home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

လိင်ပညာပေး သင်ကြားရာမှာ ကြုံလာနိုင်တဲ့ အခက်အခဲများ

လိင်ပညာပေး သင်ကြားရာမှာ ကြုံလာနိုင်တဲ့ အခက်အခဲများ

လိင်ပညာပေး ကို အရင်က ထဲထဲဝင်ဝင် မသင်ကြားဖူးဘူးလို့ ထင်ပါတယ်။ မီလိုက်သလောက် ပြောရရင် အတန်းထဲမှာ ဆယ်ကျော်သက်အရွယ် ခန္ဓာကိုယ် ပြောင်းလဲပုံအကြောင်း၊ မိန်းကလေးတွေ ဓမ္မတာ လာတဲ့ အကြောင်းလောက်ကိုပဲ သင်ပေးဖူးတာပါ။ ခုတော့ လိင်ပညာပေးကို သင်ရိုးညွှန်းတမ်းနဲ့ စနစ်တကျ စာသင်ချိန် တစ်ချိန် ပေးပြီး သင်ရတော့မှာပါ။ ရုတ်တရက်ဆိုတော့ ကျောင်းသားတွေအတွက်ရော၊ ဆရာတွေအတွက်ရော အခက်အခဲလေးတွေ ရှိနိုင်ပါတယ်။ ဘာအခက်အခဲတွေ ရှိမှာလဲဆိုတာ ဆက်ကြည့်ကြရအောင်။

  • အသေးစိတ်ဆွေးနွေးရခြင်း

အရင်ကတော့ ကျောင်းတွေမှာ လက်မထပ်ဘဲ အတူမနေရဘူးလို့ ပြောရင် ကိစ္စပြတ်ပါတယ်။ မျက်နှာ ပူစရာလည်း မလိုသလို ထွေထွေထူးထူး ပြောစရာလည်း မရှိပါဘူး။ ဒါပေမယ့် ခုလိင်ပညာပေးမှာ အတူမနေရဘူးဆိုတာ အပြင် မတော်တဆ အတူနေမိရင် ရောဂါပိုး မကူးစက်အောင်၊ မလိုချင်တဲ့ ကိုယ်ဝန်မရအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာပါ ပါလာပါပြီ။ ဒါတွေကို အသေးစိတ်ပြောရမှာ ဖြစ်တဲ့အတွက် ရုတ်တရက်ဆို မျက်နှာပူစရာတွေ ဖြစ်လာမှာပါ။ ယောက်ျားလေး မိန်းကလေး ရောထားတဲ့ ကျောင်းဆိုရင် ပိုပြီး ဆိုးပါတယ်။

နောက်တစ်ခုက ဆရာ၊ ဆရာမတွေရဲ့ စိတ်ထဲမှာ လိင်ပညာပေး သင်ရတဲ့အတွက်၊ လိင်ကိစ္စကို ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆွေးနွေးရတဲ့ အတွက် အရိုအသေတန်မှာကိုလည်း စိုးရိမ်ကြပါတယ်။

  • ဆရာ ဆရာမများအား လေ့ကျင့်သင်ကြားပေးမှု မရှိခြင်း

သက်ဆိုင်ရာဘာသာရပ်တွေကို သင်ကြားတဲ့နေရာမှာတော့ ဆရာ၊ ဆရာမတွေက အထူးကျွမ်းကျင်မှု ရှိပေမယ့် လိင်ပညာပေး သင်မယ်ဆိုရင်တော့ သင်တန်းပေးဖို့ လိုပါလိမ့်မယ်။ ဒါမှ တိကျတဲ့ အချက်အလက်ကို ပြောနိုင်မှာပါ။ အလွယ်ပြောရရင် ဆရာ၊ ဆရာမတွေကို လိင်ပညာပေး အရင်သင်ရမှာပါ။ နောက်တစ်ခုက အခု လောလောဆယ် ဆယ်တန်းကိုပဲ လိင်ပညာပေး သင်တယ်ဆိုပေမယ့် နောက်ပိုင်းကျရင် ဒီထက်ငယ်တဲ့ အလယ်တန်း၊ မူလတန်းကလေးတွေကို အသက်အရွယ်အလိုက် သင်ပေးရမှာပါ။ အဲ့ဒီအခါ စကားလုံး အသုံးအနှုန်း ရွေးချယ်မှု၊ သူတို့လေးတွေကို နားလည်အောင် ပြောပြနိုင်မှု စတာတွေကိုပါ သင်ထားပေးဖို့ လိုပါတယ်။

  • စာသင်ချိန်နဲ့ ငွေကြေးကုန်ကျမှု

ဒါကို သင်ရိုးညွှန်းတမ်း တစ်ခုအနေနဲ့ သင်မှာ ဆိုတော့ သေချာပေါက် စာသင်ချိန် တစ်ချိန် ပေးဖို့ လိုလာပါပြီ။ ဒါကို တစ်ချိန်ဖဲ့ပေးလိုက်ရင် တခြားဘာသာရပ်တွေကို အလျင်မီအောင် ဘယ်လို သင်မလဲဆိုတာ စဉ်းစားရမှာပါ။ နောက်ပြီး ဆယ်တန်းမှာ သင်တာဖြစ်တဲ့အတွက် ဒီအတန်းက စာမှစာဆိုတာ မေ့ထားလို့ မရပါဘူး။ ဆယ်တန်းဆိုတာ ဘဝ အဆုံးအဖြတ်တစ်ခုလို ဖြစ်နေတဲ့အတွက် ဒီလိုသင်ကြားတာကို အချိန်ကုန်တယ်လို့ မိဘတချို့ တွေးကြမှာကို ထည့်တွက်ထားသင့်ပါတယ်။

နောက်ပြီး ငွေကြေးကုန်ကျမှုပါ။ အရင်က လက်မထပ်ခင် အတူမနေရဘူးလို့ ပြောရင် ပြတ်ပြီ။ ဘာမှလည်း လုပ်ပြစရာ မလိုတော့ဘူး။ ခုက သင်ရိုးရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ သားဆက်ခြားနည်းပါ ပါမှာ ဖြစ်တဲ့အတွက် သင်ထောက်ကူပစ္စည်းတွေ (ဥပမာ ကွန်ဒုံး) လိုလာပါပြီ။ ဒါတွေအတွက် ငွေကြေးကုန်ကျမှုကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို စဉ်းစားရမှာပါ။

  • မိဘများရဲ့ ကန့်ကွက်မှု

လိင်ပညာပေးကို ကျောင်းမှာ တရားဝင်သင်ဖို့ ပြောထားပေမယ့် မိဘများအနေနဲ့ကတော့ လက်ခံချင်မှ လက်ခံမှာပါ။ ခုနကပြောသလို ဆယ်တန်းဆိုတာ ဘဝအချိုးအကွေ့ ဖြစ်တာကြောင့် ဒီချိန်မှာ သင်မယ်ဆို ကလေးက စာကို စိတ်မဝင်စားဘဲနေမယ်တို့၊ ပညာရေးမှာ အနှောင့်အယှက်ဖြစ်တယ်တို့၊ လူကြီးစိတ်ပေါက်သွားမယ်တို့ စသဖြင့် ကန့်ကွက်နိုင်ပါတယ်။ အကြောင်းကတော့ မိဘတွေ ကိုယ်တိုင်က လိင်ပညာပေးကို သေချာ နားမလည်လို့ဘဲ ဖြစ်ပါတယ်။ ဒါတွေ သင်ပေးရင် ကလေးတွေ စောစောစီးစီး လိင်ဆက်ဆံတတ်သွားမယ်။ လင်ယူသားမွေး လုပ်တတ်သွားမယ်လို့ ယူဆတဲ့အတွက်ပဲ ဖြစ်ပါတယ်။

  • လိင်ပညာပေး ကို အထင်အမြင်လွဲမှု

တော်တော်များများက လိင်ပညာပေး သင်ပေးမယ်လို့ ပြောရင် လိင်ဆက်ဆံနည်း သင်ပေးတယ်လို့ ယူဆကြပါတယ်။ ဒါဟာ တကယ့်ပြဿနာပါ။ လေ့လာချက်တွေအရ အသက် ၁၅နှစ်နဲ့ ၁၉နှစ်ကြားတွေကို လိင်ပညာပေး သင်ပေးတဲ့အခါ အိမ်ထောင်မပြုခင် အတူမနေရဘူးဆိုတဲ့ သင်ကြားချက်က မလိုချင်ဘဲ ကိုယ်ဝန်ရတာကို ၅၀ရာခိုင်နှုန်း လျှော့ချပေးနိုင်ပါတယ်။ Comprehensive sex education လို့ ခေါ်တဲ့ ပြီးပြည့်စုံတဲ့ လိင်ပညာပေးခြင်းမှာတော့ ၄၀ရာခိုင်နှုန်းက လိင်ဆက်ဆံတဲ့အချိန် နောက်ကျသွားသလို ၆၀ရာခိုင်နှုန်းက အကာအကွယ်မပါဘဲ လိင်ဆက်ဆံတာ မရှိတော့ပါဘူး။

ဒါကြောင့် လိင်ပညာပေးက ကလေးတွေကို လိင်ဆက်ဆံစေတာ မဟုတ်ပါဘူး။ လိင်ဆက်ဆံတဲ့အရွယ်ကို နောက်ကျစေတဲ့အပြင် လိင်ကတစ်ဆင့် ကူးစက်နိုင်တဲ့ရောဂါတွေ၊ မလိုချင်ဘဲ ကိုယ်ဝန်မရအောင်တွေကိုပါ လျှော့ချပေးပါတယ်။

ဒါတွေကို ဘယ်လိုဖြေရှင်းကြမလဲ။

ကလေးတွေကို မသင်ကြားခင်မှာ အရင်ဆုံး ဆရာ၊ ဆရာမတွေကို သင်တန်းအရင်ပေးသင့်ပါတယ်။ ဒါမှမဟုတ် နားလည် တတ်ကျွမ်းသူတွေကို အကူအညီတောင်းပြီး သင်ခိုင်းတာမျိုးပေါ့။ ယောကျာ်းလေး၊ မိန်းကလေး ရောထားတဲ့ ကျောင်းမှာဆိုရင် အခန်းခွဲပြီး ကျောင်းသားတွေကို ဆရာက သင်၊ ကျောင်းသူတွေကို ဆရာမကသင် ဒီလိုနဲ့လည်း စကြည့်လို့ရပါတယ်။

နောက်တစ်ခုက မိဘနဲ့ ပတ်ဝန်းကျင်ကိုလည်း ပညာပေးရပါမယ်။ လိင်ပညာပေးဆိုတာ ဘာတွေကို သင်တာ၊ လိင်ကိစ္စသက်သက်တင်မဟုတ်ဘဲ နောက်ပိုင်း ဆက်ဆံရေး တစ်ခုမှာ အချင်းချင်း အပြန်အလှန် လေးစားတတ်အောင်အထိပါ သင်ပေးတာဖြစ်ကြောင်း၊ လိင်ပညာပေးသင်လို့ ကလေးတွေ လိင်ဆက်ဆံတတ်မှာ မဟုတ်ကြောင်း နားလည်အောင် ပြောထားဖို့ လိုပါတယ်။ စာသင်ချိန်နဲ့ ငွေကုန်ကြေးကျမှုတွေ အတွက်က အစိုးရနဲ့အတူ NGO၊ INGO အဖွဲ့အစည်းတွေက အတူပူးပေါင်းပြီး ကူညီပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

လိင်ပညာပေးက သင်ကို သင်ပေးရမယ့် အရာပါ။ စစချင်းဆိုတော့ အပေါ်က အခက်အခဲတွေ အပြင် တခြား အခက်အခဲတွေလည်း ကြုံနိုင်ပါသေးတယ်။ ဒါတွေကို အတူတကွ ဖြေရှင်းနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

https://www.globalcitizen.org/en/content/sex-ed-barriers-and-benefits/

https://the-intimacy-coach.com/6-barriers-sex-education-every-parent-needs-know/

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 16/06/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။