နို့စို့အရွယ်ကနေ အစားပါကျွေးရမယ့် ခြောက်လအထက်ရောက်လာတဲ့အခါ ကလေးမိခင်တွေ ရင်အဆိုင်ရဆုံးကတော့ ကလေးကအစားကို ငြင်းနေတယ်၊ အစားကျွေးရခက်နေတယ်ဆိုတဲ့ပြဿနာပါပဲ။ ကလေးတွေဟာ သူတို့မစားချင်တဲ့အခါ မျက်နှာကိုတစ်ဖက်လှည့်ထားတတ်တယ်၊ တချို့က ထွေးထုတ်တယ်၊ အော့ထုတ်တယ်၊ တချို့က ငိုတောင်ငိုကြပါတယ်။ အဲဒီအခါ ကလေးအစာမစားလို့ အာဟာရလျော့နည်းမှာ၊ ဖွံ့ဖြိုးမှုနှောင့်နှေးမှာ၊ ကိုယ်ခံအားနည်းပြီး ရောဂါဘယဝင်လာမှာကို မိဘတွေက စိုးရိမ်တတ်ကြပါတယ်။ အရေးအကြီးဆုံးသိထားရမှာ တစ်ခုက ဘယ်တော့မှ ကလေးစိတ်မပါဘဲ အတင်းအကြပ်မကျွေးသင့်ဘူးဆိုတာပါပဲ။ အတင်းကျွေးခဲ့ရင် ကလေးအတွက် ဖိအားတွေပိုလာနိုင်ပြီး ကလေးက အစာကို အရမ်းကြောက်သွားပြီး ပြသနာတွေပိုလာတတ်ပါတယ်။ စနစ်တကျ ပြုလုပ်ထားတဲ့ သုတေသနတွေအရ ကလေးတွေအစာလိုလိုလားလားစားလာဖို့ ကူညီနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) တခြားမိသားစုဝင်တွေနဲ့ အတူတူစားခိုင်းပါ။
လူဆိုတာ ပေါင်းသင်းဆက်ဆံရေးရဲ့ သတ္တဝါဖြစ်လို့ သင့်ရဲ့ကလေးလေးဟာလဲ ထမင်းစားချိန်မှာ တစ်ယောက်တည်းဖြစ်နေရတာ မကြိုက်ပါဘူး။ မိသားစုဝင်ထဲက သူသည်လဲ တစ်ဦးဖြစ်တယ်လို့သိပြီး ခံစားပျော်ရွှင်စေနိုင်ဖို့ အစားစားချိန်မှာတစ်သားတည်းဖြစ်နေဖို့အရေးကြီးပါတယ်။
(၂) ထမင်းစားပွဲနဲ့ နီးနီးနားနားနေပါစေ။
ထမင်းစားခုံသပ်သပ်နဲ့ ကလေးကိုကျွေးတာလည်းကောင်းပေမယ့် အစားကျွေးရခက်နေတဲ့၊ ကလေးထမင်းစားခုံမှာ ထိုင်ခိုင်းရခက်နေတဲ့ ကလေးတွေအတွက်တော့ ရိုးရိုးလူကြီးစားတဲ့ ထမင်းစားပွဲမှာ ထိုင်ခုံအမြင့်လုပ်ပေးပြီး သူပါပါဝင်ထိုင်ပါစေ။ ကလေးစားဖို့အတွက် ဆွဲမှောက်တောင်မမှောက်တဲ့ ခုံနဲ့ကပ်နေတဲ့ ထမင်းစားပန်းကန်တွေရှိပါတယ်။ ကလေးတွဟာ အစားစားချိန်မှာ တခြားသောလူကြီးတွေလုပ်နေ စားနေသလိုပဲ သူလဲ စားချင်၊ လုပ်ချင်စိတ်ရှိပါတယ်။
(၃) ဖြစ်နိုင်ရင် တခြားမိသားစုဝင်တွေစားနေတဲ့ အစားအသောက်ပုံစံတူကိုကျွေးပါ။
လူကြီးတွေစားတဲ့ အစားအသောက်တွေဟာ အစပ်တွေ၊ အမွှေးနံ့သာတွေ၊ အရောင်စုံတွေပါတဲ့အတွက် သူတို့စားနေကျ အရောင်အဆင်းမရှိတဲ့ အစားအသောက်တွေထက်စာရင် ကလေးတွေအတွက်ပိုဆွဲဆောင်မှုရှိနေတာတော့ အမှန်ပါပဲ။ ဒါပေမယ့် သူတို့ကို လုံးဝကျွေးလို့မဖြစ်တဲ့၊ အစားအသောက်တွေက လွဲလို့ အသက်တစ်နှစ်ကျော်ကလေးတွေအတွက်ဆို ဆားပေါ့ပေါ့၊ အချိုမှုန့် ကြက်သားမှုန့်ရှောင်ထားတဲ့ အစားအသောက်တွေကို ကလေးနဲ့ အတူလိုက်စားရင် ကျန်တဲ့မိသားစုဝင်တွေရဲ့ ကျန်းမာရေးကိုပါကောင်းမွန်အောင်စောင့်ရှောက်ပြီးသားဖြစ်သွားပါလိမ့်မယ်။ဒါပေမယ့် ကလေးတွေကို နင်စေ၊ သီးစေတတ်တဲ့ အစားအသောက်မျိုးမဖြစ်ဖို့တော့ အထူးဂရုပြုရပါမယ်။
(၄) ကလေးကိုသူ့ဖာသာစားပါစေ။
ကလေးကဇွန်းကိုဆုပ်ကိုင်နေပြီဆိုတာ တကယ်တော့ သားသား၊မီးမီး ကိုယ့်ဖာသာစားဖို့အဆင်သင့်ဖြစ်နေပါပြီလို့ ပြောနေတာနဲ့အတူတူပါပဲ။ ကလေးဖာသာပေးစားခိုင်းတာဟာ ဉာဏ်ရည်ဖွံ့ဖြိုးမှုကိုလဲ တိုးမြှင့်ပေးရာရောက်ပါတယ်။ ဒါပေမယ့် ပေပွတာတော့ သည်းခံရပါမယ်။ ကလေးစားတဲ့ ထမင်းစားခုံအောက်မှာ ပလတ်စတစ်စခင်းပေးထားတာက သိမ်းဆည်းဖို့လွယ်ကူစေပါလိမ့်မယ်။ ကလေးစားတာကိုလဲ တချိန်လုံးစိုးရိမ်စိတ်နဲ့ လိုက်ကြည့်မနေပါနဲ့။ အစားအသောက်တွေကိုသာ ပန်းကန်ပေါ်မှာထားပေးပြီး အစားအစာ တစ်ခုချင်းစီရဲ့ နာမည်တွေပြောပြထားပေးပါ။ တစ်ခါတစ်ရံမှ စကားပြောပါ၊ ပြုံးပြပါ။ လူကြီးကလဲ အစားအသောက်ကိုယ့်ဖာသာစားနေပါ။
(၅) လူကြီးပန်းကန်ထဲကနေမျှကျွေးပါ။
ကလေးတွေဟာ လူကြီးတွေလုပ်သမျှ အတုခိုးတတ်ပါတယ်။ အစားအသောက်ချင်းတူရင်တောင်မှ သင့်ပန်းကန်ထဲက အစာကိုမှ စားချင်တတ်တာ သဘာဝပါ။ ဒါကြောင့် မေမေ့ပန်းကန်ထဲက အစာကို ယူပြီး တစ်ကိုက်မေမေစားမယ်၊ သားသားလဲ တစ်ကိုက်စားပါ စသဖြင့်ပြောပြီး အစားဝင်အောင် ကျွေးကြည့်နိုင်ပါတယ်။
(၆) မိခင်နို့ဆက်တိုက်ပါ၊ အစားအသောက်ဆိုတာ နောက်ဖြည်းဖြည်းချင်းလာပါလိမ့်မယ်။
တချို့သောမိဘတွေက ကလေးအစားမစားလို့ဆိုပြီး နို့ဖြတ်ဖို့ကြိုးစားကြပါတယ်။ တကယ်တော့ ဒါက အင်မတန်မှားပါတယ်။အသက်ခြောက်လကျော်ပဲရှိသေးတဲ့ ကလေးတစ်ယောက်ဟာ သူလိုအပ်တဲ့ အဓိက အာဟာရကို မိခင်နို့ကနေပဲရတာပါ။ အစားအသောက်ဆိုတာ နောက်ခြောက်လကနေတစ်နှစ်လောက်မှ ဖြည်းဖြည်းချင်းပြောင်းရတာပါ။ ဒီကြားကာလမှာ အစားအသောက်ဆိုတာ ဘာလဲဆိုတာ ကလေးကိုမိတ်ဆက်ရုံလောက်သာဖြစ်ပါတယ်။
[embed-health-tool-vaccination-tool]