backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ပါတီနဲ့ ကလပ်တွေမှာ ဘယ်လိုဆေးဝါးတွေ သုံးလေ့ရှိကြသလဲ။

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


11/04/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ပါတီနဲ့ ကလပ်တွေမှာ ဘယ်လိုဆေးဝါးတွေ သုံးလေ့ရှိကြသလဲ။

TGIF လိုမျိုးညတွေ၊ ပိတ်ရက်တွေဆို ပါတီနဲ့ ကလပ်တွေမှာ လူငယ်လူရွယ်တွေနဲ့ ပြည့်လာပါပြီ။ တစ်ပတ်လုံးလုံး ပင်ပန်းခဲ့သမျှကို အပန်းဖြေကြမယ်၊ ပျော်ကြပါးကြ၊ စားကြသောက်ကြမယ်ဆိုပြီး လူစုကြပါပြီ။

သာမန်ပျော်ပွဲရွှင်ပွဲတွေနဲ့ မတူတာက ပါတီတို့ ကလပ်တို့မှာက အရက်တို့၊ ဆေးလိပ်တို့နဲ့တင် မပြီးပါဘူး။ ဆေးလေးတွေ ဝါးလေးတွေ ပါလာကြပါပြီ။ ဆေးသုံးဖို့ ပါတီလုပ်ကြသလားထင်ရလောက်အောင်ကို ပါတီနဲ့ ဆေးနဲ့က ခွဲမရဖြစ်လာပါပြီ။ မီးကုန်ယမ်းကုန် ပျော်နိုင်ပါးနိုင်အောင်၊ စိတ်ခံစားချက်ကောင်းအောင် ဆေးဝါးအမျိုးမျိုးကို သုံးလာကြတာကို တွေ့ရပါတယ်။

ပါတီနဲ့ ကလပ်တွေမှာ အသုံးများတဲ့ ဆေးဝါးတွေက

ကိုယ်ဖြစ်ချင်တဲ့ ခံစားချက်ပေါ် မူတည်ပြီး ကိုယ်သုံးချင်တဲ့ ဆေးဝါးတွေ သုံးစွဲကြပါတယ်။ Highနေချင်တာလား။ ငြိမ့်နေချင်တာလား။ ပြုံးရွှင်ရယ်မောချင်နေတာလား။ တက်ကြွချင်နေတာလား စသဖြင့်ပေါ့။

ပါတီနဲ့ ကလပ်တွေမှာ အသုံးများတဲ့ ဆေးဝါးတွေကတော့

  • ငြိမ့်ငြိမ့်လေးနဲ့ ကျနေဖို့အတွက် GHBတို့၊ marijuana ဝိတို့
  • တက်ကြွနေစေဖို့ အက်ဖန်တဖင်းတို့၊ ice (methamphetamines)တို့၊ ကိုကင်းတို့
  • မြင်ချင်ရာမြင်ပြီး ကိုယ့်ဘာကို စိတ်ကူးထဲ လွင့်နေဖို့ အီး (ecstasy)၊ ကေ (ketamine)၊ mushroom စတာတွေပါ။

နောက်ပြီး ဒိုင်ရာဇီပင် သုံးကြတာလည်း ရှိသလို အပေါ်က ဆေးတွေအကုန်လုံးကို ပေါင်းစပ်ပြီး drug cocktail (Happy water) အနေနဲ့ သုံးကြတာလည်း ရှိပါတယ်။

အရက်တွေ၊ ဆေးလိပ်တွေ၊ vapeတွေကလည်း ပုံမှန်လည်း သောက်နေကြဆိုတော့ ဒီနေရာမှာ သီးသန့်ထည့်မပြောတော့ပါဘူး။

ပါတီမှာ အသုံးများတဲ့ ဆေးတွေရဲ့ အာနိသင်နဲ့ ဘေးထွက်ဆိုးကျိုး

အသုံးများတဲ့ ဆေးတွေထဲကမှ မြန်မာနိုင်ငံမှာ ပေါပေါများများ သုံးကြတဲ့ ဆေးတွေအကြောင်းကိုပြောရမယ်ဆိုရင်

  • GHB

Gamma-hydroxybutyrate ဖြစ်ပြီး date rape drug လို့လည်း ခေါ်ပါတယ်။ လူကို ငြိမ်ကျသွားစေတဲ့ အာနိသင်ရှိပါတယ်။ လူက ရီဝေဝေဖြစ်ပြီး ဘာမှမမှတ်မိတဲ့အတွက် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ကြုံရနိုင်ပါတယ်။ ဒါကြောင့်လည်း date rape drug လို့ခေါ်တာပါ။

ဘေးထွက်ဆိုးကျိုးအနေနဲ့ကတော့ နှလုံးခုန်နှုန်းတွေ၊ အသက်ရှူနှုန်းတွေ ကျသွားတာ၊ ကိုယ်အပူချိန်ကျသွားတာ၊ ပျို့အန်တာ၊ သတိလစ်တာတွေ ဖြစ်နိုင်ပါတယ်။

  • Marijuana

ဝေါ်ကိ marijuanaကိုတော့ စိတ်ခံစားချက်ကောင်းစေဖို့၊ highဖို့အတွက် သုံးကြပါတယ်။ ဝိသုံးပြီးရင် တစ်နေရာမှာ သွားခွေပြီး ကိုယ့်ကိုယ်ကို ကျေနပ်နေကြတာမျိုးပါ။ ဝိကို ဆေးလိပ်ထဲ လိပ်သောက်တာအပြင် စားစရာတွေမှာပါ ထည့်သွင်းပြုလုပ်လာကြပါတယ်။ စစချင်းမှာ highပြီး နောက်ပိုင်းမှာငြိမ်ကျသွားတာမျိုးပါ။

ဒါပေမယ့် သုံးတဲ့သူတိုင်း highတာတော့ မဟုတ်ပါဘူး။ တချို့တွေမှာ ကဏှာမငြိမ်ဖြစ်တာ၊ ကြွတက်လွန်းတာ၊ ထင်ယောင်မြင်မှား ဖြစ်တာတွေ တွေ့ရပါတယ်။ ဆင်ခြင်နိုင်စွမ်းတွေ နည်းသွားတာကြောင့် အန္တရာယ်များတဲ့ အပြုအမူတွေလည်း လုပ်တတ်ပါတယ်။ ဥပမာ ကားကို အရှိန်တင်မောင်းတာမျိုးပေါ့။

ဒါ့ပြင် ဝိသုံးထားချိန်မှာ reaction timeလို့ခေါ်တဲ့ တုံ့ပြန်တဲ့နှုန်းက ကျသွားပါတယ်။ ဥပမာ ရှေ့ကကားလာရင် သာမန်လူက အမြန်ရှောင်နိုင်ပေမယ့် သူက ရှောင်ဖို့ ကြာနေတာကြောင့် အန္တရာယ်များပါတယ်။

  • အက်ဖန်တဖင်း အုပ်စု

အက်ဖန်တဖင်း၊ ice၊ ကိုကင်း စတာတွေကတော့ စိတ်ကြွဆေး အုပ်စုပါ။ သုံးပြီးရင် တက်ကြွပြီး ပါတီနဲ့ ကလပ်တွေမှာ အင်ပြည့်အားပြည့်နဲ့ ပျော်မြူးနိုင်ကြပါတယ်။ ဒါတွေကို အမှုန့်ရှူတာ၊ အငွေ့ရှူတာ၊ အကြောဆေး စသဖြင့် အမျိုးမျိုး သုံးကြပါတယ်။

စိတ်ကြွရုံတင်မကပါဘူး။ သွေးခုန်နှုန်းတွေ၊ သွေးပေါင်ချိန်တွေ၊ အသက်ရှူနှုန်းတွေပါ တက်လာပါတယ်။ ဒါကြောင့် တချို့တွေမှာ ရုတ်တရက် နှလုံးခုန်ရပ်သွားတတ်ပါတယ်။ စွဲလမ်းတတ်ပြီး မသုံးရရင် ယင်းထတတ်ပါတယ်။

ရှူတဲ့သူဆို ခဏခဏ နှာခေါင်းသွေးလျှံတာ၊ ဆေးထိုးတဲ့သူဆို ကူးစက်ရောဂါတွေ အကူးခံရတာ စတာတွေလည်း ဖြစ်ကြပါတယ်။

  • Ecstasy

အီးကလည်း စိတ်တက်ကြွပြီး လူကို လွင့်စေပါတယ်။ စိတ်ထဲမှာ နေလို့ကောင်းပြီး အားအင်အပြည့်ခံစားရစေပါတယ်။

မကောင်းတာကတော့ ရင်တွေတုန်ပြီး သွေးပေါင်တွေ တက်လာတာပါ။ ဒါ့ပြင် ကြွက်တက်ပြီး ပျို့အန်ချင်သလိုလို ဖြစ်တတ်ပါသေးတယ်။ များများသုံးရင် ကိုယ်အပူချိန် ဆောင့်တက်တာကြောင့် ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးတတ်ပါတယ်။

  • Ketamine

ကေကိုတော့ မေ့ဆေးတွေ၊ တိရိစ္ဆာန်ဆေးကုသမှုမှာ သုံးတာများပါတယ်။ စိတ်ထဲမှာ လွတ်နေပြီး ဟာလာဟင်းလင်း ဖြစ်နေတဲ့ ဖီလင်ကို ရစေပါတယ်။ တချို့ကလည်း ရုပ်နဲ့ နာမ်နဲ့ ခွာသွားသလိုပဲလို့ ပြောကြပါတယ်။

ဘေးထွက်ဆိုးကျိုးအနေနဲ့ အသိစိတ်လွတ်သွားတာ၊ အာရုံမစူးစိုက်နိုင်တာတွေ ဖြစ်တတ်ပါတယ်။ များများသုံးမိရင်တော့ အိပ်မက်လိုလိုတွေ ဖြစ်ပြီး မြင်ချင်ရာမြင်နေတတ်ပါတယ်။ ဖြစ်ခဲ့သမျှတွေကို မမှတ်မိတာမျိုးလည်း ဖြစ်နိုင်တော့ သူ့ကိုလည်း date rape drug အနေနဲ့ သုံးကြပါတယ်။

  • Happy water

Happy water ဆိုတာ အရောင်နဲ့ အနံ့မရှိတဲ့ အရည်ပါ။ အမှုန့်ထုတ်အနေနဲ့လည်း လာတတ်ပါတယ်။ ဒါကို ရေနဲ့ ဖျော်တာ၊ အချိုရည်၊ အရက် စတာတွေနဲ့ ရောပြီး သောက်ကြပါတယ်။ သူ့ထဲမှာ ecstasy, methamphetamine, caffeine, tramadol, diazepam, ketamine စတာတွေ ပါဝင်တတ်ပါတယ်။

Happy waterက မူးယစ်ဆေး တစ်မျိုးထက်မက ပါဝင်နေတာကြောင့် ဆေးအာနိသင် ပေါင်းစုံကို ခံစားရမှာပါ။ ဒါကြောင့် ဘေးထွက်ဆိုးကျိုးကလည်း အစုံပါပဲ။ သာမန်ခေါင်းကိုက်တာ၊ ပျို့အန်ချင်တာကစလို့ ထင်ယောင်ထင်မှားတွေဖြစ်လာတာ၊ သတိမကောင်းတာ၊ ကိုယ်အပူချိန်ထိုးတက်လာတာတွေကိုပါ ခံစားရမှာပါ။

ပါတီနဲ့ ကလပ်တွေမှာ ဆေးသုံးမယ်ဆိုရင်

ဒီဆေးတွေက ရောဂါတွေကို ကုသတဲ့ နေရာမှာလည်း သုံးတယ်ဆိုပေမယ့် ဒီလိုအလွဲသုံးစားလုပ်တဲ့အခါ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။ ကောင်းကျိုး ဆိုးကျိုးကို သိပြီးပြီဆိုရင်တော့ ပါတီနဲ့ ကလပ်တွေမှာ သုံးသင့် မသုံးသင့်က ကိုယ်တိုင် ဆုံးဖြတ်ရမှာပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



Written by

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


11/04/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement