backup og meta

နို့တိုက်မိခင် အာဟာရချို့တဲ့မှုကို ဘယ်လို ဖြေရှင်းကြမလဲ

နို့တိုက်မိခင် အာဟာရချို့တဲ့မှုကို ဘယ်လို ဖြေရှင်းကြမလဲ

နို့တိုက်မိခင်တွေအနေနဲ့ အာဟာရကို စဉ်းစားတဲ့အခါမှာ နှစ်ယောက်စာ စဉ်းစားရပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်စားသမျှက မိခင်နို့ရည်ကနေတတဆင့် ကလေးဆီကို ရောက်သွားလို့ပါပဲ။ ဒါကြောင့် ဒီလိုအချိန်မှာ ကိုယ်စားချင်တာ၊ အရသာရှိတာတွေအပြင် ဘာလေး စားလိုက်ရင်တော့ နို့ပိုများများထွက်မှာ၊ ငါ့ကလေး ဘယ်လိုအားရှိမှာ၊ ဘာလေးစားလိုက်ရင်တော့ ကလေးက ခုခံအားတွေ တက်လာမှာ စသည်ဖြင့် စဉ်းစားပြီး စားပေးဖို့ပါ အရေးကြီးပါတယ်။

နောက်တစ်ခုက နို့တိုက်မေမေတို့ အစားရှောင်တဲ့အခါ ကလေးကို ထိခိုက်နိုင်ပါတယ်။ မေမေတို့က လူကြီးဆိုတော့ သိပ်မသိသာပေမယ့် ကလေးလေးတွေက ခုမှ ဖွံ့ဖြိုးခါစဆိုတော့ သူ့အတွက် အာဟာရချို့တဲ့လို့ မဖြစ်ပါဘူး။ ဒါကြောင့် နို့တိုက်မေမေတွေမှာ ဖြစ်တတ်တဲ့ အာဟာရချို့တဲ့မှုတွေက ဘာလဲ။ ဒီလို မချို့တဲ့အောင် ဘယ်လို ဖြေရှင်းကြမလဲဆိုတာ ပြောပြပေးပါမယ်။

နို့တိုက်မေမေတွေ ဘာလို့ အာဟာရချို့တဲ့တာလဲ။

နို့တိုက်မေမေတွေက

  • မွေးပြီးခါစမှာ အားအင်ကုန်ပြီး ဟော်မုန်း အပြောင်းအလဲကြောင့် ခံတွင်းမတွေ့လို့ မစားတာ
  • အနားမှာ ကူဖော်လောင်ဖက် ချက်ပြုတ်ကျွေးမယ့်သူ မရှိလို့ ဖွယ်ဖွယ်ရာရာ မစားရတာ
  • ကလေးထိခိုက်မှာ စိုးပြီး အစားရှောင်တာတွေကြောင့် အာဟာရချို့တဲ့တာပါတဲ့။

မြန်မာနိုင်ငံက နို့တိုက်မေမေတွေရဲ့ လွဲမှားနေတဲ့ မီးတွင်းအစားအစာကတော့ ငါးကြော်နဲ့ ဟင်းခါးပါပဲ။ ဒါပဲ စားပြီး ကျန်တာတွေ သိပ်မစားတဲ့အခါကျတော့ ကလေးမှာပါ အာဟာရချို့တဲ့တာတွေ ဖြစ်လာပါတယ်။ ကလေး သန်ထမယ် ဆိုပြီး အသားရှောင်တယ်။ ဗိုက်ပွမယ်ဆိုပြီး ပဲမစားဘူး။ လေထမှာ စိုးလို့ အသီးအရွက်ရှောင်တယ်။ ဒါတွေရဲ့ နောက်ဆက်တွဲ အနေနဲ့ မေမေလည်း အာဟာရချို့တဲ့သလို ကလေးလည်း ကျန်းမာရေး ထိခိုက်လာပါတယ်။

အာဟာရချို့တဲ့လာတဲ့ကလေးတစ်ယောက်အတွက် နောက်ဆက်တွဲရောဂါပေါင်းများစွာက စောင့်ကြိုနေပါတယ်။

အမှန်တော့ နို့တိုက်မိခင်တွေက အောက်ပါအစားအသောက်တွေကလွဲရင် အစားရှောင်စရာ မလိုပါဘူး။ ပုံမှန်လူတွေလိုပဲ အကုန်စားလို့ရပါတယ်။ သူတို့ ရှောင်ရမှာက

  • မာကျူရီဓာတ်များတဲ့ ငါးတွေ
  • ကဖင်းပါတဲ့ သောက်စရာတွေ
  • ငန်လွန်း၊ စပ်လွန်း၊ သကြားဓာတ်များလွန်းတာတွေ
  • အသင့်စား အစားအသောက်တွေပဲ ဖြစ်ပါတယ်။

အလွန်အမင်း အစားအသောက်ရှောင်တာကြောင့် မြန်မာနိုင်ငံက နို့တိုက်မေမေတွေမှာ အောက်က အာဟာရဓာတ်တွေ ချို့တဲ့နေကြတာ တွေ့ရပါတယ်။ ဒါကို ဘယ်လိုဖြေရှင်းကြမလဲ ဆက်ကြည့်ရအောင်။

နို့တိုက်မေမေမှာ ဖြစ်တတ်တဲ့ အာဟာရချို့တဲ့မှုကို ဘယ်လို ဖြေရှင်းကြမလဲ။

မိခင်နို့မှာ ရေဓာတ် ၉၀ရာခိုင်နှုန်းတောင် ပါပါတယ်။။ ဒါကြောင့် မေမေတွေ ရေကို လုံလုံလောက်လောက် သောက်ဖို့လိုပါတယ်။ ပြီးတော့ ရေဓာတ်ပြည့်ဝနေရင် မေမေလည်း ဝမ်းမချုပ်တော့ဘူးပေါ့။

ဒါကြောင့် မေမေတို့ ရေတစ်နေ့ ၂လီတာလောက် ဝင်အောင် သောက်ပါ။ ရေအပါအဝင် တခြားအရည် ဥပမာ ကြက်ပေါင်းရည်၊ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်၊ ဟင်းချိုရည် စတာတွေလည်း သောက်လို့ရပါတယ်။ အလွယ်နည်းအနေနဲ့ ကလေးကို နို့မတိုက်ခင်တစ်ခါ၊ နို့တိုက်ပြီးတစ်ခါ ရေ သို့မဟုတ် အရည် တစ်ခုခုသောက်လို့လည်း ရပါတယ်။

  • ကယ်လိုရီ

မေမေတွေက နို့တိုက်ချိန်ဆို ကယ်လိုရီဆိုတဲ့ ခွန်အားဖြစ်စေမဲ့ဓာတ်တွေ ပိုလိုပါတယ်။ မိခင်နို့ရည် ၁၀၀မီလီလီတာ ထွက်တိုင်းမှာ ၇၀ ကယ်လိုရီ လောင်ကျွမ်းပါတယ်။ တစ်နေ့ကို နို့က ၇၅၀မီလီလီတာလောက် ထွက်နေတော့ မေမေတွေအနေနဲ့ ပိုစားပေးရမှာပေါ့။

ဒါကြောင့် အရင်စားနေကျထက် ပိုစားပေးပါ။ တစ်နေ့ ၃နပ်စားတာထက် နည်းနည်းနဲ့ ခဏခဏ စားတာက ပိုဝင်ပါလိမ့်မယ်။ မေမေအားရှိမှ ကလေးကို ကောင်းကောင်းပြုစုနိုင်မှာပါ။ ပြီးတော့မေမေအားရှိမှ အာဟာရပြည့်ဝတဲ့ နို့ရည်လည်း ထွက်မှာဆိုတာ မမေ့ပါနဲ့နော်။

မေမေတွေက ခုနပြောခဲ့သလိုပဲ အစားရှောင်ပြီး အသားမစား၊ ပဲမစားနေတဲ့အခါကျတော့ ပရိုတင်း ချို့တဲ့တာပေါ့။ မိခင်နို့ပါတဲ့ ပရိုတင်းဓာတ်ဆိုတာ လူသိပြီးသား ကြွက်သားတည်ဆောက်တဲ့ အသားဓာတ်ထက်ပိုပါတယ်။

ကလေးအတွက် လိုအပ်တဲ့ အင်ဇိုင်းတွေ၊ ပဋိပစ္စည်းတွေ၊ ဟော်မုန်းတွေ အများကြီးပါပါတယ်။ အထူးသဖြင့် ကလေးရဲ့ ပထမဆုံး ကာကွယ်ဆေးလို့ တင်စားခေါ်ကြတဲ့ နို့ဦးရည်မှာ ပိုတောင်ပါပါသေးတယ်။ ဒါကြောင့် မေမေတို့ အသားမစား၊ ပဲမစားဘူးဆိုရင် ကလေးလေးက ဒီဓာတ်တွေ ရမှာမဟုတ်ပါဘူး။

လိုအပ်တဲ့ အသားဓာတ်ကို ဖြည့်တင်းဖို့ နည်းလမ်းကတော့ မေမေ အသားစား၊ ပဲစားဖို့ပါပဲ။ အိမ်မှာ သန့်သန့်ရှင်းရှင်း၊ ကျက်အောင် သေချာချက်ပြုတ်ထားတဲ့ အသားတွေ၊ ပဲတွေ စားပေးပါ။

အသားနေ့တိုင်း မစားချင်ရင် အသားပြုတ်ရည်လေးတွေ ဥပမာ ကြက်ပေါင်းရည်လေးတွေ သောက်လို့ရပါတယ်။ ကူဖော်လောင်ဖက်မရှိလို့၊ အသားနေ့တိုင်း မစားချင်လို့ ဆိုလည်း စျေးကွက်ထဲမှာ ဓာတုပစ္စည်းမပါတဲ့ စိတ်ချရတဲ့ ကြက်ပေါင်းရည်တွေ ဝယ်သောက်လို့ရပါတယ်။ တချို့က ဟော်မုန်း အပြောင်းအလဲကြောင့် အနံ့မခံနိုင်ဘူးဆိုလည်း အနံ့မပြင်းတာတွေ ရှိနေပြီဆိုတော့ စိတ်ကြိုက် ရွေးပြီးသောက်ပါ။ အရေးကြီးတာက အသားဓာတ်ပြည့်ဖို့ပါပဲ။

လေ့လာချက်တွေအရ ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးတွင်းမှာ ကြက်ပေါင်းရည်မှာ သောက်မယ်ဆိုရင် အသားဓာတ်နဲ့ niacin ဓာတ်ကို ဖြည့်တင်းပေးတဲ့အပြင် သွေးထဲက မကောင်းတဲ့ ကိုလက်စထရောကိုလည်း ကျစေပါတယ်တဲ့။

အဆီထုတ်ထားတဲ့ ကြက်ပေါင်းရည်ဆိုရင် ပြီးတော့ တခြားပရိုတင်းတွေ ဖြစ်တဲ့ နို့ဦးရည်မှာပါတဲ့ EGF၊ TGF-2နဲ့ Lactoferrinကို များစေတာကြောင့် ကလေး အစာအိမ်နဲ့ အူလမ်းကြောင်းကို ကျန်းမာစေပါတယ်။ အထူးသဖြင့် ကလေးက လမစေ့ဘဲ မွေးလာရင် ဒီဓာတ်တွေ ပိုချို့တဲ့နိုင်လို့ မေမေတို့ သတိထားပြီး အသားဓာတ်ဖြည့်တင်းပေးဖို့ လိုပါတယ်။

မေမေတို့အတွက်ဆိုရင်လည်း အာဟာရပြည့်ဝတဲ့အပြင် ကလေးမွေးထားတာကြောင့် မီးတွင်းမှာ စိတ်ရော ကိုယ်ပါ ပင်ပန်းနေတာတွေ မြန်မြန်ပြန် နာလန်ထူနိုင်မှာပါ။

ကလေးလေး ရောဂါကင်းကင်းနဲ့ ကြီးပြင်းလာဖို့အတွက် မေမေနို့မှာပါတဲ့ ဗီတာမင် A၊ C၊ B အုပ်စု၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဇင့် စတာတွေ လိုအပ်ပါတယ်။ မေမေက ကလေး လေနာမှာစိုးလို့ဆိုပြီး အသီးအရွက်တွေ မစားရင် ကလေးလေးမှာ ဒီအာဟာရတွေ ချို့တဲ့ နေမှာပါ။

ဒါ့ပြင် မေမေ့မှာလည်း ဗီတာမင် B1 ချို့တဲ့တာကြောင့် ခြေထုံ လက်ထုံ ဖြစ်တတ်ပါတယ်။ အဆိုးဆုံးကတော့ ကလေးမှာပါ B1 ချို့တဲ့ခြင်းက ဘယ်ရီဘယ်ရီရောဂါဖြစ်စေပြီး အသက်အန္တရာယ်အထိတောင် ဖြစ်စေနိုင်တာပါပဲ။ဒါကြောင့် မေမေတို့ မီးတွင်းမှာ အရွက်ကြော်တာ၊ ဟင်းရည်ချက်သောက်တာတွေ စားပေးပါ။ အမျှင်ဓာတ်တွေ ပါတော့ မေမေတို့အတွက် ဝမ်းမချုပ်စေတဲ့ အကျိုးကျေးဇူးလည်း ရစေမှာပါ။

ဒီတော့ မေမေတို့အနေနဲ့ အထက်မှာပြောခဲ့တဲ့အတိုင်း မျှတလုံလောက်အောင်စားသုံးပေးဖို့ လေးလေးနက်နက် မှာပါရစေ။ ကိုယ် စားတာ မလုံလောက်ဘူးလို့ထင်ရင်၊ နို့ထွက်နည်းနေရင်တော့ မိသားစုဆရာဝန်တွေ၊ အာဟာရဆိုင်ရာပညာရှင်တွေနဲ့ အမြန်ဆုံးတိုင်ပင်ဆွေးနွေးပါလို့လည်း အကြံပြုတိုက်တွန်းချင်ပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.cdc.gov/breastfeeding/breastfeeding-special-circumstances/diet-and-micronutrients/maternal-diet.html

https://healthengine.com.au/info/nutrition-during-breastfeeding

https://www.ncbi.nlm.nih.gov/pmc/articles/PMC5104202/ 

ယခုပုံစံ

03/06/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နို့တိုက် မေမေတွေ တစ်နေ့ ရေဘယ်လောက်သောက်ရမလဲ။

မိခင် နို့တိုက် ကျွေးခြင်း လမ်းညွှန်



Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement