backup og meta

အောက်စီဂျင် နဲ့ ပတ်သက်တဲ့ ယုံတမ်းစကားများ


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အောက်စီဂျင် နဲ့ ပတ်သက်တဲ့ ယုံတမ်းစကားများ

    ခုလိုအချိန် အိမ်မှာ အောက်စီဂျင် စက်တွေ၊ စလင်ဒါတွေ ရှိလာကြပြီး ကိုဗစ်လူနာတွေက အိမ်မှာတင် အောက်စီဂျင် ရှူနေရပြီဆိုတော့ အောက်စီဂျင်နဲ့ ပတ်သက်ပြီး ဟုတ်တာတွေရော၊ မဟုတ်တာတွေရော ထွက်လာပါပြီ။ ဒါလေးတွေကို ပြန်ရှင်းပြပေးချင်ပါတယ်။ အသက်လုပြီး အောက်စီဂျင်ရှူနေရတဲ့အချိန်မှာ မဟုတ်တဲ့ သတင်းစကားတွေက လူနာကုသမှုမှာ သိပ်ကို အနှောင့်အယှက်ဖြစ်လို့ပါ။

    အောက်စီဂျင် နဲ့ ပတ်သက်တဲ့ ယုံတမ်းစကားများ

    • အောက်စီဂျင် ရှူရင် စွဲတတ်တယ်။

    အဆုတ်မှာ ရောဂါတစ်ခုခုရှိလို့ ခန္ဓာကိုယ်က အောက်စီဂျင်လိုအပ်ချက်ကို မဖြည့်နိုင်တဲ့အခါ သွေးတွင်းအောက်စီဂျင် စကျလာပြီး ဆဲလ်တွေဆီကို အောက်စီဂျင်ရတာ နည်းလာပါတယ်။ ဒီလိုအခါမျိုးမှာ လူနာအနေနဲ့ ဒီတိုင်း လေထဲက အောက်စီဂျင်ကို ရှူနေလို့ မလုံလောက်တော့ပါဘူး။ အောက်စီဂျင်စက်တွေ၊ စလင်ဒါတွေကို အားကိုးလာရပါပြီ။

    ဒါပေမယ့် လူတွေ ထင်နေတာက ဒီလို အောက်စီဂျင်ကို ကြာကြာရှူနေတာ၊ များများရှူနေတာက လူနာကို အောက်စီဂျင် စွဲသွားစေနိုင်တယ်ဆိုတဲ့ ပြဿနာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် အောက်စီဂျင်က မူးယစ်ဆေးတို့၊ အရက်တို့ စွဲသလို မစွဲတတ်ပါဘူး။ အောက်စီဂျင်ဖြုတ်လိုက်ရင် လူနာက အောက်စီဂျင်ကျသွားတာ စွဲနေတာ မဟုတ်ဘူးလားလို့ မေးစရာ ရှိပါတယ်။ ဒါကစွဲနေတာ မဟုတ်ပါဘူး။ အဆုတ်မကောင်းသေးတာ၊ ကိုယ့်ဟာကိုယ် ရှူတာနဲ့ မလုံလောက်သေးဘူးဆိုတာကို ပြတာပါ။

    လောလောဆယ် အသက်ရှင်ဖို့၊ နောက်ဆက်တွဲတွေ ဖြစ်မလာဖို့ အောက်စီဂျင်ကို ရှူနေရဦးမှာပါ။ ရောဂါသက်သာလာရင် ဆရာဝန်ညွှန်ကြားချက်နဲ့ အောက်စီဂျင်ကို ဖြည်းဖြည်းစီ လျှော့လို့ ရပါတယ်။ နောက်ဆုံးကောင်းသွားရင်တော့ အောက်စီဂျင်ရှူစရာ မလိုတော့ပါဘူး။

    မောနေတယ် လူနာကို အောက်စီဂျင်ပေးလိုက်ရင် လူနာသက်သာသွားတယ်။ အောက်စီဂျင်က အမောသက်သာစေတယ်လို့ ထင်ကြတယ်။ တကယ်က ဒီလို မဟုတ်ပါဘူး။ အောက်စီဂျင်က အမောသက်သာစေတယ်ဆိုတာ ယာယီပဲဖြစ်ပါတယ်။ အထူးသဖြင့် ကိုဗစ်လူနာတွေမှာ မောလို့ အောက်စီဂျင်လေးပဲ ပေးထားလို့ မရပါဘူး။ ဘာကြောင့်မောတာလဲဆိုတာကို ရှာပြီး ဆက်ကုရမှာ ဖြစ်ပါတယ်။ တချို့ရောဂါတွေက မောပေမယ့် အောက်စီဂျင်နဲ့ မဆိုင်တာမျိုး ရှိတတ်ပါတယ်။ မောတိုင်း အောက်စီဂျင် လိုချင်မှ လိုမှာပါ။

    အောက်စီဂျင်က မီးလောင်တတ်တာ မဟုတ်ပါဘူး။ မီးလောင်တာကို အားပေးတာပါ။ ဆိုလိုတာက သူ့ဟာသူတော့ အလိုလိုနေရင်း မီးထမလောင်ပါဘူး။ ဒါပေမယ့် အနားမှာ လောင်နေတဲ့ ပစ္စည်းတစ်ခုခုရှိရင် အောက်စီဂျင်က အားပေးပြီး ပေါက်ကွဲတတ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အန္တရာယ်များတာမို့လို့ အိမ်မှာ အောက်စီဂျင်အိုးရှိနေရင် မီးရေး ထင်းရေး အထူးဂရုစိုက်ပါ။

    • အောက်စီဂျင်ရှူတာများရင် အဆုတ်ကွဲတတ်တယ်။
    အဆုတ်ကွဲတယ်ဆိုတာ အဆုတ်က ပေါက်ထွက်ပြီး အဆုတ်ထဲက လေတွေ အဆုတ်အမြှေးပါးကြားထဲကို ရောက်သွားတဲ့ pneumothoraxကို ဆိုလိုတာပါ။
    ဒါက သာမန်နှာခေါင်းကနေတဆင့် ပေးရတဲ့ အောက်ဆီဂျင်တွေမှာ ဖြစ်လေ့မရှိပါဘူး။ လေက နှာခေါင်းကနေ ဖြတ်ပြီး အဆုတ်ထဲကို ရောက်တဲ့အတွက် အဆုတ်သာကွဲကြေးဆို အဆုတ်မကွဲခင် နှာခေါင်းအရင်ကွဲမှာပါ။
    ဒါမျိုးက အထူးကြပ်မတ်ကုသဆောင်တွေမှာ လေပြွန်ထဲကနေ ပိုက်ထည့်ပြီး စက်နဲ့ ရှူရတဲ့ mechanical ventilationတွေမှာတော့တွေ့ရတတ်ပါတယ်။ Barotraumaလို့ ခေါ်ပါတယ်။ အဆုတ်ထဲက လေအိတ်အသေးလေးတွေ  ကွဲထွက်တာမျိုးပါ။
    • အောက်စီဂျင်ရှူရပြီဆို အခြေအနေမကောင်းတော့ဘူး။
    ‘အောက်စီဂျင်တောင် ရှူနေရပြီ’ တဲ့ဆိုပြီး လူနာရှင်က အလန့်တကြား ပြောတတ်ပါတယ်။ အောက်စီဂျင်ရှူရတာက နည်းနည်းတော့ စိုးရိမ်စရာ ဆိုပေမယ့် ဒါက လူနာအတွက် အခြေအနေမကောင်းတောာ့ဘူးလို့ တရားသေ မှတ်ယူလို့ မရပါဘူး။ ကိုဗစ်ဖြစ်၊ အောက်ဆီဂျင်ရှူနေရာကနေ ကုသမှုတွေ ခံယူပြီး ပြန်ကောင်းလာ၊ အောက်စီဂျင်မလိုဘဲ ပြန်ရှူနိုင်တဲ့ သူတွေလည်း ရှိပါတယ်။
    လူနာကို အောက်စီဂျင် ပေးတယ်ဆိုတာက ရောဂါကို ကုသနေစဉ်စပ်ကြားမှာ လူနာအနေနဲ့ အောက်စီဂျင်လိုအပ်ချက်ကို ကာမိအောင် အပြင်ကနေ ပေးထားတဲ့ သဘောပါ။ ဒါကြီးက တစ်သက်လုံး ရှူရတာတော့ မဟုတ်ပါဘူး။ အောက်စီဂျင်တော့ ရှူနေရပြီ၊ မကြာတော့ဘူးနဲ့ တူပါတယ်ဆိုပြီး စိတ်ဓာတ်ကျနေကြမှာ စိုးလို့ပါ။
    ကိုယ့်လူနာက အောက်စီဂျင်ရှူနေရပြီဆိုရင် ရှူခိုင်းတဲ့ပမာာဏအတိုင်း တိတိကျကျ ရှူဖို့ လိုပါတယ်။ ဟိုဟာ ဖြစ်လို့၊ ဒီဟာ ဖြစ်လို့ တိုးလိုက် လျှော့လိုက် လုပ်နေတာက လူနာရဲ့ ကုသမှုကို ထိခိုက်စေပြိး အခြေအနေဆိုးစေနိုင်ပါတယ်။ လူနာကို အောက်စီဂျင်ပေးတဲ့အခါ ဆရာဝန်ရဲ့ လမ်းညွှန်ချက်ကို တိတိကျကျ လိုက်နာဖို့ လိုပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement