လူတွေ မူးယစ်ဆေးစွဲတာ ဒါမှမဟုတ် ဆေးဝါးတစ်ခုခုကို အလွန်အကျွံ သုံးစွဲကြတာမျိုး မြင်ဖူးကြမှာပေါ့။ ဒီအခြအနေကို ဆေးစွဲတယ်လို့ သတ်မှတ်ကြပါတယ်။
ဆေးစွဲတဲ့သူတွေကို မြင်တဲ့အခါ လူတွေက ကိုယ့်ဘာသာ လူညွှန့်တုံးအောင် လုပ်နေတယ်။ အောင်မြင်မှုဒဏ် မခံနိုင်တာလေ။ အသိဉာဏ် မဲ့လိုက်တာဆိုပြီး ပြစ်တင် စကား ဆိုတတ်ကြပါတယ်။ ဒါကလည်း ဂရုဏာ ဒေါသောနဲ့ပေါ့။
ဒီလိုဖြစ်ရတာက အကြောင်းအရင်း အမျိုးမျိုး ရှိပါတယ်။ ဘာတွေကြောင့်များ လူတွေက သူတို့ကိုယ်သူတို့ အထိခိုက်ခံပြီး ဆေးစွဲတာလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပါနော်။
လူတွေကို စွဲလမ်းစေတတ်တဲ့ အရာများ
လူတွေကို စွဲလမ်းစေတဲ့အရာတွေက တစ်ခုမက ရှိနိုင်ပါတယ်။
- အရက်
- ဆေးခြောက်
- ကိုကင်း
- ဘိန်း
- ဆေးလိပ်
- ဆေးဝါး
- စိတ်ကြွမူးယစ်ဆေး စတာတွေက လူတွကို စွဲလမ်းစေတတ်တဲ့ အရာတွေပေါ့။
လူတွေဘာကြောင့် မူးယစ်စေတဲ့ အရာတွေကို စွဲလမ်းတာလဲ……………..
မူးယစ်ဆေးကို စွဲလမ်းရတဲ့ အကြောင်းအရင်းက အသက်အရွယ်အရ ကွာခြားနိုင်သလို အခြေအနေ အမျိုးမျိုးလည်း ရှိနေနိုင်ပါတယ်။ ကြုံတွေ့ရတဲ့ ဘဝအခြေအနေအရပ်ရပ်ကြောင့်လည်း လူတွေက စိတ်ထွက်ပေါက် တစ်ရပ်အနေနဲ့ မူးယစ်ဆေးကို စွဲလမ်းကြတာပါ။
စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိတာ
စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုခု ခံစားဖူးတာ၊ လက်ရှိမှာ ခံစားနေရတာတွေကနေ ရုန်းထွက်ဖို့ ကြိုးပမ်းတဲ့အနေနဲ့လည်း လူတွေက အရက် အပါအဝင် အမျိုးမျိုးသော မူးယစ်ဆေးတွေကို အလွဲသုံးတာမျိုး ဖြစ်တတ်ပါတယ်။
ကလေးဘဝတုန်းက လျစ်လျူရှုခံခဲ့ရတာ
ကလေးဘဝတုန်းက လျစ်လျူရှုခံခဲ့ရတာ လိုဘမပြည့်ဘဲ ကြီးပြင်းလာရတဲ့ ကလေးတွေဟာ အရွယ်ရောက်လာတဲ့အခါ မူးယစ်ဆေးစွဲတာ၊ ဆေးဝါးတွေကို အလွဲသုံးတာမျိုးတွေ ဖြစ်တတ်ကြပါတယ်။
ကလေးဘဝမှာ ရခဲ့တဲ့ စိတ်ဒဏ်ရာကလည်း မူးယစ်ဆေးတွေကို အလွဲသုံးဖြစ်စေဖို့ တွန်းအားပေးပါသတဲ့။
အပေါင်းအသင်း မရှိတာ
လူဆိုတာ အပေါင်းအသင်းကြောင့် ပျက်တတ်သလို ရင်ဖွင့်တိုင်ပင်စရာ မိသားစု၊ မိတ်ဆွေတွေ မရှိရင်လည်း ပျက်စီး တတ်ပါတယ်။ ပြဿနာ တစ်ခုခု ရင်ဆိုင်ရတိုင်း ရင်ဖွင့်တိုင်ပင်စရာ မရှိတဲ့အခါ စိတ်ထွက်ပေါက်အနေနဲ့ မူးယစ်ဆေး သုံးတာကို ရွေးချယ်တတ်ပါတယ်။
သူငယ်ချင်းတွေ အဆွယ်ကောင်းတာ
ဆေးသုံးနေတဲ့ သူငယ်ချင်းက သုံးကြည့် ဘယ်လိုကောင်းတာ။ သူတော့ တီထွင်ဖန်တီးနိုင်စွမ်းတွေ တိုးလာတယ်။ စိတ်သက်သာရာရတယ်။ ဆေးသုံးတာက မကောင်းတဲ့ အလေ့အကျင့် တစ်ခု မဟုတ်ပါဘူးဆိုပြီး အပြောကောင်းကောင်းနဲ့ ဆွယ်တာကြောင့်လည်း ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်စွမ်း နည်းတဲ့ လူငယ်တွေမှာ ဆေးစွဲနိုင်ပါတယ်။
အကြမ်းဖက်ခံရတာ
အိမ်တွင်း အကြမ်းဖက်ခံရတာ ဒါမှမဟုတ် သူငယ်ချင်းတွေရဲ့ အကြမ်းဖက်မှုကို ခံရတဲ့သူတွေကလည်း စိတ်ထွက်ပေါက် အနေနဲ့ မူးယစ်ဆေး သုံးတတ်ကြပါတယ်။
စိတ်ဖိစီးတာ
မိသားစုကြောင့် စိတ်ဖိစီးတာ၊ အလုပ်ကြောင့် စိတ်ဖိစီးတာ၊ ချစ်သူဆက်ဆံရေး အဆင်မပြေတာကြောင့် စိတ်ဖိစီးတာတွေကလည်း လူကို ဆေးဝါး အလွဲသုံးမှုတွေ ဖြစ်စေနိုင်ပါတယ်။
စိတ်ဖိစီးဒဏ်ကို မခံနိုင်တဲ့အဆုံး လက်ရှိ အနေအထားကို ခဏမေ့အောင်ဆိုပြီး အရက် သောက်တာကစလို့ မူးယစ်ဆေး အမျိုးမျိုးကို ပုံစံ အမျိုးမျိုးနဲ့ သုံးစွဲတတ်ကြပါတယ်။
လူအများစု ဆေးစွဲတာက စိတ်ထွက်ပေါက်ရှာတဲ့ အနေနဲ့ပါ။ ပင်ပနးလွန်းတာ၊ ရင်ဖွင့်တိုင်ပင်နိုင်မှု ကင်းမဲ့လွန်းတာနဲ့ စိတ်ဒဏ်ရာတွေကို ဖြေဖျောက်ဖို့ တစ်ခေါက်တလေဆိုတာကနေ ထွက်ပေါက်မတွေ့တော့ဘဲ တဝဲလည်လည် ဖြစ်နေကြတာပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။