backup og meta

မိခင် နို့တိုက် ကျွေးခြင်း လမ်းညွှန်


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိခင် နို့တိုက် ကျွေးခြင်း လမ်းညွှန်

    မေမေတွေအနေနဲ့ ကိုယ့်ကလေး ကျန်းကျန်းမာမာ ကြီးပြင်းလာဖို့အတွက် ဘာကျွေးရမလဲဆိုတာ တကယ်ခေါင်းခဲစရာပါ။ ဒါလေးနဲ့ တည့်ပါ့မလား။ ဟိုဟာလေး ကျွေးရင်ရောနဲ့ ဗျာများတတ်ပါတယ်။ အထူးသဖြင့် မိခင်နို့ပဲ တိုက်ရမယ့် အချိန်မှာပေါ့။ ကိုယ်တိုင်သေချာ မသိတဲ့ အခါကျတော့ အရပ်ပြော စကားတွေနဲ့ ကလေးကို ကျွေးမိတတ်ပါတယ်။ မှန်တာလဲ ရှိသလို လွဲတာလည်း ရှိမှာပေါ့။ ဒီလို မဖြစ်ရအောင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ဝေထားတဲ့ မိခင်ကလေး ကျန်းမာ စာအုပ်မှာ ပါဝင်တဲ့ မိခင် နို့တိုက် ကျွေးခြင်းနဲ့ ဖြည့်စွက်စာကျွေးနည်း လမ်းညွှန်ကို ပြောပြပေးချင်ပါတယ်။ ဒါကို သိထားရင် ကိုယ့်အားကိုယ်ကိုးပြီး ကလေးကို စောင့်ရှောက်နိုင်မှာပါ။ နည်းလမ်း အမှားတွေကိုလည်း မသုံးမိတော့ဘူးပေါ့။

    ကိုယ်ဝန်ဆောင်နဲ့ နို့တိုက် မိခင်များ အတွက်

    အရင်ဆုံးမှာချင်တာက ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များ အစားမရှောင်ပါနဲ့။ အာဟာရရှိတာ အကုန်စားပါ။ ထမင်း ဟင်း တစ်နပ်ပိုစားပါ။ အသားငါး၊ အသီးအရွက် အကုန်စားပါ။ မီးတွင်းမှာ ငါးခြောက်နဲ့ ဟင်းခါးပဲ မစားပါနဲ့။ အသားစားလို့လည်း ကလေးမှာ သန်မထပါဘူး။ ပဲစားလို့လည်း ကလေး လေမပွပါဘူး။ အသီးအရွက်စားလို့လည်း ကလေး ဝမ်းမချုပ်ပါဘူး။ ဒါကြောင့် မျှတအောင်စားပါ။ အမေအစားရှောင်မှ ကလေးမှာ သူငယ်နာ ရောဂါဖြစ်မှာပါ။ ဒီရောဂါက ကလေး သေဆုံးတဲ့အထိ ပြင်းထန်ပါတယ်။

    တကယ်တော့ သူငယ်နာဆိုတာ ဗီတာမင် ဘီ ဝမ်း ချို့တဲ့တာကို ပြောတာပါ။ ကလေးမှာ သူငယ်နာ ဖြစ်နိုင်သလို အမေမှာလည်း ခြေထုံ လက်ထုံ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မေမေတို့ ခြေထုံ လက်ထုံ ဖြစ်ရင် ဆပ်ပြာကိုင်လို့ မဟုတ်ပါဘူး။ အဲ့တာ ဗီတာမင် ဘီဝမ်း ချို့တဲ့နေတာပါ။ အမေမှာ ချို့တဲ့ရင် ကလေးမှာလည်း ချို့တဲ့ နိုင်တယ်ဆိုတာ သတိထားပါ။

    နို့တိုက် မိခင်များ

  • မိခင်နို့သာ တိုက်ကျွေးပါ။
  • အာဟာရကြွယ်ဝပြီး ရောဂါကာကွယ်ပေးသော ဓာတ်များ ပါဝင်သည့် နို့ဦးရည်ကို တိုက်ဖြစ်အောင် တိုက်ပါ။
  • မီးဖွားပြီး တစ်နာရီအတွင်း စောနိုင်သမျှ စောစောတိုက်ပါ။
  • ကလေးအသက် ၆လအထိ မိခင်နို့ တစ်မျိုးတည်းတိုက်ပါ။
  • ကလေးအသက် ၂နှစ် ဒါမှမဟုတ် ၂နှစ်ကျော်တဲ့အထိ မိခင်နို့ တိုက်လို့ရပါတယ်။
  • မိခင်နို့ကို ခဏခဏ တိုက်ပါ။ အချိန်ကြာကြာတိုက်ပါ။ ဆာတိုင်း တိုက်ပါ။
  • မိခင်နို့မှာ ကလေးငယ်အတွက် သင့်တော်တဲ့ အစာကြေလွယ်သော ပရိုတင်း၊ အမိုင်နို အက်စစ်၊ အဆီဓာတ်၊ ဖက်တီးအက်စစ်၊ သံဓာတ်၊ ဗီတာမင်အေ၊ ဘီဝမ်း၊ အိုင်အိုဒင်းနဲ့ တခြား အာဟာရဓာတ်တွေ ပါဝင်ပါတယ်။
  • ဒါ့ပြင် ရောဂါကာကွယ်ပေးတဲ့ ဓာတ်တွေ ပါဝင်တဲ့အတွက် ဝမ်းပျက်ဝမ်းလျှောနဲ့ တခြား ရောဂါတွေ မဖြစ်နိုင်ပါဘူး။ ဓာတ်မတည့်တာကိုလည်း ကာကွယ်ပေးပါတယ်။
  • မိခင်နို့ တိုက်ကျွေးတဲ့နေရာမှာ မှန်ကန်တဲ့ အနေအထားနဲ့ တိုက်ကျွေးရပါမယ်။
  • လတ်တလော ဖျားနေတဲ့ ကလေး၊ ဝမ်းသွားနေတဲ့ ကလေးကိုလည်း မိခင်နို့ ဆက်လက်တိုက်ကျွေးနိုင်ပါတယ်။
  • ပေါင်မပြည့်၊ လမစေ့တဲ့ ကလေးတော်တော်များများလည်း မိခင်နို့ သောက်နိုင်ကြပါတယ်။ တစ်ဝက်လောက်ကတော့ ကောင်းကောင်းစို့နိုင်ကြပါတယ်။ ကောင်းကောင်း မသောက်နိုင်တဲ့ ကလေးတွေကိုတော့ ဇွန်းနဲ့ တိုက်ကျွေးနိုင်ပါတယ်။
  • နို့တိုက်ရမယ့် အကြိမ်အရေအတွက်

    မွေးစ တစ်လအတွင်းမှာတော့ တစ်နေ့ကို ၈ခါကနေ ၁၂ခါလောက် တိုက်ပေးပါ။ အလွယ်ပြောရင် ၂နာရီခြားတစ်ခါပေါ့။ မိခင်နို့က အစာကြေလွယ်တဲ့အတွက် တချို့ကလေးတွေက ခဏခဏ နို့တောင်းတာမျိုးလည်း ရှိတတ်ပါတယ်။ တချို့က ၁နာရီခွဲ တစ်ခါ၊ တချို့ကလည်း ၃နာရီတစ်ခါလောက် နို့တောင်းတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကလေး ဆာတိုင်း တိုက်ပေးဖို့ မမေ့ပါနဲ့။

    နောက်ပြီး နို့ကို တစ်ဖက်တည်း မတိုက်ပါနဲ့။ နှစ်ဖက် မျှတိုက်ပါ။ မဟုတ်ရင် မတိုက်တဲ့ ဘက်က နို့မထွက်တာ၊ နို့ချောင်းပိတ်တာမျိုး ဖြစ်တတ်ပါတယ်။ မိခင်နို့က ကလေးစို့လေ ထွက်လေပါ။ မထွက်လို့ မတိုက်ရင် ပိုမထွက်ဖို့ပဲ ရှိပါတယ်။ ကြိုးစားပြီး တိုက်ပေးပါ။

    နောက်ပြီး ကလေးက ဘာကြောင့်မှန်း မသိ နို့ကောင်းကောင်း မစို့တော့ရင်၊ နို့တိုက်ရခက်ရင်၊ ၂၄နာရီအတွင်းမှာ ၅ကြိမ်အောက်နည်းရင် အရေးပေါ်လက္ခဏာပါ။ ဆေးရုံသွားဖို့ လိုပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement