backup og meta

တစ်နှစ်အောက် ကလေး ရုတ်တရက်သေဆုံး ခြင်း

တစ်နှစ်အောက် ကလေး ရုတ်တရက်သေဆုံး ခြင်း

ဒါကို ဆေးပညာအရ Sudden infant death syndrome (SIDS) လို့ ခေါ်ပါတယ်။ တစ်နှစ်အောက် ကလေးတစ်ယောက် အကောင်းကြီးကနေ ရုတ်တရက် (အထူးသဖြင့် အိပ်နေချိန် အတွင်းမှာ) သေဆုံးသွားလို့ရှိရင် ဒီလိုခေါ်ပါတယ်။ ပုခက်တွင်း ရုတ်တရက်သေဆုံး ခြင်းလို့လဲ ခေါ်ပါတယ်။ အကြောင်းက တော်တော်များများကို ပုခက်ထဲမှာ သေလျက် အနေအထားနဲ့ တွေ့ရလို့ပါ။

သေရတဲ့ အကြောင်းရင်းကို မသိပေမယ့် ယူဆကြတာက ကလေးရဲ့ ဦးနှောက်မှာ အသက်ရှူတာနဲ့ ပြန်နိုးထတဲ့ အပိုင်းက မွေးရာပါ ချို့ယွင်းချက်ရှိနေလို့ပါတဲ့။

ဒီလို အခြေအနေမှာ တချို့သော အပြုအမူတွေက ကလေးကို အန္တရာယ်ဖြစ်စေပါတယ်။ ဒါတွေက ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင်။

ဘာလို့ ကလေးတွေ ရုတ်တရက်သေဆုံး ရတာလဲ။

ကလေးမှာရှိတဲ့ နဂိုရောဂါအခံ ရှိလို့ပဲဖြစ်ဖြစ်၊ အိပ်တဲ့ ပုံစံမမှန်လို့ပဲဖြစ်ဖြစ် ရုတ်တရက်သေဆုံး နိုင်ချေ ရှိပါတယ်။ ကလေး တစ်ယောက်နဲ့ တစ်ယောက်နဲ့တော့ မတူနိုင်ဘူးပေါ့။
ကလေးရဲ့ နဂို ရောဂါအခံများ

တချို့ ကလေးတွေမှာ တော်တော်ကြီးတဲ့အထိ အသက်ရှူတာနဲ့ အိပ်ရာက ပြန်ထဖို့ ထိန်းချုပ်ထားတဲ့ အစိတ်အပိုင်းက မဖွံ့ဖြိုးတဲ့အတွက် ရုတ်တရက် သေဆုံးနိုင်ချေ များပါတယ်။

လမစေ့တဲ့ ကလေး၊ အမြွှာကလေးတွေက ဦးနှောက်ဖွံ့ဖြိုးမှုက နောက်ကျတတ်ပါတယ်။ ဒါကြောင့် အသက်ရှူတာ၊ နှလုံးခုန်တာတွေကို ထိန်းချုပ်နိုင်စွမ်း မရှိပါဘူး။

  • အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း

အအေးမိပြီး ကောင်းကောင်းမကုဘူး ဆိုရင်လည်း အသက်ရှူရခက်တဲ့ ပြဿနာတွေကြောင့် ရုတ်တရက် သေဆုံးတတ်ပါတယ်။

  • အိပ်ရာထဲက ပြဿနာများ

ကလေးရဲ့ အိပ်ရာထဲက ပစ္စည်းတွေ၊ ကလေးအိပ်တဲ့ ပုံစံတွေက ရုတ်တရက် သေဆုံးနိုင်ချေ များစေပါတယ်။ ဥပမာပြောရရင်

-မှောက်လျက်အိပ်တဲ့၊ ဘေးစောင်းအိပ်တဲ့ ကလေးတွေက ပက်လက်အိပ်တဲ့ ကလေးတွေထက် အသက်ရှူရ ပိုခက်တတ်ပါတယ်။

-မွေ့ရာပျော့ပျော့၊ ရေမြုပ်အိပ်ရာပေါ် မှောက်အိပ်တဲ့ ကလးတွေက အသက်ရှူလမ်းကြောင်း ပိတ်နိုင်ချေ များပါတယ်။

– မိဘတွေက ကလေးနဲ့ တစ်ခန်းထဲ အိပ်ရင် ဖြစ်နိုင်ချေ နည်းပေမယ့် တစ်အိပ်ရာထဲ အိပ်ရင် ဖြစ်နိုင်ချေ များပါတယ်။

-အခန်းအပူချိန် မြင့်ရင်လည်း ရုတ်တရက် သေဆုံးနိုင်ချေ များပါတယ်။

ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။

ဒီလို ရုတ်တရက်သေဆုံး တာက ကလေးတိုင်း ဖြစ်နိုင်ပေမယ့် အောက်က အချက်ရှိတဲ့ ကလေးတွေက ပိုဖြစ်နိုင်ပါတယ်တဲ့။

  • ယောကျာ်းလေးတွေက ပိုဖြစ်နိုင်ပါတယ်။
  • အသက် ၂လနဲ့ ၄လကြား ကလေးတွေက ပိုဖြစ်နိုင်ပါတယ်။
  • ရှေ့ကလေးတွေမှာ ရုတ်တရက် သေဆုံးတဲ့ ရာဇဝင်ရှိရင် ပိုဖြစ်နိုင်ပါတယ်။
  • အိမ်မှာ ဆေးလိပ်သောက်တဲ့သူရှိလို့ ဆေးလိပ်ငွေ့ရှူရရင်လည်း ရုတ်တရက် သေဆုံးတတ်ပါတယ်။
  • လမစေ့ ပေါင်မပြည့်တဲ့ ကလေးတွေကလည်း ရုတ်တရက် သေဆုံးနိုင်ချေ များပါတယ်။

တစ်ခါတစ်လေ ကလေးကြောင့် မဟုတ်ဘဲ အမေက ကိုယ်ဝန်ဆောင်ချိန်မှာ ဒီပြဿနာတွေ ရှိနေရင် ကလေးက ရုတ်တရက် သေဆုံးနိုင်ပါတယ်။

  • အမေက အသက်၂၀အောက် ဖြစ်နေရင်
  • ဆေးလိပ်သောက်ရင်
  • မူးယစ်ဆေးသုံးတာ၊ အရက်သောက်တာ
  • ကိုယ်ဝန်သေချာ မအပ်တာ စတာတွေကြောင့် မွေးလာတဲ့ ကလေးမှာ ရုတ်တရက် သေဆုံးနိုင်ချေ များပါတယ်။

ဘယ်လို ကာကွယ်ရမလဲ။

အောက်က နည်းလမ်းတွေက ၁၀၀ရာခိုင်နှုန်း ကာကွယ်နိုင်တာ မဟုတ်ပေမယ့် ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။

  • ပက်လက်သိပ်ပါ။

ကလေးကို သိပ်ရင် မှောက်ရပ်၊ ဘေးစောင်း သိပ်မယ့် အစား  ပက်လက်သိပ်ပါ။ အိမ်မှာ ရှိတဲ့ လူတွေ အကုန်လုံးကိုလည်း မှာထားပေးပါ။ ကလေး နိုးနေရင်တော့ ပြဿနာ မရှိပါဘူး။ တစ်နှစ်လောက်ထိ ဒီလို သိပ်ပေးပါ။ ဒါမှမဟုတ် အကူအညီမပါဘဲ သူ့ဟာသူ လှိမ့်နိုင်တဲ့ အရွယ်အထိ သိပ်ပေးပါ။

  •  ပုခက်ထဲမှာ တတ်နိုင်သမျှ ဘာပစ္စည်းမှ မထားပါနဲ့။

မွေ့ရာ မာမာနဲ့ သိပ်ပေးပါ။ မွေ့ရာ ပျော့ပျော့ ဒါမှမဟုတ် စောင်ပုံထဲမှာ မသိပ်ပါနဲ့။ ပုခက်ထဲမှာ ခေါင်းအုံးတွေ၊ အမွေးပွ အရုပ်တွေ မထားပါနဲ့။ ဒါတွေက အခန့်မသင့်ရင် ကလေး မျက်နှာကို အုပ်မိပြီး အသက်ရှူလမ်းကြောင်း ပိတ်တတ်ပါတယ်။ ကလေးကို ခေါင်းအုံးနဲ့ မအိပ်ရလို့ ဘာမှ မဖြစ်ပါဘူး။ ခေါင်းအုံးနဲ့ သိပ်တာက ကောင်းကျိုးထက် ဆိုးကျိုးကို များစေပါတယ်။

  • ကလေးကို အပူမလွန်ပါစေနဲ့။

ကလေးကို နွေးနွေးထွေးထွေး ထားနိုင်ရင် ရပါပြီ။ စောင်တွေ အထူကြီး ခြုံပေးတာက ကလေးကို အပူလွန်ကဲ စေပါတယ်။ ကလေးခေါင်းကို စောင်နဲ့ မအုပ်ပါနဲ့။ မျက်နှာကို အုပ်မိပြီး အသက်ရှူလမ်းကြောင်း ပိတ်တတ်ပါတယ်။ ဒီအစား လုံလုံခြုံခြုံဝတ်ပေးတာက ပိုပြီး အကျိုးရှိပါတယ်။

  • ကလေးနဲ့ တစ်ခန်းတည်းအိပ်ပါ။

တစ်ခန်းထဲ အိပ်တာက ကလေးကို အချိန်မရွေး ထကြည့်နိုင်ပါတယ်။ ဒါပေမယ့် တစ်ကုတင်တည်းတော့ မအိပ်ပါနဲ့။ ကလေးကို ကုတင်နဲ့ သက်သက် သိပ်ပါ။ ကလေး အသက် ၆လအထိ တတ်နိုင်ရင် ၁နှစ်အထိ သက်သက်သိပ်ပေးပါ။

ကလေးကုတင်နဲ့ပဲ သိပ်ပေးပါ။ လူကြီးကုတင်က စောင်တွေ ခေါင်းအုံးတွေက ကလေးကို အသက်ရှူကြပ်စေပါတယ်။ တစ်ခါတစ်လေ အိပ်နေရင်း သတိမထားမိလိုက်ဘဲ လူကြီးက ကလေးအပေါ် ပိနေတတ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

ကလေးအသက် ၆လအထိ အမေနို့တစ်မျိုးတည်း တိုက်တာက ကလေးတွေ ရုတ်တရက် သေဆုံးနိုင်ချေကို နည်းစေပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.mayoclinic.org/diseases-conditions/sudden-infant-death-syndrome/symptoms-causes/syc-20352800

https://www.nhs.uk/conditions/sudden-infant-death-syndrome-sids/

 

ယခုပုံစံ

14/07/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လမစေ့ဘဲမွေးသော ကလေးများတွင် အဖြစ်များသော ကျန်းမာရေးပြဿနာများ

နေ့မစေ့ လမစေ့ မီးဖွားခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement