backup og meta

ကိုဗစ်ရောဂါ ကို ပြင်းပြင်းထန်ထန် ခံစားရနိုင်သူများ


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 10/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုဗစ်ရောဂါ ကို ပြင်းပြင်းထန်ထန် ခံစားရနိုင်သူများ

    ကိုဗစ်ရောဂါ နဲ့ ပတ်သက်လာရင် တချို့က တုပ်ကွေးလို လက္ခဏာတွေနဲ့ ပြန်လည်သက်သာသွားကြပေမယ့် တချို့က ပြင်းထန်တဲ့ ဝေဒနာတွေ  ခံစားရပြီး အောက်ဆီဂျင်ရှူရတဲ့အဆင့်အထိ ရောက်ကြပါတယ်။ ဒီတော့ ဘယ်လိုလူတွေက ကိုဗစ်ဖြစ်ရင် ပိုပြီးပြင်းပြင်းထန်ထန် ခံစားရနိုင်လဲဆိုတာ လေ့လာကြည့်ရအောင်။

    ကိုဗစ်ရောဂါ ပြင်းပြင်းထန်ထန် ခံစားရတယ်ဆိုတာ

    ကိုဗစ်ရောဂါရှိနေတဲ့ သူတစ်ယောက်က

  • ဆေးရုံတက်ရလောက်တဲ့ အနေအထားဖြစ်တယ်
  • အထူးကြပ်မတ်ဆောင်မှာ ကုသရတယ်
  • အသက်ရှူစက်တင်ရတယ်
  • အသက်အန္တရာယ်ရှိတဲ့ အနေအထားကို ရောက်ခဲ့တယ်ဆိုရင် ပြင်းထန်တယ်လို့ ပြောလို့ရပါတယ်။
  • ဘယ်လိုလူတွေက ပြင်းထန်ကိုဗစ်ဖြစ်နိုင်သလဲ။

  • အသက်ကြီးတဲ့သူတွေ
  • အရွယ်မရွေး ကိုဗစ်ရောဂါ ကူးစက်နိုင်တယ်ဆိုပေမယ့် လူလတ်ပိုင်းနဲ့ လူကြီးပိုင်းက အများဆုံး အကူးခံရပါတယ်။ ပြင်းထန်ကိုဗစ်ဖြစ်နိုင်ခြေက အသက်ကြီးလာလေလေ ဖြစ်နိုင်ခြေ များလေလေပါ။ ၈၅နှစ်နဲ့အထက်ဆိုရင်တော့ အဆိုးဆုံးပေါ့။ ဒါ့ပြင် အသက်လည်း ကြီးမယ်။ ရောဂါအခံလည်း ရှိမယ်ဆိုရင်တော့ ပိုပြီး ပြင်းထန်နိုင်ခြေ များပါတယ်။

    အထူးသဖြင့် ဘိုးဘွားရိပ်သာလိုမျိုး အစုအဝေးနဲ့ နေရတဲ့ နေရာတွေမှာ ပိုပြီး သတိထားရမှာပါ။ အနီးကပ်နေကြတဲ့အတွက်  တစ်ယောက်ဖြစ်ရင် နောက်လူတွေကို ကူးဖို့ အင်မတန်မှ လွယ်ပါတယ်။ ဒါ့ပြင် အသက်ကြီးတဲ့ သူတွေက သတိလည်း မေ့တတ်ကြတဲ့အတွက်  ကာကွယ်ရေး နည်းလမ်းတွေကို တိတိကျကျ လိုက်လုပ်ဖို့ ခက်ပါတယ်။ ဥပမာ လက်ဆေးဖို့ မေ့တာ၊ အပြင်ထွက်ရင် နှာခေါင်းစည်းကျန်ခဲ့တာ။

    • အဆုတ်ရောဂါများ

    COVID-19က အဆုတ်ကို အဓိကထိခိုက်စေတာကြောင့် နဂိုအဆုတ်ရောဂါအခံရှိရင် ပိုပြီးပြင်းထန်နိုင်ပါတယ်။ အထူးသဖြင့် နာတာရှည် အဆုတ်ရောင်ရောဂါ၊ အဆုတ်ကင်ဆာ၊ အဆုတ်ကျုံ့တာ၊ ပြင်းထန်ပန်းနာရင်ကျပ်ရောဂါတွေ  ရှိရင် ပိုပြီး သတိထားသင့်ပါတယ်။

    ဒါ့ပြင် ဒီလိုရောဂါတွေမှာ ကုသတဲ့ ဆေးတွေကလည်း လူနာရဲ့ ခုခံအားကို ကျစေနိုင်တဲ့အတွက် ဆေးနဲ့ ရောဂါနဲ့ သေချာ ချိန်ညှိထားဖို့ လိုပါတယ်။ အထူးသဖြင့် ပန်းနာရင်ကျပ်သမားတွေမှာ စတီးရွိုက်တွေ သောက်နေရတာ ရှိနိုင်ပါတယ်။

    အဆုတ်ရောဂါမရှိသည့်တိုင် အဆုတ်ကို ထိခိုက်စေနိုင်တဲ့ ဆေးလိပ်သောက်တာ၊ Vapeသောက်တာတွေကို ရှောင်ဖို့ လိုပါတယ်။ ခုခံအားကျပြီး ကိုဗစ်ဖြစ်ရင်ပြင်းထန်နိုင်တဲ့ အလားအလာရှိပါတယ်။

    နှလုံးရောဂါတွေကလည်း ပြင်းထန်ကိုဗစ်ကို ဖြစ်စေနိုင်ပါတယ်။ ဒီထဲမှာ နှလုံးကြွက်သားရောဂါ၊ အဆုတ်သွေးတိုးရောဂါ၊ မွေးရာပါ နှလုံးရောဂါ၊ နှလုံးပျက်စီးတာ၊ နှလုံးသွေးကြောရောဂါ စတာတွေ ပါပါတယ်။ ဒါ့ပြင်  သွေးတိုးရောဂါရှိသူတွေအနေနဲ့ သွေးတိုးမထိန်းနိုင်ဘူးဆိုရင် ပြင်းထန်ကိုဗစ် ဖြစ်နိုင်ခြေများပါတယ်။

    • ဆီးချိုရောဂါနဲ့ အဝလွန်ပြဿနာ

    အမျိုးအစား ၁နဲ့ ၂ ဆီးချိုရောဂါတွေက ကိုဗစ်ဖြစ်လာရင် ပြင်းထန်စေနိုင်ပါတယ်။ ဒါ့ပြင် အဝပါလွန်နေမယ်ဆိုရင်တော့ ပိုဆိုးတာပေါ့။

    ဆီးချိုရောဂါရော အဝလွန်တာရောက ကိုယ်ခံအားကို ကျစေပါတယ်။ ဆီးချိုက ကိုဗစ်မှမဟုတ် တခြားရောဂါပိုးတွေ ဝင်နိုင်ခြေကိုလည်း များစေပါတယ်။ ဒါကြောင့် ဆီးချိုရှိရင် ဆေးသေချာသောက်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပါ။ အဝလွန်နေခဲ့ရင် အစားအသောက်ဆင်ခြင်၊ လေ့ကျင့်ခန်း လုပ်ပြီး ဝိတ်ချပါ။

    • ကင်ဆာနဲ့ သွေးရောဂါများ

    လက်ရှိမှာ ကင်ဆာရောဂါခံစားနေရသူတွေက ကိုဗစ်ဖြစ်လာရင် ပြင်းထန်ဖို့ များပါတယ်။ ဒါပေမယ့် ဖြစ်တဲ့ကင်ဆာအမျိုးအစားနဲ့ ခံယူနေတဲ့ ကုထုံးတွေအပေါ်တော့ မူတည်ပါသေးတယ်။

    တံဇဉ်ပုံ သွေးအားနည်းရောဂါကလည်း ပြင်းထန်ကိုဗစ် ခံစားရနိုင်တဲ့ နောက်ထပ် အခြေအနေတစ်ခုပါ။ ဒီမျိုးရိုးလိုက် သွေးရောဂါမှာ သွေးနီဥဆဲလ်တွေ ပုံစံမမှန်တာကြောင့် မြန်မြန်ပျက်စီးပြီး အောက်ဆီဂျင်ကို လုံလုံလောက်လောက် မသယ်ပို့ပေးနိုင်ပါဘူး။ ဒါကြောင့် သွေးကြောငယ်လေးတွေမှာလည်း သွားပိတ်ပါသေးတယ်။

    မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ သာလဆီးမီးယား သွေးရောဂါကလည်း ပြင်းထန်ကိုဗစ်ကို ဖြစ်စေနိုင်ပါတယ်။ သာလဆီးမီးယားမှာ ခန္ဓာကိုယ်ကဟေမိုဂလိုဘင်ကို ကောင်းကောင်း မထုတ်ပေးနိုင်တာကြောင့် သွေးနီဥတွေက အောက်ဆီဂျင်ကို ကောင်းကောင်း မသယ်နိုင်ပါဘူး။

    • ခုခံအားကျရောဂါ

    ခုခံအားကျနေတဲ့အခါ ကိုယ်ထဲကို ဝင်လာတဲ့ ပိုးတွေကို တိုက်ထုတ်နိုင်စွမ်း နည်းသွားပါတယ်။ ရောဂါတွေ၊ ဆေးကုသမှု နည်းလမ်းတွေက ခုခံအားကို ထိခိုက်စေနိုင်ပါတယ်။ ဥပမာ ကိုယ်အင်္ဂါ အစားထိုးထားတာ၊ ကင်ဆာကုထုံး၊ ရိုးတွင်းခြင်ဆီ အစားထိုးတာ၊ HIVရောဂါ၊ ခုခံအားထိန်းညှိဆေးတွေ သောက်နေရတာ စတာတွေပဲ ဖြစ်ပါတယ်။

    ဒီလိုမျိုး ခုခံအား ကျစေနိုင်တဲ့ အနေအထားတွေ ရှိနေရင် အစတည်းက ကိုဗစ်ပိုး အကူးမခံရအောင် သေချာကာကွယ်ထားသင့်ပါတယ်။ တတ်နိုင်သမျှ ကိုဗစ်ပိုးတဲ့ ထိတွေ့မှု မရှိအောင်  အနေအထိုင် ဆင်ခြင်သင့်ပါတယ်။

    • နာတာရှည် ကျောက်ကပ် ဒါမှမဟုတ် အသည်းရောဂါ

    နာတာရှည် ကျောက်ကပ်နဲ့ အသည်းရောဂါတွေကလည်း ခုခံအားကို ကျစေနိုင်ပါတယ်။ ဒါကြောင့် ကိုဗစ်ဖြစ်ခဲ့ရင် ပြင်းထန်နိုင်ခြေ များပါတယ်။ ဒါ့ပြင် ကိုဗစ်ရောဂါကိုယ်တိုင်ကရော ကိုဗစ်ကုသဆေးတွေကပါ အသည်းကို ထပ်ပြီးထိခိုက်စေနိုင်ပါတယ်။

    ဒေါင်းရောဂါရှိသူတွေက များသောအားဖြင့် အဆုတ်မကောင်းတဲ့အတွက် ကိုဗစ်ရောဂါဖြစ်နိုင်ခြေ များပါတယ်။ ဒါ့ပြင် နှလုံးရောဂါ၊ အိပ်ဟောက်ရှူရပ်ရောဂါ၊ ဆီးချို၊ အဝလွန် စတဲ့ တခြားရောဂါအခံတွေလည်း ရှိတဲ့အတွက် ကိုဗစ်ဖြစ်လာရင် ပြင်းထန်နိုင်ခြေ များပါတယ်။

    ကိုဗစ်ရောဂါ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ။

    သူတို့ကလည်း တခြားသူတွေလိုပဲ ကိုဗစ်ရောဂါ မကူးစက်အောင်

    • လူစုလူဝေးရှောင်တာ
    • မရှောင်နိုင်ရင် နှာခေါင်းစည်းတပ်ပြီးမှ အပြင်ထွက်တာ
    • မကြာခဏ လက်ဆေးတာ
    • ကိုဗစ်ကာကွယ်ဆေး ထိုးထားတာ စတာတွေကို လိုက်နာသင့်ပါတယ်။

    ဒါ့ပြင် ရောဂါအခံတွေ ရှိတဲ့အတွက်

    • ကိုယ့်ရောဂါနဲ့ ပတ်သက်တဲ့ ဆေးတွေကို ဆက်သောက်ပါ။ ဆရာဝန်နဲ့ မတိုင်ပင်ဘဲ ဆေးအတိုးအလျှော့ လုပ်တာ၊ ရပ်တာ မလုပ်ရပါ။ အထူးသဖြင့် စတီးရွိုက်သောက်နေတဲ့သူတွေ။
    • ရောဂါအခံတွေကို သေချာထိန်းထားပါ။ ဥပမာ သွေးတွင်းသကြားဓာတ်ကောင်းအောင်၊ သွေးမတိုးအောင်။
    • စွဲသောက်နေတဲ့ ဆေးတွေကို ကြိုဝယ်ထားပါ။ အနည်းဆုံး ၁လစာလောက် ကြိုဝယ်ထားရင် မကြာခဏ ဆေးဝယ်ဖို့ အပြင်ထွက်ရတာကို လျှော့ချနိုင်ပါတယ်။
    • ရောဂါအတွက် လိုအပ်တဲ့ အစားအစာတွေ ကြိုဝယ်ထားပါ။ ဥပမာ ဆီးချိုရောဂါရှင်တွေ သောက်တဲ့ အာဟာရအမှုန့်၊ ကျောက်ကပ်သမားတွေ သောက်တဲ့ အာဟာရအမှုန့်။
    • ကိုယ်နဲ့ မတည့်တာကို ရှောင်ပါ။ အထူးသဖြင့် ပန်းနာရင်ကျပ်သမားတွေအနေနဲ့ ရင်ကျပ်ထစေနိုင်တဲ့ အရာတွေကို ရှောင်ရှားသင့်ပါတယ်။
    • စိတ်ဖိစီးမှု မခံပါနဲ့။ ရောဂါအခံရှိရင် ပိုပြီး ပြင်းထန်နိုင်တယ်ဆိုပေမယ့် ရောဂါတွေကို ထိန်းထားမယ်။ ပိုးမကူးအောင် ကာကွယ်ထားလို့ ရပါတယ်။
    • ကာကွယ်ဆေးတွေ ထိုးထားပါ။ ခုခံအားကျနေတဲ့သူတွေဆိုရင် ပိုးမကူးအောင်  ကာကွယ်ဆေးတွေ  ထိုးထားရလေ့ရှိပါတယ်။ ဥပမာ တုပ်ကွေးကာကွယ်ဆေး၊ နမိုးနီးယားကာကွယ်ဆေး။ ဒါတွေကို စုံအောင် ထိုးထားပါ။
    • ရောဂါအခံတွေ ထဖောက်လာရင် ဆေးရုံသွားဖို့ မကြောက်ပါနဲ့။ အရေးပေါ်အခြေအနေဖြစ်လာပြီဆိုရင် ဆေးရုံသွားရမယ်ဆိုရင် သွားပြီး ကုသမှု ခံယူပါ။
    • ရက်ချိန်းပုံမှန်ပြပါ။ ရက်ချိန်းပြတဲ့အခါမှာ အပြင်မထွက်ဘဲ အွန်လိုင်းကနေ ပြလို့ရမရ ဆရာဝန်နဲ့ တိုင်ပင်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 10/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement