brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

Happy water က တကယ်ပျော်စရာကောင်းသလား။

ခုနောက်ပိုင်း night lifeတွေမှာ တွေ့လာရတာကတော့ Happy water လို့ ခေါ်တဲ့ အရည်တစ်မျိုးပါ။ နာမည်အတိုင်းပဲ သူ့ကို သောက်ပြီးရင် ပျော်သလိုလို ခံစားရလို့ လူငယ်တွေကြားထဲမှာ အသုံးများလာကြပါတယ်။ Happy waterကို မြန်မာနိုင်ငံအပါအဝင် ထိုင်းနိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံတွေ၊ တရုတ်နိုင်ငံမှာပါ ပေါပေါများများ တွေ့ရပါတယ်။

Happy water က တကယ်ပျော်စရာကောင်းသလား။

Happy water ဆိုတာ

Happy waterဆိုတာ အရောင်နဲ့ အနံ့မရှိတဲ့ အရည်ပါ။ အမှုန့်ထုတ်အနေနဲ့လည်း လာတတ်ပါတယ်။ ဒါကို ရေနဲ့ ဖျော်တာ၊ အချိုရည်၊ အရက် စတာတွေနဲ့ ရောပြီး သောက်ကြပါတယ်။ သူ့ထဲမှာ ecstasy, methamphetamine, caffeine, tramadol, diazepam, ketamine စတာတွေ ပါဝင်တတ်ပါတယ်။ ဒီလိုမျိုးစုံ ရောနှောထားတာကြောင့် drug cocktailလို့လည်း ခေါ်ကြပါတယ်။

ဒီနှစ်ပိုင်းမှာ Happy waterတွေကို လူကြိုက်များလာရတဲ့ အကြောင်းရင်းက သူက အရောင်၊ အနံ့မရှိတဲ့အတွက် သယ်ရလွယ်၊ သုံးရလွယ်လို့ပါ။ တစ်ခုခုနဲ့ ရောနှောပြီး သောက်ဖို့လည်း အင်မတန်လွယ်ပါတယ်။ ဒီတော့ သူငယ်ချင်း စနောက်ချင်ရင်ပဲဖြစ်ဖြစ်၊ ခုမှစသုံးမှာမို့လို့ အဝင်ဆိုးမှာ စိုးရင်ပဲဖြစ်ဖြစ် သုံးကြပါတယ်။

Happy water ရဲ့ အာနိသင်

Happy waterက မူးယစ်ဆေး တစ်မျိုးထက်မက ပါဝင်နေတာကြောင့် ဆေးအာနိသင် ပေါင်းစုံကို ခံစားရမှာပါ။ အကြမ်းအားဖြင့် ပြောရရင်တော့ လူက ကြွတက် လွင့်မျောပြီး “high”နေတာပါ။

ဒါတင်ပဲလားဆိုတော့ ကဖင်းပါလို့ စိတ်ရော လူရောလန်းပြီး အားအင်တွေ ပြည့်နေသလို tramadolပါဝင်နေတာကြောင့် တော်ရုံ နာတာ၊ ကျင်တာ၊ ကိုက်တာခဲတာလောက်ကို မသိတော့ပါဘူး။ ဒီတော့ ကလပ်နဲ့ ပါတီတွေမှာ တစ်ညလုံး ကဲနိုင်၊ ခုန်နိုင်၊ ကနိုင်ကြတာပါ။

Happy waterရဲ့ ဘေးထွက်ဆိုးကျိုး

စစချင်းမှာဆိုရင် နည်းနည်းလောက်သုံးရုံနဲ့ လူက သာယာမှုကို ခံစားရပါတယ်။ အချိန်အကြာကြီး မစားမအိပ်ဘဲ နေနိုင်ကြပါတယ်။ ဒါပေမယ့် ပမာဏများများ သုံးမိရင်တော့ ဆေးစွဲတာာအပြင် ခေါင်းကိုက်တာ၊ သတိမကောင်းတာ၊ ကိုယ်အပူချိန်တွေတက်တာ၊ သွေးတက်တာ၊ ချွေးစေးထွက်တာတွေ ခံစားရပါတယ်။

ကြာကြာသုံးမယ်၊ များများသုံးမယ်ဆိုရင်တော့ အိပ်မပျော်တာ၊ ထင်ယောင်ထင်မှားတွေ မြင်တာ၊ ကြားတာ၊ တစ်ယောက်ယောက်က ကိုယ့်ကို နှိပ်စက်နေတယ်လို့ ထင်လာတာ၊ စိတ်ပျော်စရာမရှိတော့သလို ခံစားရတာတွေ ဖြစ်လာပါတယ်။

ဒါ့ပြင် နားအူတာ၊ နားထဲကနေ လေထွက်သလို ခံစားရတာ၊ ကိုယ်ထဲကနေ ဝိဉာဉ်ထွက်တာတွေကို ထင်ထင်ရှားရှား မြင်လိုက်ရတာမျိုးတွေပါ ဖြစ်လာပါတယ်။ တချို့ဆို ထိလည်း မသိ၊ နာလို့ နာမှန်းမသိနဲ့ ခန္ဓာကိုယ်ကလည်း မတ်မတ်မရပ်နိုင်ဘဲ ဟန်ချက်ပျက်နေတတ်ပါတယ်။ ဘာဖြစ်ခဲ့လဲဆိုတာကို မမှတ်မိတော့တာတွေလည်း ဖြစ်နိုင်ပါတယ်။

ဒါ့ပြင် Happy water သုံးထားတဲ့သူရဲ့ ဆီးမှာ ketamineတွေ အများကြီးပါနေတတ်ပါတယ်။ Ketamineက ဆီးလမ်းကြောင်းနဲ့ ဆီးအိမ်ကို ထိခိုက်စေတတ်ပါတယ်။ ရေရှည်စွဲသုံးတဲ့သူတွေမှာ ဆီးအိမ်ရောင်တာ၊ ဆီးခဏခဏ သွားချင်တာ၊ ဆီးမထိန်းနိုင်တာ၊ ဆီးကျင်တာ၊ ဆီးထဲသွေးပါတာတွေ ဖြစ်တတ်ပါတယ်။ ဒီထက်ပိုဆိုးရင်တော့ ဆီးအိမ်မှာ ဖြတ်ထုတ်ရနိုင်ပါတယ်။

Happy waterက စွဲတတ်သလား။

Happy waterမှာ အပေါ်မှာ ပြောခဲ့တဲ့ မူးယစ်ဆေးတွေအပြင် တခြားဆေးဝါးတွေလည်း ပါနိုင်ပါသေးတယ်။ အများစုက အရောင်အနံ့မရှိတာကြောင့် အလွယ်တကူသုံးစွဲမိပြီး မသိလိုက်ဘဲ ဆေးစွဲသွားနိုင်ပါတယ်။

Happy waterက ဆေးခတ်ရလွယ်စေပါတယ်။

Happy water နဲ့ ဆေးခတ်ခံရဖို့က လွယ်ပါတယ်။ အရောင်အနံ့ မရှိတာကြောင့် အရက် ဒါမှမဟုတ် အချိုရည်နဲ့ ရောလိုက်ရင် သိဖို့ခက်ပါတယ်။ အထူးသဖြင့် သူငယ်ချင်းအချင်းချင်း စနောက်ချင်ရင်ဖြစ်ဖြစ်၊ အမျိုးသမီးတွေကို ဆေးခတ်ချင်ရင်ဖြစ်ဖြစ် အင်မတန်လွယ်ပါတယ်။

ဒါကြောင့် ပါတီတွေ၊ ကလပ်တွေ သွားတဲ့အခါ ကိုယ်သောက်နေတဲ့ ခွက်ကို ဂရုစိုက်ပါ။ အထူးသဖြင့် စားပွဲဝိုင်းမှာ ခွက်ကို ထားခဲ့ပြီး ပြန်လာတဲ့အခါ တစ်ယောက်ယောက်က ကိုယ့်ခွက်ကို တစ်ခုခုလာထည့်ထားနိုင်တယ်ဆိုတာ အမြဲသတိရှိပါ။

Takeaway

မူးယစ်ဆေးတွေက တစ်မျိုးတည်းတောင် ဘေးထွက်ဆိုးကျိုးများလှတာ အမျိုးပေါင်းစုံရောထားတဲ့ Happy waterဆို ပိုဆိုးမှာပါ။ သူ့နာမည်လို ပျော်စရာကောင်းမှာ မဟုတ်ပါဘူး။ အရောင်အနံ့မရှိတာကြောင့် ဆေးခတ်ခံရနိုင်တဲ့ အန္တရာယ်ကိုလည်း သတိထားဖို့ လိုပါတယ်။
medical
Htet Htet Zaw Win
Written by
အထွေထွေရောဂါကုဆရာဝန် · HHG
08/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။