backup og meta

ဒူးနာတာ ကို ကုသတဲ့နေရာမှာသုံးတဲ့ ဒူးဆစ်ထဲထိုးသွင်းတဲ့ ဆေးရည်တွေ ဆိုတာ ဘာလဲ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒူးနာတာ ကို ကုသတဲ့နေရာမှာသုံးတဲ့ ဒူးဆစ်ထဲထိုးသွင်းတဲ့ ဆေးရည်တွေ ဆိုတာ ဘာလဲ ။  ။

    ဒူးနာ လို့ ဆေးခန်းသွားရင် ဒူးနာတာကို သက်သာစေဖို့အတွက် ဆေးရည်တွေ ဒူးဆစ်ကြားထဲ ထိုးသွင်းတဲ့ကုသမှု မျိုးခံယူဖူးပါသလား။ အရပ်ထဲမှာဆိုရင် ဒူးခေါင်းက အဆီတွေ ခန်းသွားလို့ ဒူးခေါင်းထဲ အဆီတွေ ထိုးထည့်ပေးတယ်လို့ သိကြပါတယ်။ သူတို့တွေ သိကြတဲ့ အဆီပုလင်း ထိုးဆေးတွေ ဆိုတာ ဘာတွေလဲ။ ဒူးနာတာကို သူတို့က ဘယ်လို သက်သာစေတာလဲ ။ ။

    ဒူးနာတာ ဘာကြောင့် ဖြစ်ရတာလဲ။ ။

    ဒူးနာတာကို ကုသတဲ့နည်းကိုမပြောခင် ဒီလို ဒူးနာတာ ဘာကြောင့်ဖြစ်ရတာလဲဆိုတာကို အရင်ပြောပြချင်ပါတယ်။ ဆေးပညာအရဆို ဒီလို ဒူးနာတာကို Osteoarthritis လို့ခေါ်ကြပါတယ်။ Osteoarthritis အဓိပ္ပါယ်က အရိုးအဆစ်တွေ ရောင်တယ်လို့ ပြောတာပါ။ ဒီလို ဖြစ်ရတာ လှုပ်ရှားရတာ ချောမွေ့မှုရှိစေဖို့ ဒူးခေါင်းအရိုးကို ဖုံးထားပေးတဲ့ အရိုးနုလေး ကွဲသွားတာကြောင့် ဖြစ်ရတာပါ။ ဒီလိုနဲ့ အထဲက အရိုးထိခိုက်သွားပြီး အရိုးအချင်းချင်း ပွတ်တိုက်မိတာကြောင့် ရောင်လာတာ၊ နာကျင်တာ၊ နဲ့ တောင့်တင်းတာတွေ ဖြစ်လာရတာပါ။

    ဒူးနာတာကို ဘယ်လိုကုသကြလဲ။ ။

    အရင်ဆုံးကတော့ လေ့ကျင့်ခန်းလုပ်ခိုင်းပြီး ရေနွေးအိတ်ကပ်တာ၊ ရေခဲကပ်တာတွေနဲ့ အရောင်ကျအောင် လုပ်ခိုင်းပါတယ်။ ဒါတွေနဲ့ မှ မသက်သာရင် အကိုက်အခဲ ပျောက်ဆေး၊ လိမ်းဆေးတွေ လိမ်းခိုင်းပြီး မသက်သာတဲ့ နောက်ဆုံး အဆင့်ကျမှ ဒူးခေါင်းထဲ ဆေးရည်ထိုးသွင်းတဲ့ ကုသမှုကို လုပ်ပါတယ်။

    ဒူးခေါင်းထဲ ထိုးသွင်းတဲ့ ဆေးရည်တွေ ဆိုတာဘာလဲ ။ ။

    ဒီလိုဒူးခေါင်းမှာ ဖြစ်တဲ့ အဆစ်အမြစ်ရောင်တာကို ကုသဖို့အတွက် ဒူးခေါင်းအဆစ်ထဲ ဆေးရည်ထိုးသွင်းတာမှာ ထိုးသွင်းတဲ့ ဆေးရည်မျိုးစုံရှိပါတယ်။ ဒီထဲမှာမှ

  • corticosteroids နဲ့
  • hyaluronic acid နှစ်မျိုးက အသုံးအများဆုံး ဖြစ်ပါတယ်။ ဒီတော့ သူတို့က ဒူးနာတာကို ဘယ်လိုသက်သာအောင် လုပ်ပေးတာလဲ ။ ။
  • Corticosteroids

    Corticosteroids ဆိုတာ စတီးရွိုက်တစ်မျိုးပဲ ဖြစ်ပါတယ်။

    • Osteoarthritis လို့ခေါ်တဲ့ အရိုးအဆစ်တွေ ရောင်တာ၊ ဒူးနာဝေဒနာ ပြန်ပြန်ဖြစ်နေတာကို တားဆီးနိုင်ဖို့နဲ့ ဒူးခေါင်းထဲ အရည်တွေစုလာလို့ ဒူးခေါင်းရောင်လာတာကို သက်သာစေဖို့အတွက် Corticosteroids ကို သုံးပါတယ်။
    • သူ့မှာ ဘေးထွက်ဆိုးကျိုးတွေ ရှိတဲ့အတွက် ဒူးခေါင်းနာတိုင်း Corticosteroids အမြဲထိုးသွင်းနေလို့မရပါဘူး။
    • အာနိသင်ပြတာမြန်တဲ့အတွက် ထိုးသွင်းပြီး ၂၄ နာရီကနေ ၄၈ နာရီအတွင်းမှာ ဒူးခေါင်းနာတာ သက်သာသွားလေ့ရှိပါတယ်။
    • ဒီဆေးရည်က ဒူးနာတာကို ၆ပတ်ကနေ ၁၂ပတ်လောက်အထိ ကာကွယ်ပေးမှာပါ။
    • ဆေးက သက်သာတယ်ဆိုပြီး ခဏခဏ ထိုးလို့ မကောင်းပါဘူး။ ခဏခဏ ဆေးရည်ထိုးရင် ကြာတဲ့အခါ ဆေးနဲ့ ယဉ်သွားပြီး ဒူးခေါင်းနာတာ သက်သာတော့မှာ မဟုတ်တဲ့အပြင် ဆေးက ဒူးခေါင်းအရိုးကိုတောင် ထိခိုက်စေတတ်ပါတယ်။ ဒါ့အပြင် စတီးရွိုက်ဖြစ်တာကြောင့် သူ့ရဲ့ ဆိုးကျိုးတွေ ဖြစ်တဲ့ ကိုယ်အလေးချိန်တက်လာတာ၊ မျက်နှာလေးတွေ ဖောလာတာ၊ ဗိုက်မှာ ခရမ်းရောင် အကြောပြတ်တာလေးတွေ ပေါ်လာတာ၊ ဗိုက်က သိသိသာသာကို ဖောင်းလာတာ နဲ့ ကိုယ်ပေါ်မှာ အမွှေးအမျှင်တွေ ထူလာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် တစ်နှစ်ကို ၂ ခါ ၃ ခါလောက်သာ ထိုးသင့်ပါတယ်။

    Hyaluronic acid

    ဒူးဆစ်တွေ လှုပ်ရှားရတာ ချောမွေ့ဖို့အတွက် ဒူးခေါင်းထဲမှာ Hyaluronic acid လို့ခေါ်တဲ့ အရည်တစ်မျိုးရှိနေရပါတယ်။ ဒီအရည်လေးတွေ ဒူးခေါင်းထဲမှာ နည်းသွားတဲ့အခါ သင်ဒူးနာတာ စပြီး ဖြစ်လာပါတော့တယ်။ ဒီတော့ ဒူးနာတာ သက်သာစေဖို့အတွက် အပြင်ကနေ Hyaluronic acid တွေ ထိုးသွင်းဖို့လိုလာတာပေါ့။

    လေ့လာချက်တွေ အရ တစ်ချို့လူတွေမှာ Hyaluronic acid ထိုးသွင်းရင် အခြား အကိုက်အခဲပျောက်ဆေးတွေ သုံးတာထက် ဒူးနာတာ သက်သာတယ်လို့ဆိုပါတယ်။ Corticosteroids တွေလိုပဲ Hyaluronic acid က ဒူးနာတာကို သက်သာစေတဲ့ နေရာမှာ ဆရာတစ်ဆူဆိုပေမယ့် သူ့ကို

    • အကိုက်အခဲပျောက်ဆေးတွေနဲ့ မသက်သာတဲ့အခါမျိုး၊ အပူ အအေး လိမ်းဆေးတွေနဲ့ မသက်သာတဲ့အခါမျိုး
    • အစာအိမ်နာရှိလို့ အကိုက်အခဲပျောက်ဆေးတွေ သောက်လို့ မရတဲ့အခါမျိုး
    • စတီးရွိုက်တွေထိုးလို့စတီးရွိုက်ရဲ့ ဘေးထွက်ဆိုးကျိုးတွေ ပြင်းပြင်းထန်ထန် ခံစားလာရတဲ့ အခါမျိုးမှာမှာ သုံးလေ့ရှိပါတယ်။

    Hyaluronic acid က ဒူးခေါင်းအဆစ်တွေ လှုပ်ရှားရတာ ချောမွေ့စေဖို့အတွက် ချောဆီအနေနဲ့ ဆောင်ရွက်ပေးပါတယ်။

    Hyaluronic acid ဆေးရည် ၅ မျိုးရှိပြီး တစ်ချို့အမျိုးအစားတွေ ကတော့ တစ်ခါတည်း ထိုးသွင်းရုံနဲ့ ပြီးသွားပေမယ့် တစ်ချို့ကတော့ ဆေးအာနိသင် အပြည့်ရအောင် ၁ပတ်တစ်ခါ နှုန်းနဲ့ ၅ ခါထိုးပေးရပါတယ်။

    ဒါတွေကတော့ ဒူးနာလို့ ဆေးခန်းသွားရင် သင့်ဒူးနာတာကို ကုသတဲ့နေရာမှာ ဆရာဝန်တွေသုံးတဲ့ ဒူးခေါင်းထဲ ထိုးသွင်းတဲ့ဆေးရည်တွေ အကြောင်းပဲဖြစ်ပါတယ်။ အရပ်ထဲမှာ ပြောနေတဲ့ ဒူးဆစ်အဆီခမ်းသွားလို့ အဆီတွေ ထိုးရတယ်ဆိုတာ ဒီ ဆေးရည် နှစ်မျိုးကို ပြောတာပါ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement