backup og meta

ဘေဘီလေးတွေ အော့အန်ရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 7 ရက် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးတွေ အော့အန်ရင်

    ဘေဘီလေးတွေ အော့အန်ရင် မိဘတွေအနေနဲ့ အတွေးအမျိုးမျိုးတွေးလို့ စိတ်ပူနေမယ်ဆိုတာပြောနေစရာတောင် မလိုအောင်ပါ။ ကိုယ်ခံစားရတဲ့ဝေဒနာကိုပြောမပြနိုင်သေးတဲ့အရွယ်မို့ သူတို့ရဲ့ အမူအရာလေးတွေကိုကြည့်ပြီး ဆုံးဖြတ်ရတာလည်းတော်တော်လေးခက်ပါတယ်။ ကလေးကအော့အန်နေရင် နေများမကောင်းတာလား၊ အစာများမကြေတာလား၊ မတည့်တာတွေများကျွေးမိလို့များလားဆိုတဲ့လား ပေါင်းများစွာတွေးနေမိကြတယ်နော်။ နို့စို့အရွယ်လေးက အန်နေရင်လည်း အဖျားရှိနေတာလား၊ နို့တွေများ အစာမကြေတာလား၊ ကိုယ်များမတည့်တာစားမိလို့ ကလေးက ဒီလိုအန်နေတာလားဆိုပြီး အတွေးတွေများစွာတွေးမိတယ်မဟုတ်လားမေမေတို့ရေ… ဒီပြဿနာတွေနဲ့စိုးရိမ်မှုတွေကို ဒီဆောင်းပါးလေးကနေတဆင့် ကူညီဖြေရှင်းပေးပါရစေ။

    ဘေဘီလေးတွေ အော့အန်ရင်

    ကလေးငယ်လေးတွေမှာ အော့အန်တာက ပုံမှန်ဖြစ်နေကျဖြစ်စဉ်တစ်ခုပါ။ များသောအားဖြင့်ကတော့ ကလေးတွေဟာ ပြင်းထန်တဲ့ လက္ခဏာ တစ်စုံတရာ မရှိဘဲနဲ့ကို တစ်ရက်၊ နှစ်ရက်လောက် ဆက်တိုက် အန်တတ်ပါတယ်။

    ကလေးတွေဟာ မွေးဖွားပြီးချိန်ကနေ ရက်သတ္တပတ်အတွင်း သောက်သုံးလိုက်တဲ့ နို့ရည်တွေကိုကောင်းကောင်းမစီမံနိုင်သေးတာကြောင့် ဒါမှမဟုတ် သူတို့ခန္ဓါကိုယ်ကကောင်းစွာ မဖွံ့ဖြိုးသေးတာကြောင့် မကြာခဏဆိုသလိုအော့အန်နေတာပါ။ အစာအိမ်က အစပျိုးချိန်မို့လည်း ကလးကအော့အန်တာပါ။ ကလေးအနေနဲ့ ကားမူးတာ၊လေယာဉ်မူးတာလိုမျိုးဝေဒနာတွေကို ခံစားရချိန်၊ အချိန်ကြာမြင့်စွာ ငိုပြီးချိန်လိုမျိုး အချိန်တွေမှာလည်းအော့အန်တာမျိုးဖြစ်နိုင်ပါတယ်။ ဒီအခြေအနေတွေကတော့ စိုးရိမ်စရာမရှိတဲ့ အခြေအနေတွေပေါ့။ ကလေးက တစ်နှစ်၊ နှစ်နှစ် အရွယ်မှာ မကြာခဏဆိုသလိုအော့အန်နိုင်ပါတယ်။

    ဘယ်လိုအခြေအနေက စိုးရိမ်ရတာလဲ

    အပေါ်ကပြောခဲ့တဲ့ အခြေအနေတွေကြောင့် အန်တာဆိုရင်တော့ ကလေးအော့အန်တာက စိုးရိမ်စရာမလိုပေမယ့် အခုအခြေအနေတွေကြောင့်ဆိုရင်တော့ စိုးရိမ်စရာရှိလာပါပြီ။

    တကယ်လို့ကလေးမှာ ဒီလိုလက္ခဏာတွေ ဖြစ်နေမယ် ဆိုရင်

  • ရေဓါတ်ခမ်းခြောက်လာမယ် ( ပါးစပ်တွေခြောက်နေမယ်၊ ငိုရင်မျက်ရည်မထွက်တော့ဘူး၊ ဆီးသွားနည်းလာမယ်)
  • အဖျားတက်မယ်
  • နို့မသောက်ဘဲနေမယ်
  • ဆက်တိုက်အန်နေမယ်
  • ကလေးက အိပ်မပျော်ဖြစ်နေမယ်
  • အသက်ရှုတာပြတ်တောင်းပြတ်တောင်းဖြစ်နေမယ်
  • ဗိုက်ကဖောင်းနေမယ်
  • အန်တဲ့အထဲမှာသွေးစလေးတွေ၊ ဒါမှမဟုတ် အစိမ်းရောင်သည်းခြေရည်တွေပါနေမယ်ဆိုရင်
  • စားပြီးတိုင်းပြန်အန်နေမယ်ဆိုရင်တော့ နီးစပ်ရာဆေးရုံ၊ဆေးခန်းကို အမြန်ဆုံးသွားရောက်ပြသပေးဖို့လိုပါမယ်။
  •  ဘယ်လိုသက်သာအောင်လုပ်ပေးမလဲ

    ပုံမှန်အော့အန်မှုက ကလေးတိုင်းမှာ ဖြစ်နေကျ ဖြစ်ပြီး စိုးရိမ်စရာတော့ မရှိပါဘူး။ သိပ်မကြာခင်မှာ ပြန်ကောင်းသွားတတ်ပါတယ်။ ကလေးက စိုးရိမ်ရတဲ့ အခြေအနေ တစ်ခုခုကြောင့် အော့အန်နေတာ မဟုတ်ဘူး ဆိုရင်တော့ ဒီနည်းလမ်းလေးတွေကို သုံးပြီး သက်သာအောင် လုပ်ပေးလို့ရပါတယ်။

    ကလေးကိုရေဓါတ်ဖြည့်ပေးပါ – ကလေးကအော့အန်ရတာကြောင့် ကိုယ်တွင်းကရေဓါတ်တွေ ဆုံးရှုံးသွားနိုင်ပါတယ်။ ဒီဆုံးရှုံးသွားတဲ့ရေဓါတ်တွေကိုဖြည့်တင်းပေးဖို့အတွက် ကလေးကိုရေဓါတ်ဖြည့်ပေးပါ။ နို့စို့အရွယ်ဆိုရင်တော့ နို့များများတိုက်ပေးပါ။

    ကလေးကို မတ်မတ်လေးထားပေးပါ – ကလေးကို နို့စို့ပြီးရင် ဖြစ်ဖြစ်၊ အစားစားပြီးရင် ဖြစ်ဖြစ် နာရီဝက်လောက် ခပ်မတ်မတ်လေး ထားပေးပါ။

    သက်တောင့်သက်သာဖြစ်အောင်ထားပေးပါ – ကလေးကို အစားစားပြီးချိန်၊နို့စို့ပြီးချိန်တွေမှာ ဗိုက်ကို ဖိမိတဲ့ အနေအထားမျိုး မဖြစ်ပါစေနဲ့။ သက်တောင့်သက်သာ အနေအထားမျိုးမှာ ထားပေးပါ။

    လေထုတ်ပေးပါ – ကလေးငယ်လေးတွေမှာတော့ နို့စို့ပြီးချိန်မှာပဲ ဖြစ်ဖြစ်၊ အစား တစ်ခုခု စားပြီးချိန်မှာပဲ ဖြစ်ဖြစ် ပုံမှန် လေထုတ်ပေးရပါတယ်။ ဒါမှ ကလေးက စားပြီးတဲ့ အစာတွေကို ပြန်မအန်မှာ ဖြစ်ပါတယ်။

    ကလေးကိုပုံမှန်အတိုင်း အစားကျွေးပေးပါ – ကလေးက ဆက်တိုက်အန်နေတာမျိုးမဟုတ်ဘူးဆိုရင် ပုံမှန်ကျွေးနေကျအတိုင်းပဲ အစားအစာတွေကိုကျွေးမွေးပေးပါ။ကျွေးတဲ့အစားအစာတွေက အစာကြေလွယ်ဖို့နဲ့ရေဓါတ်ပါဝင်မှုများဖို့ကို အထူးသတိပြုရပါမယ်။

    အနားယူခိုင်းပါအိပ်စက်မှုက ကလေးကိုအော့အန်မှုကနေ သက်သာစေမှာပါ။ ဒါကြောင့် ကလေးကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့လုပ်ပေးပါ။ အနားယူတာက ကလေးကို အားပြည့်စေနိုင်သလိုအော့အန်တာကိုလည်း သက်သာစေဖို့ အထောက်အကူပြုနိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 7 ရက် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement