backup og meta

Ventilator (အသက်ရှူစက်) တွေအကြောင်းသိကောင်းစရာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Ventilator (အသက်ရှူစက်) တွေအကြောင်းသိကောင်းစရာ

    Covid-19 ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးက အသက်ရှူလမ်းကြောင်းကို အဓိကတိုက်ခိုက်တာ လူအတော် များများသိပြီးဖြစ်မှာပါ။ Covid-19 ဝေဒနာရှင်တွေကို ကုသဖို့အတွက် ventilator ခေါ် အသက်ရှူစက် တွေရဲ့အခန်းကဏ္ဍက အရမ်းအရေးပါလာတဲ့အတွက် Ventilator (အသက်ရှူစက်) တွေအကြောင်း နည်းနည်းလောက်ပြောပြချင်ပါတယ်။

    အဆုတ်ကသူ့အလိုလို လေရှူသွင်း၊ ရှူထုတ်မလုပ်နိုင်တော့ရင် Ventilator (အသက်ရှူစက်) တပ်ပြီး အသက်ရှူဖို့လိုအပ်ပါတယ်။ တစ်ခုသိထားရမှာက ဒီစက်တွေက လူတစ်ယောက်အသက်ရှူဖို့ အကူအညီပေးရုံသက်သက်ပဲဖြစ်ပြီး ရောဂါ ကုသပေးတဲ့ကိရိယာမဟုတ်ဘူးဆိုတာပါပဲ။

    ဘယ်အချိန်မှာ Ventilator (အသက်ရှူစက်) လိုသလဲ

    ပုံမှန်အတိုင်းဆို ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အောက်ဆီဂျင်ကို အဆုတ်က ရှူသွင်းပြီး  ကာဗွန်ဒိုင် အောက်ဆိုဒ်ပြန်ထုတ်ပေးပါတယ်။ အဆုတ်ပုံမှန်အတိုင်း အလုပ်မလုပ်တဲ့အချိန်မှာ Ventilator (အသက်ရှူစက်) တပ်ဖို့လိုအပ်ပါတယ်။ ခွဲစိတ်ကုသမှုလုပ်နေချိန်၊ ခွဲစိတ်ကုသမှုခံယူပြီး နလန်ထစအချိန်၊ အခုဖြစ်ပွားနေတဲ့ covid-19 ရောဂါလိုအဆုတ်နဲ့ပတ်သက်တဲ့ရောဂါတစ်ခုခုခံစားနေရချိန်တွေမှာ ပုံမှန်အတိုင်း အသက်ရှူနိုင်အောင် ventilator တပ်ဖို့လိုအပ်ပါတယ်။

    Ventilator (အသက်ရှူစက်) ဘာလို့လိုအပ်တာလဲ

    အဆုတ်ရဲ့ ပုံမှန်လုပ်ငန်းကို အစားထိုးဝင်ပြီးလုပ်ပေးဖို့အတွက် Ventilator လိုအပ်တာဖြစ်ပါတယ်။ ဥပမာပြောရမယ်ဆို Covid-19 ရောဂါက အသက်ရှူလမ်းကြောင်းကို ရောင်ရမ်းစေပြီး အဆုတ်ကိုပုံမှန် အလုပ်မလုပ်နိုင်တော့အောင် တိုက်ခိုက်ပါတယ်။ Ventilator စက်က ပြင်ပကအောက်ဆီဂျင်ဓာတ်ကို ခန္ဓာကိုယ်ထဲပို့ဆောင်ပေးပြီး လိုအပ်တဲ့အောက်ဆီဂျင်ရအောင်လုပ်ပေးနိုင်ပါတယ်။ ပြောရမယ်ဆို အဆုတ်အစား အသက်ရှူနိုင်အောင်လုပ်ပေးတဲ့သဘောဖြစ်ပါတယ်။

    Ventilator (အသက်ရှူစက်) ဘယ်လိုတပ်ဆင်အသုံးပြုသလဲ

    Ventilator တပ်ဖို့ လူနာပါးစပ်ထဲကို breathing tube (endotracheal tube) အရင်ထည့်ရပါတယ်။ Tube ကိုသေချာနေရာတကျထည့်နိုင်အောင် ပါးစပ်ထဲကို laryngoscope ခေါ်တဲ့ မှန်ပြောင်းအသုံးပြုပြီးထည့်ရတဲ့ အတွက် လူနာအနေနဲ့ နည်းနည်းတော့ကသိကအောင့်ဖြစ်နိုင်ပါတယ်။ Tube ရဲ့အဆုံးကို အသက်ရှူလမ်းကြောင်းထဲဝင်အောင် သေချာထည့်သွင်းရပါတယ်။ တပ်ဆင်ပြီးတဲ့ tube ကို ventilator စက်နဲ့ဆက်ပေးလိုက်ရင် ပြင်ပ အောက်ဆီဂျင်ဓာတ်က tube ကိုဖြတ်ပြီး ပါးစပ်ထဲကနေတစ်ဆင့် အသက်ရှူလမ်းကြောင်းထဲရောက်အောင် ventilator စက်က လုပ်ဆောင်ပေးမှာပါ။

    Ventilator (အသက်ရှူစက်) တပ်ထားရင် ဘယ်လိုဆိုးကျိုးတွေရှိနိုင်လဲ

    ကိုယ့်ဖာသာအသက်မရှူနိုင်တော့တဲ့အခြေအနေမှာ ventilator တပ်ဆင်အသုံးပြုလိုက်တဲ့အတွက် အသက်မဆုံးရှုံးနိုင်တော့ပေမဲ့ တခြားဆေးကုသမှုနည်းလမ်းတွေလိုပဲ ဘေးထွက်ဆိုးကျိုး တွေတော့ရှိပါတယ်။ အထူးသဖြင့် ventilator ကိုအချိန်ကြာကြာတပ်ထားရတဲ့သူတွေမှာ အောက်ပါ ပြဿနာတွေကြုံရတတ်ပါတယ်။

    ပိုးဝင်ခြင်း – အသက်ရှူနိုင်အောင်ထည့်သွင်းပေးထားရတဲ့ breathing tube ကနေတစ်ဆင့် အဆုတ်ထဲပိုးဝင် တာက ventilator တပ်တဲ့သူတွေမှာအတွေ့အများဆုံး ပြဿနာပါ။ ပိုးဝင်ပြီး နမိုးနီးယားအဆုတ်ရောင်ရောဂါ လို တခြားရောဂါတွေဝင်လာနိုင်ခြေရှိပါတယ်။

    နေရထိုင်ရအဆင်မပြေခြင်း – လည်ချောင်း ဒါမှမဟုတ် အသက်ရှူလမ်းကြောင်းကို breathing tube ကပွတ်တိုက်မိနေတဲ့အတွက် မကြာခဏချောင်းဆိုးတတ်ပါတယ်။

    အဆုတ်ဒဏ်ရာရခြင်း – အဆုတ်ထဲမှာဖိအားများသွားလို့ပဲဖြစ်ဖြစ်၊ အဆုတ်နဲ့ရင်ခေါင်းကြားထဲ လေခိုသွားလို့ ပဲဖြစ်ဖြစ်၊ အောက်ဆီဂျင်ပမာဏအရမ်းများသွားရင်ပဲဖြစ်ဖြစ် အဆုတ်ဒဏ်ဖြစ်သွားနိုင်ပါတယ်။

    နောက်ပြီးသိထားရမှာတစ်ခုက ventilator တပ်လိုက်လို့ အသက်ရှူနိုင်သွားပြီဆိုပေမဲ့ လူနာအနေနဲ့ tube ထည့်ပြီးရင် စကားပြောဖို့အဆင်မပြေတော့သလို ပုံမှန်အတိုင်းစားလို့သောက်လို့လည်း မရတော့ပါဘူး။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အစာအာဟာရကို အကြောဆေးသွင်းပြီးပဲ ရယူရမှာပါ။

    Covid-19 ရောဂါထိန်းချုပ်ဖို့ ventilator တွေကအရေးပါပေမဲ့ ရောဂါကိုမကုသနိုင်တာကိုတော့ သိထားရပါမယ်။ Ventilator တွေက ရောဂါအခြေအနေဆိုးပြီး ကိုယ့်ဖာသာအသက်ရှူဖို့ ခက်ခဲလာချိန်ကနေ ပြန်ကောင်းလာချိန်အထိ အဆင်ပြေပြေအသက်ရှူနိုင်အောင် ကူညီလုပ်ဆောင်ပေးတဲ့ ကိရိယာတွေဖြစ်ပါတယ်။ လူနာအခြေအနေပေါ်မူတည်ပြီး ventilator တပ်ပြီးနေရတဲ့အချိန် ကွာခြားချက်ရှိမှာ ပါ။ ကိုယ့်ဖာသာအသက်ပြန်ရှူနိုင်တဲ့အခြေအနေရောက်ပြီလို့ ဆရာဝန်ကယူဆရင် လူနာရဲ့အသက်ရှူနိုင်စွမ်းကို စမ်းသပ်စစ်ဆေးပြီး Ventilator နဲ့ tube တွေကိုဖြုတ်ပေးမှာဖြစ်ပါတယ်။

    ရေးသားသူ – Dr. Htoo Tint

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement