အုန်းလွဲလို့ စိတ်ညစ်နေပြီလား
အုန်းလွဲလို့ စိတ်ညစ်နေပြီလား ….. ဒါဆိုရင် ဒီနည်းလမ်းလေးတွေက အဆင်ပြေမှာပါ။
ခပ်ဖွဖွလေးနှိပ်ပေးပါ
အုန်းလွဲတဲ့အခါ ဇက်နဲ့ ပခုံးကို လက်ချောင်းလေးတွေသုံးပြီး ခပ်ဖွဖွလေးနှိပ်ပေးပါ။ အားပြင်းပြင်းနဲ့ မနှိပ်ပါနဲ့နော်။ အကြောနဲ့ ကြွက်သားတွေမှာ ဒဏ်ဖြစ်သွားနိုင်လို့ပါ။ ကျွမ်းကျင်သူနဲ့ နှိပ်ရင်တော့ အကောင်းဆုံးပါ။
သိပ်မလှုပ်ရှားပါနဲ့
အရမ်းနာနေတဲ့အချိန်မှာ စိတ်လိုက်မာန်ပါနဲ့ လည်ပင်းကို လှည့်တာမျိုးမလုပ်ပါနဲ့။ တတ်နိုင်သမျှ လှုပ်ရှားမှုနည်းအောင်ဂရုစိုက်ပါ။
ရေခဲကပ်မယ်
နာနေတဲ့နေရာကို ရေခဲကို တဘက်လေးနဲ့ထုပ်လို့ ကပ်ပေးပါ။ စဖြစ်ချိန်ကနေ ၄၈ နာရီအတွင်းလုပ်ပေးနိုင်ရင် အကောင်းဆုံးပါနော်။ ၁၅ မိနစ်လောက်ကပ်ပြီးတိုင်း ၅ မိနစ်လာက်နေပြီးမှ ထပ်တစ်ခါကပ်ပါ။
ရေနွေးအိတ်ကပ်ပါ
ကြွက်သားတွေနဲ့ အကြောအခြင်တွေကို ပြေလျော့စေနိုင်ပါတယ်။ ဒါကြောင့် ရေနွေးအိတ်လေးနဲ့ နာနေတဲ့နေရာကို ကပ်ပေးပါ။ တစ်ခါကပ်ရင် ၁၅ မိနစ်စီလောက်ကပ်ပေးပါ။ တစ်ချိန်လုံး ရေနွေးအိတ်ကပ်တာမျိုးမလုပ်ပါနဲ့။
ပုံစံမှန်မှန်ထိုင်ပေးပါ
ထိုင်တဲ့အခါ ခါးကို မတ်မတ်လေးထားပြီး ပခုံးတွေကို ပြေလျော့စေတဲ့ပုံစံမျိုးနဲ့ ထိုင်ပါ။ ဒါမှ ဇက်ကြောနဲ့ ဇက်တဝိုက်က ကြွက်သားတွေအပေါ်မှာ သက်ရောက်မှု တင်းအားတွေ လျော့ကျမှာပါ။
နားချိန်လေးပေးပါ
တစ်ချိန်လုံး ကွန်ပျူတာသုံးနေတာမျိုး မလုပ်ပါနဲ့။ ဖုန်းကိုလည်း တစ်ချိန်လုံးကြည့်မနေပါနဲ့။ မျက်လုံးနဲ့ လည်ပင်းတဝိုက်က ကြွက်သားတွေကို သက်သောင့်သက်သာနဲ့ နားနားနေနေနေဖို့ အချိန်လေးပေးပါ။
ရေနွေးနဲ့ ရေချိုးပေးပါ
ရေနွေးနွေးလေးနဲ့ ရေချိုးတာက ကြွက်သားတွေကိုပြေလျော့စေနိုင်တာကြောင့် အုန်းလွဲနေတဲ့အခါရေနွေးနွေးလေးနဲ့ရေချိုးပေးပါ။
အုန်းလွဲတာက ၃ရက်လောက်ကြာတဲ့အထိ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီးဆေးသောက်ကြည့်ဖို့ပြောပါရစေ။
ဘယ်လိုကာကွယ်မလဲ
ခံစားရခက်တဲ့ အုန်းလွဲတဲ့ပြဿနာကို ကာကွယ်လို့ရပါတယ်။
လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းပုံမှန်လုပ်ပေးတာက ခန္ဓာကိုယ်က ကြွက်သားတွေကိုပြေလျော့စေနိုင်ပြီး ရုတ်တရက်အကြောတင်တာမျိုးတွေ၊ အုန်းလွဲတာမျိုးတွေ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။
အိပ်ရာကို သက်သောင့်သက်သာရှိအောင်ပြင်ဆင်ပါ
အိပ်ရာက သက်သောင့်သက်သာမရှိတာ၊ ခေါင်းအုံးက မာတာ၊ မြင့်တာတွေကြောင့် အုန်းလွဲနိုင်တဲ့အတွက် အိပ်စက်မယ့် အိပ်ရာကို သက်သောင့် သက်သာဖြစ်အောင်ပြင်ဆင်ပါ။
အကြောလျှော့ပါ
အလုပ်ခွင်က အလုပ်စားပွဲမှာ တစ်ချိန်လုံးထိုင်မနေပါနဲ့။ အညောင်းပြေ အညာပြေ လမ်းလျှောက်ပါ။ ခုံမှာထိုင်ရင်း ဦးခေါင်းလေ့ကျင့်ခန်းလုပ်ပေးတာ၊ အကြောလျှော့တာမျိုးတွေလုပ်ပေးပါ။
သီချင်းနားထောင်ပါ
စိတ်ဖိစီးမှုကြောင့် အုန်းလွဲနိုင်တဲ့အတွက် အကြောတွေပြေလျော့ပြီး စိတ်ဖိစီးမှုကင်းနေစေဖို့ သီချင်းနားထောင်ပေးပါ။
တရားထိုင်ပါ
စိတ်ဖိစီးမှုများပြီး ကြွက်သားတွေ တင်းတာမျိုးမဖြစ်စေဖို့အတွက် ဝင်သက်ထွက်သက်မှတ်ပြီး တရားထိုင်ပေးပါ။
ဒါတွေအပြင် ကွန်ပျူတာသုံးတဲ့အခါ ကိုယ်နေဟန်ထားမှန်အောင်နေမယ်၊ တစ်ချိန်လုံး ကွန်ပျူတာကနေ မခွာဘဲနေတာမျိုးကိုရှောင်မယ်။ ဖုန်းတစ်ချိန်လုံးသုံးတာမျိုးကို ဆင်ခြင်မယ်ဆိုရင် မာနကြီးတယ်လို့ ထင်ခံရနိုင်တဲ့ အုန်းလွဲတဲ့ပြဿနာကနေ ကင်းဝေးမှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။