သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

တတိယအံသွား ဒါမှမဟုတ် Wisdom Teeth နဲ့ပတ်သက်လို့သိကောင်းစရာ

    တတိယအံသွား ဒါမှမဟုတ် Wisdom Teeth နဲ့ပတ်သက်လို့သိကောင်းစရာ

    သွားနဲ့ခံတွင်းဆိုင်ရာပြဿနာတွေအကြောင်းပြောရင် အံသွားပေါက်တဲ့ကိစ္စက မပါမဖြစ်ပါပဲ။ ကျွန်တော်တို့ လူသားတွေရဲ့သွား ၃၂ ချောင်းမှာ အံသွား၁၂ ချောင်းပါဝင်ပါတယ်။အစားအစာမျိုးစုံကြိတ်ဝါးချေဖျက်ဖို့ အံသွား တွေကိုအသုံးပြုပါတယ်။ အံသွားတွေက သွားဖုံးရဲ့နောက်ဆုံးမှာပေါက်ပြီး သွားတွေစပေါက်တဲ့အချိန်မှာ အံသွား ၈ ချောင်းပဲရှိပါတယ်။။ နောက်ဆုံး အံသွား ၄ ချောင်းက အသက် ၁၆၊ ၁၇ လောက်မှစထွက်လာတတ်ပြီး ဒီ ၄ ချောင်းကို 3rd Molar teeth ဒါမှမဟုတ် Wisdom Teeth လို့လည်းခေါ်ပါတယ်။ အခုဒီဆောင်းပါးမှာတော့ wisdom teeth လို့ခေါ်တဲ့ တတိယမြောက်အံသွားတွေအကြောင်း ပြောပြပေးသွားပါ့မယ်။

    ဘာလို့ Wisdom Teeth ထွက်ရတာလဲ

    ဒါကိုရှင်းပြဖို့ ဟိုးရှေးပဝေသဏီအချိန်ထိ ပြန်သွားရပါမယ်။ ဟိုးအရင်ကျောက်ခေတ်လူသားတွေက အခုခေတ်လို မီးတွေ၊ မီးဖိုတွေသုံးပြီး အစားအစာတွေမချက်ပြုတ်ခဲ့ဘဲ ရှာဖွေရသမျှ အစားအသောက်တွေကို အစိမ်းပဲ ဝါးစားခဲ့ရတာပါ။ မာတဲ့အစားအစာဖြစ်ဖြစ် ပျော့တဲ့အစားအစာဖြစ်ဖြစ် ပါးစပ်ထဲထည့်ဝါးပြီး စားသောက်ရတဲ့အတွက်အဲ့ဒီခေတ်က လူသားတွေရဲ့သွားတွေက အခုခေတ်ကျွန်တော်တို့ရဲ့သွားတွေထက် ပိုအလုပ်လုပ်ရတာကြောင့် ပိုကြီးမားပြီး သွားဖုံးနဲ့မေးရိုး လည်းပိုကျယ်တာကိုတွေ့ရှိခဲ့ပါတယ်။ သွားဖုံးကပိုကျယ်ပြန့်တာမို့ နောက်မှပေါက်လာတဲ့ Wisdom teeth အတွက် နေရာလုံလုံ လောက်လောက်ရှိပြီး ပုံမှန်အတိုင်းတည့်တည့်ပေါက်နိုင်အောင်အထောက်အပံ့ ဖြစ်စေပါတယ်။

    ဘာလို့ အခုခေတ်မှာ Wisdom Teeth မလိုအပ်တော့တာလဲ

    ဒါကို သိရဖို့ အခုခေတ်ကျွန်တော်တို့တွေ စားသောက်နေတဲ့အစားအစာတွေကို တစ်ချက်ကြည့်လိုက်ပါ။ သေချာ နူးညက်အောင်ချက်ပြုတ်ထားတဲ့ အစာကျေညက်လွယ်တဲ့အစားအစာတွေ၊ လျှာပေါ်တင်လိုက်တာနဲ့ ပျော်ဆင်း သွားအောင်စီမံချက်ပြုတ်ထားတဲ့အစားအစာမျိုးတွေကိုစားသုံးမှုများလာတာကြောင့် အရင်ခေတ်ကလူတွေလို နင်းကန်ဝါးနေစရာမလို တော့ပါဘူး။ အစားအစာကိုပိုနူးညံ့အောင်၊ ကျေညက်လွယ်အောင် အဆင့်ဆင့်ပြောင်းလဲချက်ပြုတ်လာတဲ့အတွက် မာတဲ့အရာတွေကိုဝါးပေးမယ့် အံသွားတွေရဲ့ အခန်းကဏ္ဍလည်း တဖြည်းဖြည်း မှေးမြိန်လာပါတယ်။

    ဘာလို့ Wisdom Teeth တွေက စနစ်တကျမပေါက်တာလဲ

    ပြောင်းလဲလာတဲ့ စားသောက်ပုံစနစ်ကြောင့် အရင်တုန်းကလို အံသွားအကြီးကြီးတွေ မလိုအပ်တော့တဲ့အတွက် ကျွန်တော်တို့တွေရဲ့ သွားဖုံးကတဖြည်းဖြည်းသေးငယ်လာပြီး အံသွားအကုန်ပေါက်ဖို့ နေရာကျဉ်းသထက် ကျဉ်းလာပါတယ်။ ဒါ့ကြောင့် နောက်ဆုံးအံသွား (Wisdom Teeth) ပေါက်တဲ့အချိန်မှာ သွားကပုံမှန်အတိုင်း အတည့်မထွက်တော့ဘဲ ပေါက်တတ်ကရတွေဖြစ်ကုန်တော့တာပါပဲ။ အများစုမှာဖြစ်တတ်တာက သွားကထွက်တော့ထွက်လာပါရဲ့၊ ဆက်ပြီးတိုးထွက်လာမယ့် လမ်းကြောင်းမှာ ဘေးက သွားတွေနဲ့ပိတ်နေတော့ အပေါ်ကိုဆက်မထွက်နိုင်တဲ့ပြဿနာကြုံရလေ့ရှိပါတယ်။

    Wisdom Teeth လို့ဘာလို့ခေါ်ရတာလဲ

    တတိယမြောက်အံသွားတွေက ကျွန်တော်တို့သွားဖုံးမှာနောက်ဆုံးမှထွက်လာတဲ့သွားတွေဖြစ်ပါတယ်။ များသောအားဖြင့် အသက် ၁၆၊၁၇ လောက်မှ စပေါက်တတ်ပါတယ်။ လူသားဆိုတာ အသက်ကြီးလာလေ ဉာဏ်ပညာရှိလာလေ လို့ယူဆပြီး Wisdom Teeth လို့ခေါ်ကြတာဖြစ်နိုင်ပေမဲ့ ဒါဟာတကယ်တော့ နာမည်ပေးတဲ့ အလေ့အထတစ်ခုသာဖြစ်ပြီး လူ့အသိဉာဏ်နဲ့ မသက်ဆိုင်ပါဘူး။

    Wisdom Teeth တွေကို နှုတ်ပစ်သင့်သလား

    ပွင့်ပွင့်လင်းလင်းပြောရရင် နောက်ဆက်တွဲ ဘာပြဿနာမှ မဖြစ်လာခင် Wisdom Teeth တွေကို နှုတ်ပစ်သင့် ပါတယ်။ Wisdom Teeth တွေက အဆင်ပြေပြေပေါက်တာနည်းပြီး ပြဿနာတက်တာများလို့ပါ။

    လူတိုင်း Wisdom Teeth ထွက်သလား

    ဒါကတော့ လူသားတွေရဲ့ဆင့်ကဲပြောင်းလဲလာမှုနှင့် တစ်ယောက်ချင်းစီရဲ့မျိုးရိုးဗီဇ အပေါ်မူတည်ပါတယ်။ အပေါ်မှာပြောခဲ့သလိုပဲ ကျွန်တော်တို့တွေဘဝမှာ Wisdom Teeth ကိုအသုံးပြုစရာမလိုအပ်တော့တာကြောင့် ဆင့်ကဲပြောင်းလဲမှုမှာ တဖြည်းဖြည်းကျန်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်က တောင်ကိုရီးယားနိုင်ငံ၊ ပူဆန်သွားဆေးတက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသန တစ်ခုအဆိုအရတော့ အမျိုးသားတွေက အမျိုးသမီးတွေထက် Wisdom Teeth ပိုထွက်နိုင်ပြီး လူဦးရေရဲ့ တစ်ဝက်လောက်မှာ အနည်းဆုံး Wisdom Teeth တစ်ချောင်းတော့ ထွက်လာနိုင်တယ်လို့ဖော်ပြခဲ့ပါတယ်။

    Wisdom Teeth တွေကို အချိန်မီ မနှုတ်ခဲ့ရင် ပြဿနာကြုံရနိုင်လား

    Wisdom Teeth တွေနေရာတကျမပေါက်ရင် သွားဖုံးပိုးဝင်တာ၊ ရေစီးကမ်းပြိုလိုက်တာ၊ ကပ်ရပ်ပေါက်နေတဲ့ သွားတွေပျက်စီးကုန်တာ၊ မေးရိုးထိခိုက်တာ တွေကြုံရနိုင်ပါတယ်။ အချိန်ကြာလာလေ တခြားသွားတွေကို ပြဿနာပေးနိုင်လေဖြစ်လို့ Wisdom Teeth တွေကို အချိန်မလွန်ခင် နှုတ်ပြီးဖယ်ရှားပစ်ဖို့ အကြံပေးလိုပါတယ်။

    ရေးသားသူ – Dr.Htoo Tint

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    health-tool-icon

    ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။

    ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။

    အမျိုးသား

    အမျိုးသမီး

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Aye Thi Mon မှ ရေးသားသည်။ 22/06/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: