home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အိမ်မှာနေရင်း COVID-19ကို တိုက်ခိုက်ရအောင်။

အိမ်မှာနေရင်း COVID-19ကို တိုက်ခိုက်ရအောင်။

သင်က COVID-19ကို ကာကွယ်ဖို့ အရေးကြီးတဲ့ နေရာမှ တာဝန်ထမ်းဆောင်နေတယ်ဆိုတာ သိပါသလား။ သင်မှ မဟုတ်ပါဘူး။ အိမ်မှာနေတဲ့ သူတိုင်းက COVID-19ကို ကာကွယ်ဖို့ တစ်တပ်တစ်အား ကူညီနေကြတာပါပဲ။ သင်တစ်ယောက် အိမ်မှာ နေလိုက်တာက သင်ရော၊ သင့်မိသားစုအတွက်ရော၊ သင့်ပတ်ဝန်းကျင်အတွက်ရော ဘယ်လောက်ထိ အကျိုးရှိတယ်ဆိုတာ ကြည့်ကြည့်ရအောင်။

ဘာလို့ အိမ်မှာ နေခိုင်းရတာလဲ။

ဒီဗိုင်းရပ်စ်က လူတစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ကူးစက်နှုန်း သိပ်မြန်ပါတယ်။ ဒါကြောင့် စဖြစ်ပြီး ၄လအတွင်းမှာပဲ နိုင်ငံပေါင်းများစွာ၊ လူပေါင်း တစ်သန်းကျော်ကူးစက်ခံရပြီး ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာလိုက်ရတာပေါ့။ တကယ်တော့ ဗိုင်းရပ်စ်က သူ့ဟာသူ မကူးစက်နိုင်ပါဘူး။ လူတွေက သွားလာပြီး ဗိုင်းရပ်စ်ကို ဖြန့်ဝေနေလို့သာ ပျံ့သွားတာပါ။ လေ့လာချက်တွေအရ ရောဂါပိုးရှိတဲ့ သူတစ်ယောက်က နောက်ထပ် ၂ယောက် ၃ယောက်လောက်ကို ရောဂါဖြန့်ဝေနိုင်ပါတယ်။ ဒါကြောင့် လူစုလူဝေးကို လျှော့ချမှ ဖြစ်မှာပါ။

တခြားနိုင်ငံတွေမှာ လူစုလူဝေး မလုပ်ဖို့ပြောတာကို မလိုက်နာလို့ လူပေါင်းများစွာ ကူးစက်ခံရပြီး ဒုက္ခရောက်ခဲ့ရတာကို သင်ခန်းစာ ယူသင့်ပါတယ်။ ဒါကို ကြောက်လို့ တချို့နိုင်ငံတွေမှာ lockdownချလိုက်တာကိုလည်း ကြားလိုက်ကြမှာပါ။ မြန်မာနိုင်ငံမှာလည်း လူစုလူဝေးကို ရှောင်ဖို့ သင်္ကြန်ပွဲကို ပိတ်လိုက်တာ၊ တခြား လူစုနိုင်တဲ့ ပွဲတွေကို ပိတ်လိုက်တာ၊ အလုပ်တွေကို အိမ်ကနေ လုပ်ခိုင်းတာ၊ လူစုလူဝေးကို ရှောင်ပြီး ကိုယ့်အိမ်မှာပဲ ကိုယ်နေခိုင်းတာတွေ ရှိပါတယ်။ ဘာကြောင့် ဒါကို လုပ်ခိုင်းရတာလဲ။ ဘာအကျိုးကျေးဇူးတွေ ရှိနိုင်လို့လဲ။

အိမ်မှာနေတော့ ဘာဖြစ်လဲ။

တချို့ကလည်း အိမ်မှာ နေရင် ဒီရောဂါ ပျောက်သွားမှာလားလို့ စောဒကတက်ကြပါတယ်။ ရောဂါပျောက်၊ မပျောက်တော့ မသေချာပေမယ့် ရောဂါကူးနှုန်းကတော့ တော်တော်ကြီး နည်းသွားမှာပါ။

အရင်ဆုံး အကျိုးကျေးဇူးခံစားရမှာက သင်ကိုယ်တိုင်ပါပဲ။ လူစုလူဝေးကြားမှာထက်စာရင် အိမ်မှာ နေတာက ရောဂါပိုးနဲ့ ထိတွေ့ဖို့ အခွင့်အလမ်း တော်တော် နည်းပါတယ်။ အခုဆိုရင် ဘာလက္ခဏာမှမပြဘဲ ရောဂါပိုး သယ်ဆောင်ထားတဲ့ သူတွေ ရှိနေနိုင်တဲ့အတွက် အိမ်မှာ နေတာ အလုံခြုံဆုံးပါ။ မတော်တဆ သင်အပြင်သွားလို့ ရောဂါပိုးပါလာမယ်။ သင်က ခုခံအားကောင်းတော့ ဘာမှ မဖြစ်ပေမယ့် အိမ်က ဘိုးဘိုးဘွားဘွားတွေ၊ ရောဂါအခံရှိတဲ့သူတွေ၊ ကလေးတွေက ထိခိုက်နစ်နာမှာပါ။ နောက်ပြီး ကိုယ့်မှာ ရောဂါရှိတာကို မသိဘဲ အပြင်ထွက်မိမယ်ဆိုရင် သင်နဲ့ ထိတွေ့ဆက်ဆံတဲ့သူတွေပါ အကုန်ကူးကုန်မှာပေါ့။ ဒါကြောင့် အိမ်မှာ နေပါလို့ ပြောရတာပါ။ နောက်ထပ် အကျိုးကျေးဇူးတစ်ခုက အိမ်မှာ နေရင်း ခုခံအား တက်အောင် လုပ်လို့ရတာပါပဲ။

အိမ်မှာနေရင်း ခုခံအား တက်အောင် လုပ်လို့ရလား။

သေချာပေါက်ရတာပေါ့။ အိမ်မှာလည်း နေမယ်။ ခုခံအားလည်း ကောင်းနေမယ်ဆိုရင် COVID-19ကို ကာကွယ်ဖို့ အသင့်ဖြစ်နေမှာပါ။ နည်းလမ်းတွေကတော့

အာဟာရပြည့်အောင် စားသောက်ပါ။

ခုခံအား တက်ဖို့အတွက် အာဟာရပြည့်အောင် စားဖို့က အကောင်းဆုံးနည်းလမ်းပါပဲ။ ခုအိမ်မှာပဲ နေရတာဆိုတော့ စားချင်တာကို ချက်ချင်း ချက်စားလို့ရပါတယ်။ အရေးကြီးတာက

  • ဒီချိန်မှာ နေ့တိုင်း အာဟာရအုပ်စုကြီး သုံးစုရော၊ ဗီတာမင်၊ သတ္တုဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်တာတွေရော မျှတအောင် စားဖို့လိုပါတယ်။
  • အိမ်မှာနေတာပဲ ဆိုပြီး အသင့်စားအစားအသောက်တွေ လွယ်လွယ်ကူကူ မစားလိုက်ပါနဲ့။ (ဥပမာ အသင့်စား ခေါက်ဆွဲပြုတ်၊ အာလူးကြော်)
  • တတ်နိုင်ရင် ပူပူနွေးနွေး သန့်သန့်ရှင်းရှင်း ချက်ပြုတ်စားသောက်ပါ။
  • ချိုလွန်းတာတွေ၊ ငန်လွန်းတာတွေ၊ အဆီများတာတွေ ရှောင်ပါ။
  • အိမ်မှာ နေတဲ့အခါ အရင်ကထက် လှုပ်ရှားမှုနည်းသွားနိုင်ပါတယ်။ ဒါကြောင့် ဝမ်းချုပ်တတ်ပါတယ်။ အမျှင်ဓာတ်ပါတာတွေ စားပေးပါ။ ရေများများ သောက်ပါ။
  • အိမ်မှာနေတာပဲ ဆိုပြီး အရက်တွေ အများကြီး မသောက်ပါနဲ့။ အရက်က ကိုရိုနာဗိုင်းရပ်စ်ကို မသေစေနိုင်တဲ့ အပြင် ခုခံအားကို ထိခိုက်တတ်လို့ ရှောင်ကြဉ်သင့်ပါတယ်။

အိပ်ရေးဝဝအိပ်ပါ။

အရင်က မနက်မိုးလင်းတာနဲ့ အလုပ်သွား၊ ကျောင်းသွားရလို့ အိပ်ရေးမဝဘူးဆိုရင် ဒီအချိန်မှာ အတိုးချပြီး အိပ်လိုက်ပါတော့။

  • တစ်နေ့ကို အနည်းဆုံး ၈နာရီလောက် အိပ်ပေးပါ။ ညဉ့်နက်မှ မအိပ်ပါနဲ့။
  • နေ့လယ်ဘက်တွေမှာ မိနစ်၂၀ထက် မများစေဘဲ ခဏ မှေးတာက ဦးနှောက်ကို အနားရပြီး ကိုယ်ရော စိတ်ပါ ကျန်းမာစေပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ။

အိမ်မှာ နေနေတဲ့ အတွက် အရင်ကထက်စာရင် လှုပ်ရှားမှုနည်းသွားနိုင်ပါတယ်။ ဒီလိုမဖြစ်ရအောင် နည်းလမ်းတွေ ပြောပြထားပါတယ်။

  • ခြံထဲမှာ လေ့ကျင့်ခန်း လုပ်ပါ။ အပြင်ထွက်လို့မရပေမယ့် ခြံထဲတော့ ဆင်းလို့ရပါတယ်။ လေ့ကျင့်ခန်း မလုပ်ချင်တောင် အပင်တွေ ပေါင်းသင်မြက်နှုတ်တာမျိုး၊ ရေလောင်းတာမျိုး လုပ်နိုင်ပါတယ်။
  • အင်တာနက်ဝက်ဆိုက်တွေကနေ လေ့ကျင့်ခန်း ဗီဒီယိုတွေ ရှာပြီး လုပ်လို့ရပါတယ်။ ကိရိယာနဲ့ရော ကိရိယာလွတ်ရော လုပ်လို့ရပါတယ်။
  • အလေးတုံး မရှိလို့လည်း စိတ်မညစ်ပါနဲ့။ ရေသန့်ဘူးထဲ ရေထည့်ပြီး မ လို့ရပါတယ်။
  • အိမ်ထဲမှာ လမ်းလျှောက်ပေးပါ။ လှေကား အတက်အဆင်းကို တမင်သက်သက် လုပ်ပေးပါ။
  • အထိုင်မများပါစေနဲ့။ တီဗွီရှေ့မှာ အကြာကြီး မထိုင်ပါနဲ့။ အချိန်သတ်မှတ်ထားပြီး မတ်တပ်ထရပ်ပေးပါ။ ဖုန်းလာလို့ ဖုန်းပြောရင်လည်း မတ်တပ်ရပ်ပြီး ပြောပါ။
  • စိတ်တည်ငြိမ်ပြီး အကြောတွေ ပြေလျှော့ဖို့ တရားထိုင်ပါ။ ယောဂကျင့်ပါ။

နောက်ဆုံးအနေနဲ့ မှာချင်တာကတော့ မဖြစ်မနေ အပြင်သွားရတယ်ဆိုရင် (ဥပမာ စျေးထွက်ဝယ်တာမျိုး)

  • လက်ဆေးပါ။ လက်သန့်ဆေးရည်သုံးပါ။
  • လူတွေနဲ့ ခပ်ခွာခွာနေပါ။
  • maskတပ်ပါ။

အိမ်ထဲမှာနေတဲ့ သင်ဟာ ကိုယ့်ကိုယ်ကိုရော သူများကိုပါ ကာကွယ်ပေးနေတဲ့ သူရဲကောင်းလေးပါပဲ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 03/10/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။