home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကိုဗစ် ကာကွယ်ဆေး

ကိုဗစ် ကာကွယ်ဆေး

ကိုဗစ်ကိုတော့ ထပ်ပြီး မိတ်မဆက်တော့ဘူး။ အခု ပြောချင်တာကတော့ ကာကွယ်ဆေးအကြောင်းပါ။ တရုတ်နိုင်ငံမှာ ကာကွယ်ဆေးထုတ်နိုင်ပြီဆိုတဲ့သတင်းတွေကိုလည်း မြင်မိကြမှာပါ။

ကာကွယ်ဆေး ဘယ်လိုအလုပ်လုပ်လဲ။

ကာကွယ်ဆေးထုတ်တဲ့အကြောင်းမပြောခင် ကာကွယ်ဆေးတွေ ဘယ်လိုအလုပ်လုပ်လဲဆိုတာကို အရင်သိသင့်ပါတယ်။

ရောဂါမှန်သမျှကို တိုက်ထုတ်ပေးနိုင်ဖို့အတွက် အရေးကြီးဆုံး စွမ်းဆောင်ရှင်က ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ပါ။

ကာကွယ်ဆေး (vaccine) ဆိုတာကတော့ အဲဒီ ကိုယ်ခံအားစနစ်ကို စွမ်းအားပြည့်ဝနေအောင် ကြိုတင်ပြီး လေ့ကျင့်ပေးတဲ့အရာတွေပါ။

တုပ်ကွေးရောဂါကို ဥပမာကြည့်မယ်ဆိုရင် တုပ်ကွေးဖြစ်စေတဲ့ဗိုင်းရပ်စ်ပိုးက influenza ဗိုင်းရပ်စ်ပါ။

သူက ခန္ဓာကိုယ်ထဲကိုဝင်ရောက်လာချိန်မှာ ခန္ဓာကိုယ်က ဒီဗိုင်းရပ်စ်အကြောင်းကို ဘာမှန်းမသိသေးဘူး။ ဝင်လာတဲ့အချိန်မှာလည်း ချက်ခြင်းမတိုက်ထုတ်ဘူး။ စစ်ဆင်ရေးအရပြောမယ်ဆိုရင် အချက်အလက်တွေစုဆောင်းမယ်။ ရန်သူမိတ်ဆွေခွဲမယ်။ ပြီးမှ အဆင့်အလိုက် ပြန်တုံ့ပြန်မယ်။ ဒါပေမယ့် သူပြန်တုံ့ပြန်တဲ့အချိန်မှာ ဗိုင်းရပ်စ်က အင်အားကြီးနေပြီ အများကြီးဖြစ်နေပြီဆိုရင် တိုက်ပွဲက ပြင်းထန်ပြီး ခန္ဓာကိုယ်က ဒဏ်ခံရတယ်။ အရမ်းဆိုးတဲ့အချိန်မှာ ကိုယ်ခံအားစနစ်က ရှုံးသွားတယ်။ အဲဒါဆိုရင်တော့ သေဆုံးတဲ့အခြေအနေထိဖြစ်တယ်ပေါ့။

တုပ်ကွေးကာကွယ်ဆေး (flu shot) ထိုးတဲ့အခါမှာကျတော့ ဒီကာကွယ်ဆေးထဲမှာ ဗိုင်းရပ်စ်တစ်ခုလုံးမဟုတ်ဘဲ တစ်စိတ်တဒေသ ဒါမှမဟုတ် သူကထွက်တဲ့ဓာတ်တစ်မျိုးမျိုးပါတယ်။

လူကို အန္တရာယ်မပေးနိုင်တဲ့ အနေအထားဖြစ်အောင် ဖန်တီးယူထားတယ်။

အဲဒီဟာကို ခန္ဓာကိုယ်ထဲကို ထည့်သွင်းလိုက်တဲ့အခါ ကိုယ်ခံအားစနစ်က အဲဒီအကောင်ကို မှတ်မိသွားတယ်။ မှတ်မိသွားပြီးနောက်မှာ တကယ်လို့များ ဒီအကောင်ထပ်ဝင်လာရင်ဆိုတာတွေအတွက် ပြင်ဆင်ထားလိုက်တယ်။ တကယ်တမ်း တုပ်ကွေးဗိုင်းရပ်စ်လည်းဝင်လာရော အဆင့်တွေအများကြီးလုပ်နေစရာမလိုတော့ဘဲ ဝိုင်းတီးရုံပဲ။

အဲဒီတော့ ဗိုင်းရပ်စ်မှာလည်း အများကြီးမပွားနိုင်တော့ဘူး။ ခန္ဓာကိုယ်ကိုလည်း ဒုက္ခမပေးတော့ဘူး။ တုပ်ကွေးလည်း မဖြစ်တော့ဘူး။

ဒါပေမယ့် ကိုယ်ခံအားစနစ်ရဲ့ အလုပ်လုပ်ပုံက တိကျတယ်။ တုပ်ကွေးဗိုင်းရပ်စ် ကာကွယ်ဆေးထိုးထားရင် ကိုယ်ခံအားစနစ်က တုပ်ကွေးဗိုင်းရပ်စ်ကိုပဲ မှတ်မိမယ်။ တခြားဗိုင်းရပ်စ်တွေကို မမှတ်မိဘူး။

အဲဒါဆို ဘာခက်လို့လဲ။ ကိုဗစ်အတွက်လည်း ကာကွယ်ဆေးထုတ်လိုက်ရုံပဲပေါ့။

ကံဆိုးချင်တော့ ကာကွယ်ဆေးတစ်ခု ထုတ်ဖို့ဆိုတာက အဲဒီလောက်မလွယ်ဘူး။

ကာကွယ်ဆေးဘယ်လိုထုတ်ရလဲ။

ကာကွယ်ဆေးထုတ်ဖို့အတွက် အဆင့် (၇)ဆင့်ကို ဖြတ်သန်းရပါတယ်။

၁။ ကာကွယ်ဆေးပြုလုပ်မယ့် ပင်မပစ္စည်းကို စမ်းသပ်ရှာဖွေခြင်း (Exploratory stage)

ဒီအဆင့်မှာက ကာကွယ်ဆေးကို ဘယ်အရာနဲ့ ပြုလုပ်လို့ရမလဲဆိုတာကိုရှာဖွေတယ်။ ဥပမာ အားနည်းအောင်လုပ်ထားတဲ့ ဗိုင်းရပ်စ်အကောင်လိုက် (ဥပမာ ပိုလီယိုကာကွယ်ဆေးလိုမျိုး) သုံးမလား။ ဗိုင်းရပ်စ်က ထွက်ရှိတဲ့ အဆိပ်အနည်းငယ်ကိုသုံးမလား။ ဗိုင်းရပ်စ်ရဲ့ တစ်စိတ်တစ်ဒေသကို သုံးမလားဆိုတာတွေကို ရှာဖွေစမ်းသပ်ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင်တော့ ၂နှစ်ကနေ ၄နှစ်လောက်ကြာပါတယ်တဲ့။

၂။ ဓာတ်ခွဲခန်းတွင် စမ်းသပ်ခြင်း (Pre-clinical stage)

ဒီအဆင့်မှာတော့ ဓာတ်ခွဲခန်းထဲမှာ အသားမျှင် တစ်ရှူးတွေ မွေးမြူပြီးစမ်းသပ်တာဖြစ်ဖြစ် တိရစ္ဆာန်တွေကို အသုံးပြုပြီး စမ်းသပ်တာဖြစ်ဖြစ်လုပ်ပါတယ်။ ဘာနဲ့ကာကွယ်လဲသိနေပြီပဲ တစ်ခါတည်းထိုးပါတော့လား လုပ်လို့မရဘူး။ ဒီကာကွယ်ဆေးက တကယ်အလုပ်ဖြစ်ရဲ့လား။ ဘယ်လောက်ထိ အလုပ်ဖြစ်လဲ။ ကိုယ်ခံအားစနစ်ကို ဘယ်လောက်ထိနှိုးဆွပေးနိုင်လဲ။ ဘယ်လောက်ပမာဏထိပေးရမလဲအစရှိတာတွေကို သိဖို့လည်း လိုသေးတယ်လေ။ ဒီအဆင့်ကတော့ ၁နှစ်ကနေ ၂နှစ်လောက် ကြာမြင့်ပါတယ်။

၃။ လူသားများတွင် စမ်းသပ်ဖို့အတွက် ခွင့်ပြုချက်ရယူခြင်း (IND Application)

တိရစ္ဆာန်တွေမှာစမ်းသပ်တာက အားရကျေနပ်လောက်တဲ့ရလဒ်တွေပေးနိုင်ပြီဆိုရင် ကာကွယ်ဆေးကိုထုတ်လုပ်မယ့် ကုမ္ပဏီ၊ အဖွဲ့အစည်းက သက်ဆိုင်ရာ အာဏာပိုင်တွေဆီကို တွေ့ရှိထားတဲ့ ရလဒ်တွေ အောင်မြင်မှုတွေနဲ့အတူ လူသားတွေဆီမှာ စမ်းသပ်ဖို့အတွက်ခွင့်ပြုချက်ရယူရပါတယ်။ ဒီမှာ ခွင့်ပြုချက်ရပြီဆိုရင်တော့ ကာကွယ်ဆေးထုတ်လုပ်ဖို့အတွက် လူသားနဲ့ စမ်းသပ်လို့ရပါပြီ။

လက်ရှိမှာ ကာကွယ်ဆေးတွေ တရုတ်က ထုတ်လုပ်နေပြီ ခွင့်ပြုလိုက်ပြီဆိုတာက ဒီအဆင့်ဖြစ်ပါတယ်။ ရှေ့က စမ်းသပ်မှုတွေက ဓာတ်ခွဲခန်းထဲမှာပဲ ပြုလုပ်တာဖြစ်ပြီး ခွင့်ပြုချက်ရရှိပြီးမှသာ လူသားတွေဆီမှာ ဆက်လက်စမ်းသပ်မှုပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ကိုဗစ်စဖြစ်ကတည်းက ပိုးရဲ့မျိုးဗီဇကို ခွဲခြားပြီးသားဖြစ်ပြီး ကာကွယ်ဆေးထုတ်လုပ်ဖို့ကို အားသွန်နေကြတာက ဆေးပညာမှာ ထိပ်တန်းရောက်နေတဲ့ နိုင်ငံတိုင်းပါ။ အခုက ဓာတ်ခွဲခန်းစမ်းသပ်မှုတွေပြီးလို့ လူသားစမ်းသပ်မှုတွေဆက်လုပ်မယ့် အဆင့်ရောက်နေပါပြီ။ လေးလအတွင်းမှာ ရှေ့က အဆင့်တွေ အရမ်းကို မြန်မြန်ဆန်ဆန်ဖြစ်သွားတယ်ဆိုတဲ့ သဘောပါ။

၄။ ပထမအဆင့် စမ်းသပ်ခြင်း (Phase I vaccine trials)

ဆယ်ဂဏန်းလောက်ရှိတဲ့ စေတနာ့ဝန်ထမ်းတွေပါဝင်တဲ့ လူအုပ်စုကို စတင်ပြီး စမ်းသပ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဒီကာကွယ်ဆေးက ဘယ်လောက်ထိ စိတ်ချရလဲဆိုတာနဲ့ ဘယ်လောက်ထိ ကာကွယ်နိုင်လဲဆိုတာကို သိနိုင်ဖို့ပါ။ ကာကွယ်ဆေးထိုးထားတဲ့ သူတွေထဲက တချို့ကို ဗိုင်းရပ်စ်နဲ့ ထိတွေ့မှုရှိစေကြည့်ပြီး ကာကွယ်ဆေးက တကယ်အလုပ်ဖြစ်နိုင်မဖြစ်နိုင်ကို စမ်းသပ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်မှု အဆင့်က ဒီအဆင့်ပါ။ လူသားစမ်းသပ်မှုတွေ စတင်ပြုလုပ်နေပါပြီ။

၅။ ဒုတိယအဆင့် စမ်းသပ်ခြင်း (Phase II vaccine trials)

တကယ်လို့ ပထမအဆင့်ရလဒ်တွေက အခြေအနေကောင်းနေတယ်ဆိုရင် နောက်အဆင့်တစ်ခုကို ဆက်တက်ပါတယ်။ ဒီအဆင့်မှာတော့ ရာနဲ့ချီတဲ့လူတွေကို စတင်စမ်းသပ်ပါပြီ။ ဘာလို့ အကြိမ်ကြိမ်စမ်းသပ်မှုတွေလုပ်နေရတာလဲဆိုတော့ လူတွေရဲ့ကိုယ်ခံအားစနစ်နဲ့ ခန္ဓာကိုယ်ရဲ့ ဖွဲ့စည်းတုံ့ပြန်မှုတွေက မတူညီနိုင်တဲ့အတွက်ကြောင့် အားလုံးအတွက် အဆင်ပြေမှ ပြေနိုင်ရဲ့လားဆိုတာကို သိနိုင်ဖို့ လိုအပ်လို့ပါ။ တော်ကြာ ကာကွယ်ဆေးထိုးပြီး ကိုဗစ်တော့မဖြစ်ဘဲ ကာကွယ်ဆေးကြောင့် ရုတ်တရက်သေသွားတာမျိုးဖြစ်နိုင်တယ်လေ။

၆။ တတိယအဆင့် စမ်းသပ်ခြင်း (Phase III vaccine trials)

ဒုတိယအဆင့်မှာလည်း အောင်မြင်တယ် အားရကျေနပ်လောက်တဲ့ ရလဒ်တွေရှိတယ်ဆိုရင် တတိယအဆင့်ကိုသွားပါတယ်။ ဒီအဆင့်မှာတော့ လူသောင်းဂဏန်းလောက်ပါဝင်ပါတယ်။

ကာကွယ်ဆေးက လူတိုင်းမှာ အကျိုးသက်ရောက်မှုရှိလားဆိုတာနဲ့ ဒုတိယအဆင့်မှာ မတွေ့လိုက်တဲ့ ရှားပါးတဲ့ ဘေးထွက်ဆိုးကျိုးတွေများ ရှိနိုင်မလားဆိုပြီးတော့ပါ။

၇။ ထုတ်လုပ်မှုခွင့်ပြုခြင်း (Approval and licensure)

တတိယအဆင့်ကိုလည်း ကျေနပ်လောက်စရာ ရလဒ်တွေနဲ့ အောင်အောင်မြင်မြင်ကျော်ဖြတ်နိုင်ပြီဆိုရင် အများကြီးထုတ်လုပ်ဖို့အတွက် လိုင်စင်ချပေးပါတယ်။ ကိုဗစ်အတွက် ကာကွယ်ဆေးထိုးလို့ရပြီဆိုတာက ဒီအဆင့်ပြီးမှပါ။

ကာကွယ်ဆေးက ထုတ်ရတာ လွယ်ပေမယ့် လူတွေမှာ ဘေးအန္တရာယ်မရှိဘဲ အကျိုးသက်ရောက်မှုရှိဖို့ဆိုတာက အချိန်အများကြီးပေးပြီး စမ်းသပ်လေ့လာရပါတယ်။ လူတိုင်းမှာ မတူညီတဲ့ တုံ့ပြန်မှုတွေရှိနိုင်တာကြောင့် လူထောင်သောင်းနဲ့ချီ စမ်းသပ်ပြီးမှ သိနိုင်တာမျိုးပါ။ ဒါတောင်မှ ကိုယ်က ကံဆိုးသူဆိုရင် လူအယောက်တစ်သောင်းမှာမဖြစ်ဘဲ ကိုယ့်ကျမှ လာဖြစ်တဲ့ တစ်သန်းမှ တစ်ယောက်ရှိနေတဲ့သူမျိုးလည်း ဖြစ်နေနိုင်ပါသေးတယ်။

လောလောဆယ်တော့ ကာကွယ်ဆေးကို လူသားတွေဆီမှာ စတင်စမ်းသပ်နေတာ လေးခုရှိနေပြီး နောက်ထပ် ၆၆ ခုကတော့ ဓာတ်ခွဲခန်းမှာစမ်းသပ်မှုတွေ ပြုလုပ်နေပါတယ်တဲ့။

ကံကောင်းတာတစ်ခုက ကိုဗစ်ဟာ သူ့နောင်တော်မျိုးတူဗိုင်းရပ်စ်တွေဖြစ်တဲ့ SARS နဲ့ MERS ရောဂါတွေနဲ့ ပုံသဏ္ဍာန်တူတာတွေရှိတာကြောင့် အဲဒီဗိုင်းရပ်စ်တွေအကြောင်း နားလည်ထားပြီးသား ဖြစ်နေတဲ့ သိပ္ပံပညာရှင်တွေအတွက် လုံးဝအစိမ်းသတ်သတ်ကြီး မဖြစ်နေတော့ဘူး။

လူသားစမ်းသပ်မှုတွေမှာ အန္တရာယ်ကင်းကင်းနဲ့ အောင်မြင်ပြီး အသုံးချနိုင်တဲ့ ကာကွယ်ဆေးဟာ အလွန့်အလွန်အစောဆုံးအခြေအနေက စက်တင်ဘာလောက်မှာ ရရှိနိုင်မှာဖြစ်ပြီး နောက်ကျရင်တော့ တစ်နှစ်လောက်ကြာနိုင်ပါတယ်တဲ့။ ကျွန်တော်တို့ အကောင်းမြင်ပြီး မျှော်လင့်လို့ ရနိုင်ပေမယ့် လောလောဆယ်အခြေအနေမှာတော့ ကာကွယ်ရေးနည်းလမ်းတွေကိုပဲ သတိရှိရှိဆက်ပြီး လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thurein Hlaing Win မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။