backup og meta

အဆီ (သို့မဟုတ်) ကိုလက်စထရောနှင့် ပတ်သက်သည့် အယူအဆအလွဲများ


Dr. Thant Zin မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆီ (သို့မဟုတ်) ကိုလက်စထရောနှင့် ပတ်သက်သည့် အယူအဆအလွဲများ

    လူအများဟာ ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်စားသောက်ရာမှာ အဆီဓာတ်များတဲ့ အစားအစာများကို ရှောင်ကြပါတယ်။ ဒါဟာ ယေဘုယျအားဖြင့် လိုက်နာသင့်တဲ့ အချက်ဖြစ်ပါတယ်။ အဆီဓာတ်ကို လိုတာထက်စားသုံးခြင်းအားဖြင့် ရောဂါအချို့ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဒီအယူအဆကို တရားသေ သတ်မှတ်ခြင်းအားဖြင့် အဆီဓာတ်နဲ့ ကိုလက်စထရောကြွယ်ဝတဲ့ အစားအစာတွေ စားသုံးခြင်းဟာ ရောဂါပေါင်းစုံကို ဖြစ်စေနိုင်တယ်ဆိုပြီး လုံးဝရှောင်ကြဉ်လာကြပါတယ်။ တကယ်တော့ တန်ဆေးလွန်ဘေးဆိုသလိုဘဲ အဆီဓာတ်ဟာ ကိုယ်ခန္ဓာအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရ တစ်မျိုးဖြစ်ပြီး စားသင့်စားထိုက်တဲ့ ပမာဏကိုတော့ စားသုံးရမှာ ဖြစ်ပါတယ်။

    ယခုဆက်လက်ဖော်ပြမှာကတော့ အဆီ (သို့မဟုတ်) ကိုလက်စထရောနဲ့ ပတ်သက်ပြီး လူအများကြားနေကြ ယုံတမ်းစကားတွေ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် မှန်သယောင်ထင်ရပေမယ့် ယူဆချက်လွဲနေတဲ့ အကြောင်းအရာတွေ ရှိပါတယ်။

    ၁။ အဆီစားခြင်းဟာ ကိုယ်အလေးချိန်တက်စေတယ်

    ဒါဟာ ကြားရများတဲ့ စကားတခွန်းဖြစ်ပါတယ်။ တကယ်တော့ ဘယ်အာဟာရဓာတ်ကိုမဆို လိုတာထက် အလွန်အကျွံစားရင် ကိုယ်အလေးချိန် တက်နိုင်ပါတယ်။ အဆီပါပေမယ့် အာဟာရမျှတတဲ့ စားသောက်ပုံဆိုရင် ကိုယ်အလေးချိန်ကို ထိန်းထားနိုင်ပါတယ်။ ဒါ့အပြင် အဆီဓာတ်ပါတဲ့ အစားအစာတချို့ဟာ အစာအစားချိန် တစ်ချိန်နဲ့တစ်ချိန်အကြား ဗိုက်ပြည့်နေတဲ့ ခံစားမှုကို ပေးတာကြောင့် ကိုယ်အလေးချိန်လျှော့ချရာမှာတောင် ကူညီရာရောက်ပါတယ်။ ဥအမျိုးမျိုး၊ ထောပတ်သီး၊ အခွံမာသီးများ၊ နို့ထွက်ပစ္စည်းများဟာ ဗိုက်ပြည့်စေတဲ့ ခံစားချက်ကို ပေးပါတယ်။

    တကယ်တော့ အဆင့်ဆင့်ပြုပြင်ထားတဲ့ အဆီများတဲ့ အစားအစာတွေကသာ ကိုယ်အလေးချိန်ကို တက်စေမှာ ဖြစ်ပါတယ်။ ပြောရရင် အစားအသောက်ရဲ့ အရည်အသွေးပါပဲ။

    ၂။ ကိုလက်စထရောများတဲ့ အစားအစာတွေဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူး

    ကိုလက်စထရောများတဲ့ အစားအစာအချို့ဟာ ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဥပမာ ရေခဲမုန့်၊ ဆီကြော်မုန့်များ၊ အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအသောက်များ စတာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုလက်စထရောများပြီး အာဟာရဓာတ်ကြွယ်ဝတဲ့ စားစရာတွေလည်း ရှိပါတယ်။

    ဥပမာ ကြက်ဥအနှစ်ဟာ ကိုလက်စထရောများပေမယ့် တခြားအရေးကြီးတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ဒိန်ချဉ်မှာလည်း ကိုလက်စထရောများပေမယ့် ပရိုတိန်းနဲ့ ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝပါတယ်။ ဒါကြောင့် ကိုလက်စထရောများတဲ့ အစားအစာတိုင်း ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုတာ မမှန်ပါဘူး။

    ၃။ ပြည့်ဝဆီများဟာ နှလုံးရောဂါဖြစ်စေတယ်

    ပြည့်ဝဆီဟာ မကောင်းတဲ့ LDL ကိုလက်စထရောကို တက်စေပြီး နှလုံးရောဂါဖြစ်နိုင်ခြေများစေပါတယ်။ ဒါပေမယ့် ပြည့်ဝဆီဟာ အရွယ်ကြီးပြီး ပေါ့ပါးတဲ့ LDL ကိုလက်စထရောအမှုန်များကိုပဲ တက်စေပြီး သေးငယ်သိပ်သည်းတဲ့ ကိုလက်စထရောအမှုန်တွေ ပါဝင်မှုတော့ နည်းပါတယ်။ သေးငယ်သိပ်သည်းတဲ့ ကိုလက်စထရောအမှုန်များဟာ နှလုံးရောဂါနဲ့ ဆက်နွယ်နေပါတယ်။ ဒါ့အပြင် ပြည့်ဝဆီကြောင့် အကျိုးပြု HDL ကိုလက်စထရောကိုလည်း မြင့်တက်နိုင်ပါသေးတယ်။

    ပြောရမယ်ဆိုရင် ပြည့်ဝဆီအမျိုးအစားတွေလည်း များစွာရှိပြီး ကျန်းမာရေးပေါ် အကျိုးသက်ရောက်ပုံလည်း အမျိုးမျိုးရှိပါတယ်။ ဆီအရည်အသွေးနဲ့လည်း ဆိုင်ပါတယ်။

    ၄။ အဆီများတဲ့၊ ကိုလက်စထရောများတဲ့ အစားအသောက်တွေကို ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်သင့်တယ်

    အမျိုးသမီးအများစုဟာ အဆီနည်းပါးတဲ့ အစားအစာတွေဟာ ကလေးအတွက် အကျိုးရှိမယ်ထင်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာ အဆီကို လျှော့စားကြပါတယ်။ တကယ်တော့ အဆီဓာတ်ဟာ ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်ပါတယ်။ သန္ဓေသားရဲ့ဦးနှောက်အများစုကိုလည်း အဆီဓာတ်နဲ့ဖွဲ့စည်းတာမို့ ကိုယ်ဝန်ဆောင်ချိန်မှာ အဆီဓာတ်ကို ပိုမိုလိုအပ်ပါတယ်။

    အဆီဓာတ်ကြွယ်တဲ့ အစားအစာတချို့ဟာ အာဟာရဓာတ်ပြည့်ဝပြီး မိခင်အတွက်ရော ကလေးအတွက်ပါ အကျိုးဖြစ်စေပါတယ်။ ဥပမာ ကြက်ဥအနှစ်မှာ ကိုလင်းဓာတ်ကြွယ်ဝပြီး ကလေးရဲ့ ဦးနှောက်အာရုံကြောနဲ့ အမြင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုပါတယ်။ ဒါ့အပြင် နို့ထွက်ပစ္စည်းတွေမှာ ကယ်လ်ဆီယမ်နဲ့ ဗီတာမင် K2 ကြွယ်ဝပြီး အရိုးများဖွံ့ဖြိုးလာစေဖို့ အကူအညီ ဖြစ်စေပါတယ်။

    ၅။ အဆီမပါတဲ့ စားသောက်ဖွယ်ရာများကိုသာ စားသုံးသင့်တယ်

    သင့်အနေနဲ့ စူပါမားကတ်တစ်ခုထဲ ရောက်သွားချိန်မှာ အဆီဓာတ်ထုတ်ထားတဲ့ နို့၊ ရေခဲမုန့်၊ ကွတ်ကီး၊ ဒိန်ခဲ စသဖြင့် တွေ့နိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ရွေးချယ်စရာအဖြစ်လည်း တိုက်တွန်းပါလိမ့်မယ်။ ဒါပေမယ့် သတိပြုရမှာက အဆိုပါ အဆီမရှိတဲ့ စားစရာတွေဟာ သင့်ရဲ့ကျန်းမာရေးအလုံးစုံအတွက်တော့ မကောင်းနိုင်ပါဘူး။ အဆီထုတ်ပြုပြင်ထားတဲ့ အစားအစာတွေဟာ သဘာဝအလျောက် အဆီမပါတဲ့ စားစရာတွေလိုမဟုတ်ဘဲ ကျန်းမာရေးအပေါ် အနုတ်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေပါတယ်။ တာရှည်ခံစေဖို့ ပြုပြင်ထားတဲ့ အရာတွေကြောင့်လည်း ကျန်းမာရေးအတွက် မကောင်းပါဘူး။

    ………………………………………………..

    အဆီဓာတ်နဲ့ ကိုလက်စထရောဓာတ် မြင့်တက်ရင် ယေဘုယျအားဖြင့် မကောင်းပေမယ့် သူတို့ဟာလည်း ကိုယ်ခန္ဓာအတွက် လိုအပ်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ ဘယ်အရာမှာမဆို တန်ဆေးလွန်ဘေးဆိုတာ ရှိပါတယ်။ အဆီကို လုံးဝရှောင်တာမျိုး မဟုတ်ဘဲ သင့်တင့်မျှတတဲ့ပမာဏနဲ့ လိုအပ်သလို စားသုံးသွားရမှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement