အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်


Aye Thi Mon မှ ရေးသားသည်။ · 31/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

    ပူပူစပ်စပ် အရသာကိုမှ ခံတွင်းတွေ့သူတွေ ရှိလား… ဒါဆိုရင်တော့ အခုပြောပြမယ့် အရွက်ကလေးက စာဖတ်သူတို့နဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဒါကတော့ ပူစပ်စပ် ဟင်းလျာတိုင်းမှာ ထည့်ချက်လေ့ ရှိတဲ့ အာပူရွက် ပါ။

    အာပူရွက် ကို ရှေးယခင်ကာလတွေကတည်းက သဘာဝ ဆေးဖက်ဝင် အပင်တစ်မျိုးအဖြစ် အသုံးပြုခဲ့ကြတာပါ။ အာပူရွက်ကို ခန္ဓာကိုယ် နွေးထွေးစေဖို့ အသုံးပြုကြသလို အဆစ်ရောင်တာ၊ ခါးနာတာတွေ သက်သာစေဖို့လည်း အသုံးပြုကြပါတယ်။

    အာပူရွက် ဆိုတာ

    အာပူရွက်ကို Urtica dioica လို့ ခေါ်ပြီး လက်တင်စကားလုံး uro ကနေ ဆင်းသက်လာတာပါ။ ပူနွေးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ အကြောင်းကတော့ အာပူရွက်က ထိရင်၊ စားမိရင် ခေတ္တခဏလောက် ပူနွေးစေတဲ့ ခံစားမှုကို ရရှိလို့ပါပဲ။

    အာပူရွက်မှာ အမွေးပါးလေးတွေ ပါပြီး ထိမိရင် ယားယံသလို ခံစားရနိုင်ပါတယ်။ အရေပြားမှာ နီမြန်းတာ၊ ရောင်ရမ်းတာကိုလည်း ခံစားရနိုင်ပါတယ်။ အာပူရွက်ကို အခြောက်ခံတာ၊ အရိပ်အောက်မှာ လေအေးအေးနဲ့ အခြောက်ခံတာ၊ ချက်စားတာတွေက ဘေးကင်းပါတယ်။

    အာပူရွက်မှာပါတဲ့ အာဟာရဓာတ်များက ဘာတွေ များလဲ ……….

    အာပူရွက်မှာရော အမြစ်မှာပါ အာဟာရဓာတ်တွေ ပါဝင်နေတာပါ။

    • ဗီတာမင်တွေ အနေနဲ့ ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် K၊ ဗီတာမင် B တို့ ပါဝင်နေပါတယ်။
    • သတ္တုဓာတ်တွေ အနေနဲ့ ကယ်လ်ဆီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရိတ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်တို့ ပါဝင်နေပါတယ်။
    • အဆီဓာတ် အနေနဲ့ Linoleic acid၊ linolenic acid၊ palmitic acid၊ stearic acid နဲ့ oleic acid တို့ ပါဝင်နေပါတယ်။
    • အမိုင်နိုအက်ဆစ်တွေ ပါဝင်နေပါတယ်။
    • ဒါတွေအပြင် ဖလေဗာနွိုက်၊ ဘီတာကယ်လ်ရိုတင်း၊ ကာရိုတီးနွိုက်နဲ့ အခြားသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။ အာပူရွက်က သွေးတွင်း ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပမာဏကို တိုးစေနိုင်ပါတယ်။

    အာပူရွက် နဲ့ ကျန်းမာရေး

    ဆေးဖြစ်ဝါးဖြစ် စားလေ့ရှိတဲ့ အာပူရွက်က အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ပေးစွမ်းပါတယ်။

    အရောင်ကျစေနိုင်တယ်

    ရောင်ရမ်းမှုတွေဟာ ခန္ဓာကိုယ်ရဲ့ ကိုယ်ပိုင် အနာကျက်စေတဲ့ နည်းလမ်း ဖြစ်သလို ကူးစက်ရောဂါတွေကို တိုက်ခိုက်မှုရဲ့ သင်္ကေတပါ။ ဒါပေမယ့် နာတာရှည် ရောင်ရမ်းမှုတွေကတော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

    ဒီပြဿနာကို အာပူရွက်မှာပါတဲ့ ဒြပ်ပေါင်းတွေက အထိရောက်ဆုံး ဖြေရှင်းပေးနိုင်ပါတယ်။ အာပူရွက်က ရောင်ရမ်းမှုကို ဖြစ်စေတဲ့ ဟော်မုန်းတွေ ထုတ်လုပ်မှုကို လျှော့ချပေးနိုင်ပါတယ်။

    အဆစ်ရောင်တာတွေကို သက်သာစေနိုင်သလို လေးဖက်နာကို သက်သာစေနိုင်ပါတယ်။ နာကျင်ကိုက်ခဲမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။

    ဆီးကျိတ် ကျန်းမာစေတယ်

    အမျိုးသားတွေက အသက်ကြီးလာတာနဲ့အမျှ ဆီးကျိတ်ပြဿနာကို ခံစားကြရပါတယ်။ အသက် ၅၀ အထက် အမျိုးသားတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ဟာ ဆီးကျိတ်ကြီးတဲ့ ပြဿနာကို ခံစားနေရပါတယ်။ ဆီးကျိတ်ကြီးတာကို သက်သာစေဖို့အတွက်လည်း အာပူရွက်ကို အသုံးပြုပေးလို့ ရပါတယ်။

    အာပူရွက်က ဆီးကျိတ်ကို ကျန်းမာစေပြီး ဆီးကျိတ် မကြီးအောင် ကာကွယ်ပေးသလို ဆီးကျိတ် ကြီးနေခဲ့ရင်လည်း ထပ်ကြီးမလာစေဖို့ ကာကွယ်ပေးပါတယ်။

    ဓာတ်မတည့်မှုကို သက်သာစေနိုင်တယ်

    အာပူရွက်ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင် တစ်ရပ်က ဓာတ်မတည့်မှုကို သက်သာစေနိုင်တာပါ။ နှာခေါင်းအတွင်း နံရံတွေကို ရောင်ရမ်းစေတဲ့ နှာခေါင်း ဓာတ်မတည့်မှုကို သက်သာစေနိုင်ဖို့ အတွက် အာပူရွက်ကို အသုံးပြုပေးလို့ ရပါတယ်။

    အာပူရွက်ကို ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

    သွေးတိုးကျစေနိုင်တယ်

    အခု နောက်ပိုင်း ပြောင်းလဲလာတဲ့ နေထိုင် စားသောက်မှု ပုံစံတွေကြောင့် သက်လတ်ပိုင်း အရွယ်တွေကစပြီး သွေးတိုးရောဂါကို ခံစားလာရ​ကြပါတယ်။ သွေးတိုးတာက စိုးရိမ်ရတဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ ကုသပျောက်ကင်းဖို့ ခက်တဲ့ နာတာရှည်ရောဂါ တစ်ခုဆိုလည်း မမှားပါဘူး။

    သွေးတိုးတာက နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေအနေနဲ့ လေဖြတ်တာ၊ နှလုံးရောဂါ လိုမျိုး ရောဂါတွေကို ဖြစ်စေနိုင်ပြီး အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။

    အာပူရွက်က nitric oxide ထွက်ရှိအောင် လှုံ့ဆော်ပေးပြီး သွေးကြောနံရံတွေကို ပြေလျော့စေပြီး သွေးကြောတွေကို ပွင့်စေဖို့ ကူညီပေးနိုင်ပါတယ်။ နှလုံး ကြွက်သားတွေကို ပြေလျော့စေပြီး နှလုံးဆီ သွေးနဲ့ အောက်ဆီဂျင် စီးဆင်းရောက်ရှိမှု ကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

    သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ်

    အာပူရွက်ရဲ့ ကျန်းမာရေး အာနိသင် နောက်တစ်ခုက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာပါ။ အာပူရွက်မှာ အင်ဆူလင် ဒြပ်ပေါင်း အနည်းငယ် ပါဝင်နေတာက သွေးတွင်းသကြားဓာတ်ကို အထိရောက်ဆုံး ထိန်းညှိပေးပါတယ်။

    အာပူရွက်က ကျန်းမာရေးအတွက် အထောက်အကူပြုပေမယ့် တန်ဆေး လွန်ဘေး ဆိုတာကို မမေ့စေချင်ပါဘူး။ ကျန်းမာရေး ပြဿနာ အခံ တစ်ခုခု ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ ပမာဏ တိတိကျကျနဲ့ စားသုံးစေချင်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 31/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement