home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကိုဗစ်ဆေးရုံ တွေကို ဆေးလိပ်တွေ၊ အရက်တွေ ခိုးသယ်လာကြတဲ့အခါ

ကိုဗစ်ဆေးရုံ တွေကို ဆေးလိပ်တွေ၊ အရက်တွေ ခိုးသယ်လာကြတဲ့အခါ

ပြီးခဲ့တဲ့ ရက်ပိုင်းက ကိုဗစ်ဆေးရုံ တွေမှာ အပြင်ကနေ ဆေးလိပ်တွေ၊ အရက်တွေ ခိုးသယ်လာတဲ့အကြောင်းကို စိတ်မကောင်းစွာ ဖတ်လိုက်ရသေးတယ်။ တကယ်တော့ ဒီဆေးရုံတွေကို အပြင်ကနေ ပစ္စည်းပို့ဖို့ ခွင့်ပြုထားတယ်ဆိုတာ ရုတ်တရက် ဆေးရုံတက်လိုက်ရတဲ့အခါ သောက်လက်စဆေးတွေ၊ တခြား လိုအပ်တဲ့ အသုံးအဆောင်လေးတွေ ပို့နိုင်အောင်လို့ပါ။

ပို့လို့ မရတဲ့ ပစ္စည်းတွေကိုလည်း သတ်မှတ်ထားပါတယ်။ ချွန်ထက်တဲ့ ပစ္စည်းတွေ၊ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ၊ ခြင်ဆေးခွေ၊ ဆေးလိပ်၊ မူးယစ်စေတတ်တဲ့ ပစ္စည်းတွေ စသဖြင့်ပေါ့။ ဘာကြောင့် ဒီလိုတားရသလဲဆိုတာ အကြောင်းအရင်းတွေ ရှိပါတယ်။

ဘာကြောင့် ပစ္စည်းတွေ ကန့်သတ်ထားတာလဲ။

ကိုဗစ်ဆေးရုံကြီးဟာလည်း တခြားဆေးရုံကြီးတွေလိုပါပဲ။ လူပေါင်းစုံဖြစ်တဲ့အတွက် ဘယ်သူ့ ဘယ်သူကိုမှ တာဝန်မယူနိုင်ပါဘူး။ ခြေဆော့ လက်ဆော့ ရှိတဲ့သူ ပါလာလို့ ပစ္စည်းတွေ ပျောက်တာ ပြုတာဖြစ်မှာ စိုးလို့ ယူမလာခိုင်းတာပါ။ အချင်းချင်း ခိုက်ရန်ဖြစ်ပွားတာတွေ ရှိနိုင်တဲ့အတွက် ချွန်ထက်တဲ့ ပစ္စည်းတွေ၊ မူးယစ်စေနိုင်တဲ့ ပစ္စည်းတွေ သယ်မလာခိုင်းတာပါ။

နောက်ပြီးတော့ ကိုဗစ်လူနာတွေက အောက်ဆီဂျင်လိုပါတယ်။ အောက်ဆီဂျင်ပိုက်လိုင်းတွေ အများကြီး ထားရပါတယ်။ အောက်ဆီဂျင်က သူ့ဟာသူဆို ပြဿနာ မရှိပေမယ့် မီးလောင်တာကို အင်မတန်မှ အားပေးတဲ့ ဓာတ်ငွေ့ပါ။ ဆေးလိပ်တို့၊ ခြင်ဆေးတို့ သယ်မလာခိုင်းတာပါ။ နည်းနည်းလောက် မှားသွားတာနဲ့ မီးလောင်ပေါက်ကွဲတဲ့ အဆင့်ကို ရောက်သွားမှာပါ။ ရှိတဲ့လူနာတွေက သန်သန်မာမာတွေ ပါသလို၊ ICUထဲမှာ အသက်လုနေရတဲ့ သူတွေလည်း ပါပါတယ်။ ဖြစ်လာရင် ဆုံးရှုံးမှု ကြီးမားလို့ တင်းတင်းကြပ်ကြပ် တားဖြစ်ထားတာပါ။

ဒါပေမယ့် . . . ဒါပေမယ့် ဒီလောက်တားနေတဲ့ကြားထဲက နည်းမျိုးစုံနဲ့ ခိုးဝှက်ပြီး ယူလာတာကို လူမှုကွန်ယက်မှာ စိတ်မကောင်းဖွယ် တွေ့လိုက်ရပါတယ်။ ထုံးစံအတိုင်း အောက်က ကွန်မင့်တွေမှာ မသိလို့ နေမှာပါ။ ပညာပေးလိုက်ပါတို့။ သောက်နေကြ လူက မသောက်ရရင် မနေနိုင်လို့ သီးသန့်နေရာ စီစဉ်ပေးလိုက်ပါတို့ စသဖြင့် တွေ့ရပါတယ်။

မသိဘူးဆိုသူတွေအတွက်က ခုရှင်းပြပြီးပါပြီ။ ဒါတွေ ဒါတွေကြောင့် ဒီလိုတွေ တားထားတာပါ။ နောက်တစ်ခုက မသိဘူးဆိုရင်တောင် ဆေးရုံက ထုတ်ထားတဲ့ စည်းကမ်းကို လိုက်နာရပါမယ်။

ပြီးတော့ သီးသန့်နေရာစီစဉ်ပေးဖို့ကတော့ မဖြစ်နိုင်ဘူးလို့ပဲ ပြောပါရစေ။ ဘာကြောင့်လဲဆိုတော့ ဆေးရုံမှာ ဆေးလိပ်သောက်တာ၊ အရက်သောက်တာက ထုတ်ထားတဲ့ စည်းကမ်း မရှိသည့်တိုင် မလုပ်ရဘူးဆိုတာကို လူတစ်ယောက်အနေနဲ့ သဘောပေါက်ပြီး ဖြစ်ရပါမယ်။ ဆေးရုံဆိုတာ လူနာတွေထားတာဖြစ်တဲ့အတွက် ဆေးလိပ်ငွေ့ ကင်းစင်နေမှဖြစ်ပါမယ်။

နေရာသီးသန့် စီစဉ်ပေးရင်လည်း စီစဉ်ပေးတဲ့ နေရာမှာပဲ သောက်လိမ့်မယ်လို့ ဘယ်သူမှ အာမမခံနိုင်ပါ။ ဝန်းထဲမှာ ဆေးလိပ်သောက်ခွင့်ပဲ အဖတ်တင်ပါလိမ့်မယ်။ မတော်တဆ ဆေးလိပ်တိုကို အမှုမဲ့ အမှတ်မဲ့ စွန့်ပစ်မိလို့ မီးလောင် ပေါက်ကွဲရင် ဆုံးရှုံးသွားမယ့် အသက်တွေ အများကြီးပါပဲ။

ကိုဗစ်ကို လာကုပါတယ်ဆိုမှ စဉ်းကမ်းမရှိတဲ့ လုပ်ရပ်ကြောင့် အသက်ဆုံးရှုံးရတာကို ဘယ်လူနာကိုမှ မဖြစ်စေချင်ပါဘူး။ နောက်ပြီး ကိုဗစ်သည် အဆုတ်ကို အဓိက ထိခိုက်တာ ဖြစ်တဲ့အတွက် ဒီအချိန်မှာ အဆုတ်ကို ထိခိုက်မယ့် အပြုအမူမျိုးတွေကို ရှောင်ကြဉ်ဖို့ လိုပါတယ်။ ကိုယ်ခံအားကျစေမယ့် အရက်သေစာ သောက်စားတာကို ရှောင်ဖို့ လိုပါတယ်။ ကိုယ့်ဆေးလိပ်ငွေ့ကြောင့် သူများမထိခိုက်ဖို့ ရှောင်ကြဉ်ရပါမယ်။

ဒါပေမယ့် သောက်နေကျလူက မသောက်ရရင် မနေနိုင်ဘူး။

ဒါကတော့ သောက်နေကျလူတွေ ပြောနေကြစကားပါ။ သောက်နေကြမို့လို့ မသောက်ရရင် တစ်ခုခုလိုနေသလိုပဲတို့၊ မသောက်ရ မနေနိုင်ပါဘူးတို့။ ဒါကတော့ တစ်ဦးချင်း စိတ်နဲ့ပဲ ဆိုင်ပါတယ်။ ကိုဗစ်ဆေးရုံမှာ လက်ရှိဆေးရုံဆင်း ခွင့်ပြုချက်အရ ရောဂါမပြင်းထန်တဲ့ လူနာဆို ၁၀ရက်၊ ၁၁ရက်နေရင် ဆင်းလို့ ရပါပြီ။ ဆင်းပြီး အိမ်ပြန်ရမှာဖြစ်တဲ့အတွက် ဒီရက်ပိုင်လေးကိုတော့ သည်းခံရမှာပါ။

ကိုယ့်အတွက်ရော သူများအတွက်ပါ မထိခိုက်အောင်လို့ ဒီတစ်ပတ် ၁၀ရက်လေးကို စိတ်ကို မထိန်းနိုင်ဘူးလား။ ဒါဆိုရင်လည်း နည်းလမ်းလေးတွေ ပေးလိုက်ပါမယ်။

ကိုဗစ် ဆေးရုံမှာ ဆေးလိပ်၊ အရက်ရှောင်နိုင်ဖို့

ဒီနည်းလမ်းတွေက ဆေးလိပ်၊ အရက် မပြတ်သည့်တိုင် လတ်တလော တစ်ပတ် ၁၀ရက်မှာ ကိုယ့်ရဲ့ သောက်ချင်စိတ်ကို အာရုံလွှဲနိုင်မှာပါ။

  • စိတ်ဓာတ်ကြံ့ခိုင်ပါစေ။

ရောက်နေတာ ဆေးရုံ။ ဆေးလိပ်တွေ၊ အရက်တွေ သောက်လို့ မဖြစ်ဘူးဆိုတာ စိတ်သွင်းထားပါ။ ငါလည်း နေမကောင်း ဖြစ်နေတာပဲ။ ငါ့ကိုယ်ထဲမှာ ပိုးတွေရှိနေတာပဲ။ ခုရောဂါမပြင်းထန်ရင် ၁၀ရက်ဆို အိမ်ပြန်ရပြီ။ ဒါတွေ လုပ်လို့ ရောဂါပိုဆိုးလာရင် ဆေးရုံမှာ အကြာကြီး နေရမှာ၊ အခန့်မသင့်ရင် အသက်အန္တရာယ်ဖြစ်သွားနိုင်တယ်ဆိုတဲ့ စိတ်ကို မွေးထားပါ။

ငါသောက်လိုက်လို့ ဘေးက ငါ့မိဘတွေအရွယ်တွေပါ ထိခိုက်ကုန်ရင်၊ သူတို့ရောဂါတွေ ပိုဆိုးကုန်ရင်၊ မတော်တဆ မီးလောင်သွားရင် ငါ့အပြစ်ပဲလို့ တွေးထားပါ။ ဒီလို ကိုယ့်ကိုယ်ကို အဆက်မပြတ် သတိပေးနေတာက သောက်ချင်တဲ့ စိတ်ကို ကြံ့ကြံ့ခိုင် တိုက်ထုတ်နိုင်မှာပါ။

ဒါလည်း အာရုံလွှဲနည်း တစ်မျိုးပါပဲ။ ထိုင်နေရင် သောက်ဖို့ပဲ စဉ်းစားနေတော့ ထပြီး ၅မိနစ်လောက် လမ်းလျှောက်လိုက်ပါ။

  • စိတ်ကူးယဉ်ကြည့်ပါ။

အရင်က ပျော်စရာကောင်းတဲ့ ကိစ္စတွေ ဒါမှမဟုတ် ဆေးရုံက အိမ်ပြန်သွားရင် ဘာလုပ်မလဲ စသဖြင့် စိတ်ကူးပုံဖော်ကြည့်ပါ။ တတ်နိုင်သမျှ ပျော်စရာကောင်းတာတွေပဲ တွေးပါ။ ဒါကလည်း သောက်ချင်စိတ်ကို ပျောက်စေပါတယ်။

တရားထိုင်တာ ဖြစ်ဖြစ်၊ လမ်းလျှောက်ရင်း ရင်ဘတ်ကို ဖွင့်ပြီး အသက်ရှူတာဖြစ်ဖြစ် လုပ်ကြည့်ပါ။ အဆုတ်ထဲကို လေကောင်းကောင်းရောက်လို့ အဆုတ်ကျန်းမာတဲ့အပြင် ဆေးလိပ်သောက်ချင်စိတ်၊ အရက်သောက်ချင်စိတ်ပါ သက်သာလာပါလိမ့်မယ်။

  • ရေတဝသောက်ပါ။

ရေဆာလို့ရှိရင် ခန္ဓာကိုယ်က ဗိုက်ဆာသလို၊ တစ်ခုခုကို ဆာလောင်သလို အချက်ပြပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်ချင်သလိုလို ဖြစ်လာတတ်ပါတယ်။ ရေတဝသောက်လိုက်လို့ အာသာပြေသွားရင် ဒီစိတ်လည်း ပျောက်သွားပါတယ်။

  • ဝါသနာ အသစ်တစ်ခုလုပ်ပါ။

လုပ်စရာ မရှိရင် အရင်က လုပ်နေကြ ဆေးလိပ်တွေ၊ အရက်တွေဆီပဲ အာရုံရောက်သွားမှာပါ။ ဒါကြောင့် ဒီ၁၀ရက်မှာ ဝါသနာတစ်ခုခုမွေးမြူပါ။ စာအုပ်ဖတ်တာဖြစ်ဖြစ်၊ ဂိမ်းဆေ့ာတာ ဖြစ်ဖြစ်၊ နောက်ဆုံး လုပ်စရာ မရှိရင် ရုပ်ရှင်ကြည့်တာဖြစ်ဖြစ် လုပ်နေလိုက်ပါ။

ရေဆာသလိုပဲ သွေးထဲမှာ သကြားဓာတ်နည်းသွားရင်လည်း ဆေးလိပ်က သောက်ချင်လာပြန်ပါတယ်။ ဒါကြောင့် အာဟာရပြည့်အောင် စားပေးပါ။ ဒါက မြန်မြန်နာလန်ထူဖို့အတွက်လည်း အထောက်အကူဖြစ်ပါတယ်။

  • အပြင်လူတွေနဲ့ ဆက်သွယ်ပါ။

မိသားစုတွေ၊ သူငယ်ချင်းတွေဆီ ဆက်သွယ်ပြီး ကိုယ်သက်သာတဲ့အကြောင်းလေး သတင်းပါးလိုက်ပါ။ သူတို့ အပျော်တွေ ကိုယ့်ဆီကူးစက်ပြီး နေလို့ထိုင်လို့ ကောင်းလာပါလိမ့်မယ်။ တချို့တွေက စိတ်ညစ်ရင် ဆေးလိပ်ချည်း လိမ့်သောက်ကြသကိုး။

သင်ဟာ မကြာခင်မှာ ဆေးရုံဆင်းရတော့မှာပါ။ ကိုဗစ်ကိုတောင် အနိုင်တိုက်နိုင်တဲ့ သင်က ဒီ၁၀ရက်ကို ဆေးလိပ်၊ အရက်မသောက်ဘဲလည်း နေနိုင်ပါတယ်။ စိတ်ပိုင်းဖြတ်ပြီး သင့်အတွက်ရော သူများအတွက်ရော ကြိုးစားကြည့်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 26/10/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။