ်ညစ်စရာမဟုတ်ဘူး

လွတ်လပ်ပေါ့ပါးစွာနဲ့ပျော်ရွှင်နေခဲ့တဲ့ ကလေးတစ်ယောက်က ရုတ်တရက် ကြုံလာရတဲ့ မိန်းကလေးဓမ္မတာကြောင့် ကန့်သတ်ချက်တွေရှိလာသလို ခံစားလိုက်ရနိုင်တယ်။ အိမ်ကလည်း ပိုစိတ်ပူပြီး ပိုချုပ်ချယ်လာမှာ။ ပြီးတော့ ဒီလိုစိတ်ညစ်စရာကြီးက လစဉ်လတိုင်းလည်း ကြုံရဦးမယ်။ ဒီလိုတွေးမိတတ်တာ ဆယ်ကျော်သက်မိန်းကလေးတိုင်းလိုလိုပါပဲ။ ဓမ္မတာဆိုတာကြီး မလာတော့ရင်၊ ချုပ်သွားရင်၊ ရာသီထိန်သွားရင်ကောင်းမယ်လို့တောင်တွေးပြီး လူကြီးတွေရှောင်ခိုင်းသမျှ၊ မတည့်ဘူးဆိုတာမှန်သမျှ အကုန်စားပစ်တာတွေ၊ လုပ်ပစ်တာတွေ ရှိပါတယ်။

တကယ်တော့ဒီလိုမမြင်သင့်ပါဘူး။ မိန်းကလေးတွေရဲ့သဘာဝ ရာသီပန်းပွင့်လန်းတယ်ဆိုတာ အရောင်အသွေးစုံလင်လှပတဲ့လိပ်ပြာလေးတွေအဖြစ်ပြောင်းလဲပေးနိုင်ဖို့ပါ။ ပျိုဖော်ဝင်တဲ့ကာလမှာ အသားအရေလှလာ၊ ဖွံ့ဖြိုးကျန်းမာလာမယ်။ အရွယ်ရောက်လာလို့ ပိုလှလာတတ်ကြတာ မျက်မြင်ပါပဲ။နောက်တစ်ချက်က ပျိုဖော်ဝင်တယ်ဆိုတာ တစ်ချိန်မှာ ပုခက်လွှဲနိုင်တဲ့လက်တစ်စုံဖြစ်လာဖို့ အစပျိုးပေးတဲ့ သဘာဝလက်ဆောင်ပါ။ ဒါမှ အချိန်တန်တဲ့အခါ ကိုယ့်အသွေးအသားနဲ့ ဖြစ်တည်လာမယ့် ကိုယ့်ရင်သွေးလေးတွေမွေးဖွားပြီး ကိုယ်ချစ်တဲ့မိသားစုတစ်ခုကိုတည်ဆောက်နိုင်မှာလေ။

(၂) ခန္ဓါကိုယ်ရဲ့ပြောင်းလဲမှုတွေကို စိတ်မပျက်ပါနဲ့

ပျိုဖော်ဝင်ပြီဆို ရင်သားတွေဖွံ့ဖြိုးလာတာ၊ ခန္ဓါကိုယ်အမွေးအမှင်တွေထွက်လာတာ၊ ဝက်ခြံ တွေဖြစ်လာတာ စတဲ့ ရုပ်ပိုင်းဆိုင်ရာအပြောင်းအလဲတွေ ဖြစ်လာတာ သဘာဝပါ။ ဒီလိုပြောင်းလဲလာတဲ့အပေါ်ကလေးတွေအနေနဲ့ နေရခက်တာ၊ ရှက်ရွံ့တာတွေ ခံစားရပြီး စိတ်ညစ်ရပါတယ်။ ဒါတွေ ကျင့်သားရဖို့၊ အံဝင်ခွင့်ကျနေထိုင်ဝတ်စားတတ်ဖို့ ကြိုးစားပါ။ ပျိုဖော်ဝင်တဲ့အပြောင်းအလဲတွေကို စိတ်ဆင်းရဲနေဖို့ မလိုပါဘူးနော်။ ကိုယ်ပိုလှလာစေဖို့ ပြောင်းလဲလာတဲ့သဘာဝတရားကို ကြည်ဖြူစွာနဲ့ လက်ခံပေးလိုက်ပါ။

(၃) ကျန်းမာရေးနဲ့ အာဟာရကို ဂရုစိုက်သင့်တယ်

ဒီလိုစပ်ကူးမပ်ကူးကာလမှာ အာဟာရဓါတ်တွေလုံလောက်ပြည့်ဝအောင်ရရှိဖို့၊ အစားစားဖို့ လိုအပ်ပါတယ်။ ဘာလို့ဆို ခန္ဓါကိုယ်က ဆက်လက်ဖွံ့ဖြိုးဖို့အရေးကြီးတဲ့ အကူးအပြောင်းကာလဖြစ်နေလို့ပါ။ ရာသီစလာတဲ့ အရွယ်မို့ သံဓါတ်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။သွေးအားနည်းတတ်တဲ့သူ ဒါမှမဟုတ် အသားသိပ်မစားတတ်တဲ့သူတွေမှာဆို သံဓါတ်ပြည့်ဝဖို့ဖြည့်စွက်စာလိုအပ်ပါလိမ့်မယ်။ တခြားတွေးစရာမလိုပါဘူး၊ ဆယ်ကျော်သက်မိန်းကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ Appeton Essentials Ms Teen ကို တစ်နေ့တစ်လုံးသောက်ရင်လည်းရတယ်။ သူ့မှာ ဗီတာမင်နဲ့သတ္တုဓါတ် (၁၈) မျိုးပါဝင်တဲ့ အတွက် အစားအသောက်ကနေ အလုံအလောက်မရရှိလိုက်တဲ့အာဟာရဓါတ်တွေကို သူကဖြည့်တင်းပေးနိုင်ပါတယ်။

(၄) ကိုယ့်အသွင်အပြင်အပေါ် ယုံကြည်မှုအားမနည်းပါစေနဲ့

နုပျိုတဲ့ ဖူးပွင့်စအလှနဲ့ ဆယ်ကျော်သက်လေးတွေက ကိုယ့်ခန္ဓါကိုယ်နဲ့ အသွင်အပြင်ကို ရွယ်တူချင်းယှဉ်ကြည့်တတ်ကြပါတယ်။ ကိုယ်က သူ့လောက် မထွားဘူး၊ ဝတယ်၊ ပိန်တယ်၊ အသားလှတယ်နဲ့ စိတ်ဖိစီးမှုမခံယူပါနဲ့။ လူတိုင်း အလှကိုယ်စီရှိကြသလို မိန်းကလေးတစ်ယောက်နဲ့တစ်ယောက်လည်း ဖွံ့ဖြိုးမှုချင်းမတူညီကြပါဘူး။ ကိုယ့်အသွင်အပြင်နဲ့ပတ်သက်တဲ့ ယုံကြည်မှုကို အားမနည်းစေဖို့ ဂရုစိုက်ပါ။ ခုနေချိန် အသွင်အပြင်နဲ့ပတ်သက်ပြီး သုံးသပ်နိုင်ဖို့ကစောပါသေးတယ်။

(၅) ဆက်ဆံရေးအတွက် ခံစားချက်တွေအတက်အကျပြင်းထန်တတ်တာ သတိထားပါ

ဆယ်ကျော်သက်အရွယ်မှာ မိဘနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ် ဘယ်ဆက်ဆံရေးကိုမဆို ခံစားချက်၊ တုံ့ပြန်ချက် ပြင်းနေတတ်တယ်။ စိတ်အတက်အကျမြန်တယ်၊ သီးခြားလွတ်လပ်မှုကိုလိုလားပြီး အပေါင်းအသင်းမင်တယ်၊ သူငယ်ချင်းတွေနဲ့ပတ်သက်ရင် ခံစားချက်ပြင်းထန်တယ်။ သူငယ်ချင်းတွေက ကိုယ့်ကို မခေါ်တော့မှာ၊ အပေါင်းအသင်းတွေကြား အရာမဝင်မှာကို သိပ်စိုးရိမ်ကြတာမျိုး။ သူတို့လုပ်ရင် လိုက်လုပ်ချင်တယ်၊ သူငယ်ချင်းတွေနဲ့ဆို တိမ်ပေါ်ထိတက်ချင်တဲ့စိတ်ကို ထိန်းညှိပါ။ မိဘနဲ့ဆက်ဆံရေးကိုလည်း ဂရုစိုက်သင့်ပါတယ်။

လွတ်လပ်မှုကိုမက်မောတာ ဒီအရွယ်မှာဖြစ်တတ်တဲ့သဘာဝဖြစ်ပေမယ့် အစွန်းနှစ်ဖက်ကိုမရောက်အောင် ထိန်းနိုင်လေ အနာဂတ်အတွက်ကောင်းလေဖြစ်ပါတယ်။ မိဘနဲ့ရော အပေါင်းအသင်းနဲ့ပါ အချိန်ပေးပြီး ရင်းနှီးချစ်ခင်ပေးပါလို့။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ အောက်တိုဘာ 21, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း နိုဝင်ဘာ 7, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။