backup og meta

ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ် (၆) မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 08/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ် (၆) မျိုး   

    ကိုယ်တွင်းကအစိတ်အပိုင်းတွေအားလုံးပုံမှန်အလုပ်လုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ခန္ဓာကိုယ်က သူ့ဖာသာမထုတ်လုပ်နိုင်ပါဘူး။ စားသောက်ရာက ရလာတဲ့ အာဟာရဓာတ်တွေပေါ် မှီခိုရပါတယ်။ ဒါ့ကြောင့် ဒီတစ်ခေါက်ကျန်းမာရေးဗဟုသုတအနေနဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ် (၆) မျိုး   ကို ပြောပြပေးပါ့မယ်။

    ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ် (၆) မျိုး

    ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ် (၆) မျိုး   ကတော့

    ၁။ ပရိုတင်းဓာတ်

    ကိုယ်လက်ကြံ့ခိုင်ရေးကစားနေတဲ့သူတွေပဲ ပရိုတင်းဓာတ်များများစားဖို့လိုအပ်တာမဟုတ်ပါဘူး၊ တကယ်တော့ ပရိုတင်းဓာတ်က ကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်ဖြစ်ပြီး လူတိုင်းစားသုံးပေးဖို့ လိုအပ်ပါတယ်။ ကြွက်သားကစပြီး အရိုး၊ အရေပြားတွေဖွဲ့စည်းတဲ့နေရာမှာရော ဟော်မုန်းတွေ၊ antibodies တွေထုတ်လုပ်ဖို့အတွက်ပါ ပရိုတင်းဓာတ်က မရှိမဖြစ်ပါ။ ပရိုတင်းဓာတ်ကို အသားငါးအမျိုးမျိုး၊ ဥအမျိုးမျိုးနဲ့ ပဲအမျိုးမျိုးစားသုံးခြင်းကနေ အဓိက ရရှိနိုင်ပါတယ်။

    ၂။ ကာဘိုဟိုက်ဒရိတ်

    ကာဘိုဟိုက်ဒရိတ်လို့ကြားရင် လူကိုဝစေပြီး ကျန်းမာရေးနဲ့မညီညွတ်တဲ့ဓာတ်လို့ပဲ မထင်စေချင်ပါဘူး။ တကယ်တော့ ကာဘိုဟိုက်ဒရိတ်ဓာတ်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တစ်ခုဖြစ်ပြီး ဦးနှောက်နဲ့အာရုံကြောတွေ ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ ကာဘိုဟိုက်ဒရိတ်ကိုအဓိကသုံးစွဲရပါတယ်။ ကာဘိုဟိုက်ဒရိတ်ပါတဲ့အစားအသောက်တွေအများကြီးရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တာရှိသလို မညီညွတ်တာတွေလည်းတွေ့နိုင်ပါတယ်။ ပဲအမျိုးမျိုး၊ အမျှင်ဓာတ်များများပါတဲ့အသီးအနှံ၊ဟင်းသီးဟင်းရွက်တွေနဲ့ ဆန်ကြမ်း၊ပေါင်မုန့်ကြမ်းတွေက ကာဘိုဟိုက်ဒရိတ်ကြွယ်ဝပြီး ကျန်းမာရေးနဲ့လည်း သင့်လျော်ပါတယ်။

    ၃။ ဗီတာမင်ဓာတ်အမျိုးမျိုး

    ဗီတာမင်ဓာတ်တစ်မျိုးစီက ခန္ဓာကိုယ်ကို ပြင်ပရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် ၁၃ မျိုးရှိပြီး အစားအစာထဲမှာ ဒီဓာတ်တွေ လုံလုံလောက်လောက်ပါဝင်အောင် စားသုံးပေးရင် ကျန်းမာရေးကောင်းမွန်စွာနေနိုင်မှာဖြစ်သလို ကင်ဆာလို နာတာရှည်ရောဂါတွေ ဖြစ်ပွားနှုန်းနည်းသွားအောင်လည်း ကူညီပေးနိုင်ပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံတွေ မျှမျှတတစားသုံးမယ်၊ စားလိုက်သမျှကိုလည်း ခန္ဓာကိုယ်ကကောင်းကောင်းခြေဖျက်ပြီးစုပ်ယူသုံးစွဲနိုင်မယ်ဆို လိုအပ်တဲ့ဗီတာမင်တွေရရှိပြီးဖြစ်လို့ ဘာဖြည့်စွက်စာမှ မှီဝဲဖို့မလိုအပ်ပါဘူး။

    ၄။ သတ္တုဓာတ်များ

    သတ္တုဓာတ်တွေကတော့ သန်မာတဲ့အရိုးအဆစ်တွေ၊သွားတွေဖြစ်အောင်၊ ကိုယ်တွင်းဇီဝဖြစ်ပျက်မှုထိန်းညှိနိုင်အောင် အဓိကလုပ်ဆောင်ပေးပြီး ဓာတ်တစ်မျိုးခြင်းစီမှာ အထူးလုပ်ဆောင်ချက်တွေရှိပါတယ်။ ဥပမာ ကယ်လ်စီယမ်က အရိုးတွေကိုသန်မာစေပြီး ကြွက်သားလှုပ်ရှားမှုကိုအထောက်အပံ့ပေးပါတယ်။ သံဓာတ်က သွေးနီဥထုတ်လုပ်တဲ့လုပ်ငန်းမှာကူညီပေးပြီး ဇင့်ဓာတ်ကတော့ ခုခံအားစနစ်တိုးတက်အောင်ကူညီပါတယ်။

    ၅။ အဆီဓာတ်

    အဆီလို့ဆိုလိုက်ရင် လူအတော်များများက မကောင်းတဲ့ဓာတ်လို့ပဲ မြင်တတ်ကြပေမဲ့ တကယ်တမ်းတော့ အဆီဓာတ်က ခန္ဓာကိုယ်မှာ အသုံးဝင်တဲ့နေရာ အများကြီးရှိပါတယ်၊ ဥပမာ စားသုံးလိုက်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကိုစုပ်ယူအသုံးပြုနိုင်အောင်လုပ်ပေးတယ်၊ ဆဲလ်အသစ်တွေဖွဲ့စည်းဖို့ ကူညီပေးတယ်၊ ကြွက်သားလှုပ်ရှားမှုမှာလည်း ပါဝင်ဆောင်ရွက်ပေးပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီအမျိုးအစားကိုသာရွေးချယ်မှီဝဲပေးမယ်ဆိုရင် သွေးတွင်းအချိုဓာတ်ထိန်းညှိခြင်း၊ နှလုံးရောဂါကိုကာကွယ်ပေးခြင်းနဲ့ အမျိုးအစား၂ ဆီးချိုရောဂါကိုကာကွယ်ပေးခြင်းလို အကျိုးကျေးဇူးတွေရနိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီအမျိုးအစားတွေကတော့ အစေ့အဆန်အမျိုးမျိုး၊ ငါးအမျိုးမျိုးနဲ့ ဟင်းသီးဟင်းရွက်တွေကရတဲ့ omega-3 နဲ့ omega-6 fatty acid တွေပဲဖြစ်ပါတယ်။ ထောပတ်၊ဒိန်ခဲ၊ အနီရောင်အသားတွေမှာပါဝင်တဲ့ပြည့်ဝဆီတွေကတော့ ကျန်းမာရေးကိုထိခိုက်စေတာကြောင့် တတ်နိုင်သလောက် ရှောင်ကြဉ်သင့်ပါတယ်။

    ၆။ ရေ

    ထမင်းမစားဘဲ ရက်သတ္တပတ်တွေ အကြာကြီး နေနိုင်ပေမဲ့ ရေမသောက်ရင်တော့ ရက်နည်းနည်းတောင် ခံနိုင်မှာမဟုတ်ပါဘူး။ ရေကကျွန်တော်တို့ ခန္ဓာကိုယ်အတွက် အရမ်း အရေးကြီးတဲ့ ဓာတ်တစ်ခုဖြစ်ပြီး ပျမ်းမျှအနေနဲ့ ခန္ဓာကိုယ်ရဲ့ ၆၂% ကလည်း ရေဓာတ်နဲ့ဖွဲ့စည်းထားတာပါ။ ဦးနှောက် ပုံမှန် အလုပ်လုပ်နိုင်ဖို့၊ ကိုယ်တွင်းကအဆိပ်အတောက်တွေ ခြေဖျက်စွန့်ပစ်နိုင်ဖို့၊ ဝမ်းမချုပ်အောင်ကာကွယ်ဖို့ စတဲ့အရေးကြီး လုပ်ဆောင်ချက် အားလုံးအတွက် ရေ လိုအပ်ပါတယ်။ တစ်နေ့ကို အနည်းဆုံးရေ ၂ လီတာလောက် သောက်သုံးပေးသင့်ပြီး တချို့ သစ်သီးဝလံတွေကနေလည်း ရေဓာတ် များများ ရရှိနိုင်ပါတယ် ဥပမာ ဖရဲသီး ဖြစ်ပါတယ်။

    ရေးသားသူ – Dr. Htoo Tint

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 08/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement