backup og meta

ကလေးရဲ့ ရက်တစ်ထောင်ဖွံ့ဖြိုးမှု ခရီးရှည် ဘယ်လိုအားဖြည့်ပေးမလဲ

ကလေးရဲ့ ရက်တစ်ထောင်ဖွံ့ဖြိုးမှု ခရီးရှည် ဘယ်လိုအားဖြည့်ပေးမလဲ

မေမေ့ဗိုက်ထဲမှာတည်းက အစပြုခဲ့တဲ့ ကလေး ရဲ့ ဖွံ့ဖြိုးမှု လမ်းခရီးဟာ ရက် ၁၀၀၀ အတွင်း အရေးကြီးဆုံး ဆိုတာ သိပြီးကြပြီလား။ ဒီရက်တစ်ထောင်ဟာ ကိုယ့်ရဲ့ကလေး ဘယ်လိုဖွံ့ဖြိုးလာမလဲ၊ ဉာဏ်ရည်ဘယ်လောက်ထိရှိလာမလဲ၊ ဘယ်လောက်ထိ ကျန်းမာကြံ့ခိုင်မလဲဆိုတာကို အဆုံးအဖြတ်ပေးနိုင်တဲ့ အရေးကြီးတဲ့ကာလလို့ ဆိုနိုင်ပါတယ်။

အရေးကြီးတဲ့ ဒီကာလ အတွင်းမှာ မှန်ကန်တဲ့ အာဟာရ ထောက်ပံ့မှုတွေ ရနိုင်မှ ကလေးက ထွားမယ်၊ ဉာဏ်ရည် ဖွံ့ဖြိုးမယ်၊ သင်ယူ လေ့လာနိုင်မယ်၊ မေမေတို့ ဖြစ်စေချင်တဲ့ ဖွံ့ဖြိုးမှုတွေ အကုန် ရနိုင်မယ်လေ။ ဒီရွှေအိုရောင်အခွင့်အရေးကို ဆုံးရှုံးလိုက်ရမယ်ဆိုရင် ကိုယ်မျှော်မှန်းထားသလောက်မဖြစ်လာနိုင်တာမျိုးတွေ ရှိနိုင်ပါတယ်။

ဘာလို့ အရေးကြီးတာလဲ

ကလေး ပြုစုစောင့်ရှောက်တဲ့ နေရာမှာ ပြုမူဆက်ဆံပုံတွေ၊ ထိန်းကျောင်းနည်းတွေ၊ စိတ်ပိုင်းဆိုင်ရာ အားပေး ပျိုးထောင်တာတွေ လည်း အရေးပါပေမယ့် ဒီလို ကလေးရဲ့ပထမဆုံး ရက် ၁၀၀၀ အတွင်းမှာတော့ အာဟာရ ကသာ နံပါတ်တစ် အရေးကြီးဆုံးပါပဲ။

ဘာလို့လဲဆို ကလေးရဲ့ ရက် ၁၀၀၀ ဆိုတာက သန္ဓေစတည်ချိန်နဲ့ အသက် ၂ နှစ် ဝန်းကျင်အထိမို့ လူဖြစ်ကာစ ဖွံ့ဖြိုးမှုအပိုင်းအခြားဖြစ်နေလို့ပါ။

သင် သိပါသလား

သင် သိပါသလား၊ ကလေးရဲ့ ဦးနှောက်က မွေးစနဲ့ အသက် ၂ နှစ်ဝန်းကျင် အတွင်းမှာ ဖွံ့ဖြိုးမှုနဲ့ ပြောင်းလဲမှု ပိုများတယ် ဆိုတာ။

မွေးစတည်းက မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးလာတဲ့ ဦးနှောက်အပိုင်းက သင်ယူ လေ့လာမှု ၊ မှတ်ဉာဏ်တို့နဲ့ ဆိုင်တဲ့ hippocampus အပိုင်း ၊ အမြင်အာရုံ ၊ အကြားအာရုံ တို့နဲ့ ပတ်သက်တဲ့ အပိုင်းတွေ ပါဝင်ပါတယ်။

အဲဒီနောက်ပိုင်း ၂ နှစ်ဝန်းကျင်အရွယ် အတွင်းက ဘာသာစကား သင်ယူနိုင်စွမ်းမှာ ဖွံ့ဖြိုးလာမယ့်အပြင် အာရုံစူးစိုက်နိုင်စွမ်း အပါအဝင် ဦးနှောက်ရဲ့ စီမံလုပ်ဆောင်ချက်တွေ ကို ထိန်းချုပ်မယ့် ဦးနှောက်အပိုင်းမှာ ဖွံ့ဖြိုးလာပါမယ်။ ဒီလိုအရေးကြီးတဲ့ ကာလအတွင်းမှာ ဖွံ့ဖြိုးမှုကို အဓိက အထောက်အကူပေးနိုင်တာက အာဟာရပဲ ဖြစ်ပါတယ်။

အရေးပါတဲ့ ကလေး အာဟာရ

ကလေး အာဟာရအတွက် အကောင်းဆုံးနဲ့ အထိရောက်ဆုံးက မိခင်နို့ရည်ပါ။ ကလေးရဲ့ ဦးနှောက် ဖွံ့ဖြိုးမှု နဲ့ လုပ်ဆောင်ချက်အတွက် ၊ ကိုယ်ခံအားအတွက် ၊ အမြင်အာရုံ နဲ့ အကြားအာရုံအတွက် ၊ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုအတွက် ၊ လှုပ်ရှားနိုင်စွမ်း အတွက် အရေးပါတဲ့ အာဟာရဓာတ်တွေ ဘက်စုံပါဝင်နေတာပါ။ ဒါပေမယ့် မေမေကိုယ်တိုင် ကျန်းမာပြီး နို့ရည်က အာဟာရပြည့်နေဖို့တော့ လိုတာပေါ့နော်။

ကလေးရဲ့ အာဟာရတွေထဲမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ အကျိုးပြုအဆီဓာတ်တွေ (ဥပမာ – DHA လို Omega-3 fatty acid တွေ) ကို ကလေးရဲ့ ရက် ၁၀၀၀ ကာလ အတွင်းမှာ အချိန်ကိုက်၊ မှန်ကန်တဲ့ အချိုးအစားပမာဏနဲ့ ရရှိဖို့ လည်း အရေးကြီးပါတယ်။

ရက်တစ်ထောင်အတွင်း ကလေးက အရှိန်အဟုန်မြန်မြန်နဲ့ ဖွံ့ဖြိုးနေတဲ့အချိန်မှာ ကလေးရဲ့ အာဟာရထဲမှာ DHA ၊ ပရိုတင်း၊ ဖောလိတ် ၊ သံဓာတ်၊ ဗီတာမင် အေ၊ စီ နဲ့ ဘီအုပ်စုဝင်တွေ စတဲ့ အာဟာရဓာတ်တွေ မဖြစ်မနေပါဝင်နေဖို့လိုအပ်ပြီး အဲဒီအာဟာရတွေကို အများအပြားရရှိမှသာ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ သားသားမီးမီးတွေ ဖြစ်လာမှာပါ။

မေမေ့နို့ရည် အပြင် အာဟာရ ပေးနိုင်တာ ဘာရှိသေးလဲ

မေမေ့နို့ရည်က ကလေးတို့အတွက် နတ်ဆေးတစ်ခွက် ဖြစ်နေပေမယ့်လည်း အကြောင်းကြောင်းကြောင့် မေမေ့နို့ရည်မထွက်တဲ့အခါ၊ ကျန်းမာရေးကြောင့် နို့တိုက်လို့မဖြစ်တဲ့အခါ ဒါမှမဟုတ် ကလေးက နို့ပြတ်တဲ့အရွယ် ဖြစ်တဲ့အခါ ဖြည့်စွက်နို့မှုန့်တွေကို အားထားရမှာပေါ့။

မေမေအတော်များများက ကလေးကို အားဆေးတိုက်ချင်တယ်၊ အာဟာရတွေဖြည့်စွက်ထားတယ် လို့ဆိုတဲ့ အချိုရည်တွေ၊ မုယောစပါး အခြေခံတဲ့ အာဟာရဖြည့် သောက်စရာတွေ နေ့တိုင်း တိုက်ကြတယ်။ သတိထားရမှာက အဲဒီအရာတွေထဲမှာ အချိုဓာတ်မလွန်ကဲနေဖို့ပါပဲ။

အချိုကဲတာတွေ နေ့တိုင်း တိုက်မိရင် ကလေးအဝလွန်တာ၊ ကလေး ဆီးချိုတို့လို အန္တရာယ်တွေ အပြင် အချိုစားသုံးမှု လွန်ကဲရင် ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တယ်နော်။ ဒါ့ကြောင့် ဒီအခြေအနေမှာ ကလေးအတွက် သီးသန့်ထုတ်တဲ့ ဖြည့်စွက်အာဟာရနို့မှုန့်တွေကို ရွေးချယ်တာ အကောင်းဆုံးပါ။

ကလေး အာဟာရနို့မှုန့်ကို မိခင်နို့နဲ့ တွဲတိုက်လို့ရတယ်၊ အစာအမာ စစားတဲ့အရွယ်ဖြစ်လည်း ဖြည့်စွက်နို့မှုန့်တွေ တွဲပြီးတိုက်လို့ရပါသေးတယ်။ အစာစစားတတ်နေပြီဆို အစားအစာတွေကနေ အာဟာရတွေရမယ်၊ အစားအသောက်ကနေ မရခဲ့တဲ့ အာဟာရတွေကို ဖြည့်စွက်နို့ကနေ ရမယ်။ ဒါဆို အဆင်ပြေပြီ မဟုတ်ဘူးလား။

အာဟာရ အပြင် နောက်တစ်ချက် ကျန်သေးတာက –

မေမေ့ရဲ့ ကြင်နာချစ်ခင်မှုပါ။ ပြီးပြည့်စုံတဲ့ အာဟာရတွေ အပြင် မေမေ့ရဲ့ ဂရုစိုက်မှုတွေကိုပါ ရရှိထားတဲ့ ကလေးတွေက ပိုဉာဏ်ကောင်းကြပါတယ်နော်။

လေ့လာမှုအရ မိခင်ရဲ့ မေတ္တာနဲ့ ဂရုတစိုက်ပြုစုမှုကို ပိုရရှိတဲ့ ကလေးတွေဟာ hippocampus ဦးနှောက်အပိုင်း ပိုဖွံ့ဖြိုးကြတယ်လို့ တွေ့ရှိရပါတယ်။ မိဘမေတ္တာကြားမှာ ပျော်ရွှင်ရတဲ့ ကလေးတွေဟာ စိတ်ဖိစီးမှု ကင်းစင်ပြီး သင်ယူလေ့လာမှုမှာ ပိုသွက်လက်ကြပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.unicef-irc.org/article/958-the-first-1000-days-of-life-the-brains-window-of-opportunity.html

Accessed Feb-27, 2020.

https://www.healthychildren.org/English/ages-stages/baby/Pages/Babys-First-1000-Days-AAP-Policy-Explained.aspx

Accessed Feb-27, 2020.

https://www.parents.com/baby/feeding/nutrition/why-the-first-1000-days-really-matter/

Accessed Feb-27, 2020.

ယခုပုံစံ

25/08/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ



Yun Sandi Nan Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement