home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကိုယ်ဝန်ဆောင်ချိန် မှာ အသင့်တော်ဆုံးဖြစ်မယ့် အိပ်စက်မှုပုံစံများ

ကိုယ်ဝန်ဆောင်ချိန် မှာ အသင့်တော်ဆုံးဖြစ်မယ့် အိပ်စက်မှုပုံစံများ

အမျိုးသမီးတိုင်းမှာ တွေ့ကြုံရတတ်တဲ့ စွန်းစားရတဲ့အချိန်ရှိပါတယ်။ ဒါကတော့ ကိုယ်ဝန်ဆောင် တဲ့အချိန်ပါ။ ကိုယ်ဝန်ဆောင်ချိန် က မိခင်တွေအတွက်တော်တော်လေးကို စွန့်စားရတဲ့အခိုက်အတန့်ပေါ့။ ကိုယ်ဝန်ဆောင်နေချိန်မှာ လွယ်ထားရတဲ့ ရင်သွေးလေးကျန်းကျန်းမာမာနဲ့ လူ့လောကထဲရောက်လာစေဖို့ အနေအထိုင် အစားအသောက်အလုံးစုံကိုသတိထားဂရုစိုက်ရပါတယ်။ ဒီလိုဂရုစိုက်ရတဲ့အထဲမှာ မိခင်ရဲ့ အိပ်စက်မှုပုံစံကလည်း မပါမဖြစ်ကိုပါဝင်နေပါတယ်။ မိခင်ကအိပ်စက်မှုပုံစံမမှန်ဘူးဆိုရင် မိခင်မှာရောမွေးလာမယ့် ကလေးငယ်မှာပါ ထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။

ကိုယ်ဝန်ဆောင် နဲ့ အိပ်စက်မှုပုံစံ

ကိုယ်ဝန်ကလရင့်လာလေလေ အိပ်စက်ရတာပိုခက်ခဲလာလာလေပါ။ ပုံမှန်အချိန်တွေမှာ အိပ်စက်တဲ့အခါ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ အိပ်စက်တတ်တဲ့သူအဖို့ဆိုရင် ဗိုက်ကြောင့် အိပ်စက်ရတာခက်ခဲမှုပိုဖြစ်နိုင်ပါတယ်။ အိပ်စက်မှုပုံစံကိုတောင် ကိုယ့်စိတ်တိုင်းကျ မအိပ်စက်ရတာလည်း မိခင်တစ်ယောက်ရဲ့ စွန့်လွှတ်အနစ်နာခံရမှုတွေထဲက တစ်ခုပေါ့။ မိခင်ရဲ့ အိပ်စက်မှုက မိခင်ရော ကလေးရဲ့ ကျန်းမာရေးကိုသက်ရောက်နိုင်မှုရှိပါတယ်။ ကိုယ်ဝန်နုစဉ်အချိန်မှာ မိခင်အနေနဲ့မှောက်ရက်အနေအထားနဲ့ အိပ်စက်တာ ညာဘက်ကိုစောင်းပြီး အိပ်စက်တာမျိုးကို အချိန်ကြာမြင့်စွာအိပ်စက်မယ်ဆိုရင် ကိုယ်ဝန်ပျက်ကျနိုင်ခြေတော်တော်လေးများပါတယ်။

ကိုယ်ဝန်ဆောင်အိပ်စက်မှုကိုအထောက်အပံ့ပြုမယ့် ကိုယ်ဝန်ဆောင်ခေါင်းအုံး

အိပ်စက်တဲ့အခါ တစ်ဖက်တည်းကို အချိန်အကြာကြီးစောင်းပြီး ဒူးတွေကိုကွေးလျက်အနေအထားနဲ့ အိပ်ဖို့က သာမန်ချိန်မှာတောင်တော်တော်လေးအဆင်မပြေတဲ့အနေအထားပါ။ ဒီလိုအနေအထားမှာ ဘယ်လိုများအဆင်ပြေအောင်နေရမှာလဲ အချိန်က တစ်ရက်နှစ်ရက်လည်းမဟုတ် ကိုးလ-ဆယ်လလောက်ကာလကို အဆင်ပြေပြေဖြတ်သန်းဖို့ကလိုတယ်လေ။ ဒီပြဿနာတွေကိုဖြေရှင်းပေးနိုင်မယ့်အရာတွေလည်းခေတ်ကာလတိုးတက်မှုနဲ့အတူ ဖြစ်ပေါ်လာတာကတော့ တော်ပါသေးတယ်။ အခုကိုယ်ဝန်ဆောင်မိခင်တွေအတွက် အိပ်စက်မှုကို အထောက်အပံ့ဖြစ်စေမယ့် Pregnancy Pillowလေးတွေရှိနေပါပြီ။ ကိုယ်ဝန်ဆောင်မိခင်တိုင်းကောင်းမွန်တဲ့ အိပ်စက်မှုကို ပိုင်ဆိုင်နိုင်ဖို့ မဖြစ်မနေဆောင်ထားသင့်တဲ့ ပစ္စည်းလေးတစ်ခုပေါ့။

ကိုယ်ဝန်ရင့်လာတာနဲ့အမျှ ဗိုက်ကရှေ့ထွက်လာသလို ရင်သားတွေလည်းဖွံ့ဖြိုးလာပါတယ်။ ဒီလိုအနေအထားမှာမှောက်အိပ်ဖို့လည်းမဖြစ်နိုင် ပက်လက်အိပ်ဖို့ကလည်းမဖြစ်နိုင်တဲ့အနေအထားပါ။ ပက်လက်အိပ်တဲ့အခါ သားအိမ်ကကျောရိုး၊နောက်ကျောကြွက်သားတွေနဲ့ ပင်မသွေးကြောတွေကိုဖိထားသလိုဖြစ်တာကြောင့် ကိုယ်တွင်းသွေးစီးဆင်းမှု နည်းသွားတာ သန္ဓေသားဆီသွေးစီးဆင်းရောက်ရှိမှုနည်းသွားတာတွေဖြစ်နိုင်ပါတယ်။ အိပ်စက်တဲ့အခါ ဗိုက်အောက်မှာခေါင်းအုံးခပ်ပျော့ပျော့လေးထားအိပ်တာခြေထောက်နှစ်ဖက်ကြားမှာခေါင်းအုံးခုထားတာကျောနောက်ဘက်မှာခေါင်းအုံးခုထားတာမျိုးလေးတွေလုပ်ပေးတာကလည်း အိပ်စက်မှုကို အဆင်ပြေစေမှာပါ။

အိပ်စက်မှုကို အနှောက်အယှက်ဖြစ်စေတဲ့ တခြားပြဿနာတွေ

ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ မကြာခဏလန့်နိုးတာဖြစ်နိုင်သလို အိပ်စက်တဲ့အခါ သက်တောင့်သက်သာမရှိသလိုခံစားရတာမျိုးတွေဖြစ်နိုင်ပါတယ်။နောက်ထပ်ကြုံတွေ့ရနိုင်တာတစ်ခုကဟော်မုန်းပြောင်းလဲလာမှုကြောင့် အိပ်မပျော်တာ၊ ရင်ပူတာ၊နေရထိုင်ရ မသက်မသာဖြစ်တာမျိုးတွေခံစားရနိုင်ပါသေးတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ သက်တောင့်သက်သာရှိစေပြီး အိပ်ပျော်စေမယ့်နည်းလမ်းတစ်ခုက အဝတ်အစားတွေကိုအေးအေးလူလူရှိတဲ့ ချည်သားလေးတွေဝတ်ဆင်တာ၊ သက်တောင့်သက်သာဖြစ်စေဖို့ ခပ်ပွပွလေးတွေဝတ်ဆင်တာက ကိုယ်ဝန်ဆောင်တွေအတွက်အဆင်အပြေဆုံးဖြစ်မှာပါ။

ကိုယ်ဝန်ဆောင်ချိန်မှာဘေးအကင်းဆုံးနဲ့ စိတ်အချရဆုံးအိပ်စက်မှုပုံစံက ဘယ်ဘက်ကိုစောင်းပြီးအိပ်စက်တာပါ။ ဒီအိပ်စက်မှုပုံစံက မိခင်အတွက်ရော သန္ဓေသားအတွက်ပါသွေးစီးဆင်းမှုကောင်းမွန်စေနိုင်ပြီး အချင်းကိုသွေးရောက်ရှိမှုကိုလည်း အနှောင့်အယှက်မဖြစ်စေပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်တွေအနေနဲ့ ဘယ်ဘက်ကိုစောင်းအိပ်နိုင်သလိုPregnancy Pillow ရဲ့ အကူအညီနဲ့ သက်တောင့်သက်သာဖြစ်အောင်နေလို့ရပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Do Sleeping Positions Affect Babies During Pregnancy?https://www.livestrong.com/article/493935-do-sleeping-positions-affect-babies-during-pregnancy/ Accessed Date 24 July 2018

Positioning While Sleepinghttps://www.webmd.com/baby/positioning-while-sleeping Accessed Date 24 July 2018What’s the best sleeping position during pregnancy?https://www.babycenter.com/404_whats-the-best-sleeping-position-during-pregnancy_7608.bc Accessed Date 24 July 2018

Best sleeping positions during pregnancyhttps://www.todaysparent.com/pregnancy/being-pregnant/best-sleeping-positions-during-pregnancy/ Accessed Date 24 July 2018

How to Sleep Safely while Pregnanthttps://www.thebump.com/a/safe-sleeping-positions-while-pregnant Accessed Date 24 July 2018

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။