စိတ်ဖိစီးလွန်းလို့ ရာသီထိမ် တာလား၊ တခြားအကြောင်းကြောင့်လား။
စိတ်ဖိစီးတာကြောင့်လား၊ တခြားကြောင့်လား မသေချာဘူးဆိုရင် ဒီနည်းလမ်းကို သုံးလို့ရပါတယ်။ အိမ်ထောင်ရှိတဲ့သူ၊ လိင်ဆက်ဆံထားတဲ့သူက ရာသီထိမ်သွားတယ်။ ကိုယ်ဝန်ရှိတယ်လို့ ယူဆတယ်ဆိုရင် ဆီးစစ်ကြည့်လိုက်ပါ။ တားဆေး သုံးသည် ဖြစ်စေ၊ မသုံးသည် ဖြစ်စေ စစ်လို့ရပါတယ်။ တားဆေးတွေက ကိုယ်ဝန်ကာကွယ်နိုင်စွမ်း မြင့်မားပေမယ့် သူ့မှာလည်း failure rateဆိုတာ ရှိတာကိုး။ စစ်ကြည့်လိုက်လို့ မရှိဘူးဆိုလည်း ပြီးတာပါပဲ။
လိင်ဆက်ဆံထားခြင်း မရှိသူ၊ ကိုယ်ဝန်ရတာ မဖြစ်နိုင်ဘူးဆိုသူတွေကတော့ ဘာမှမလုပ်ပါနဲ့။ ခဏစောင့်လိုက်ပါ။ စိတ်ဖိစီးမှုတွေ သက်သာသွားရင် ပြန်လာမှာပါ။ နောက်လလည်း မလာဘူးဆိုမှ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြကြည့်ပါ။
ရာသီထိမ်တာကို ဘာတွေ မလုပ်သင့်ဘူးလဲ။
မြန်မာနိုင်ငံအနေနဲ့ လုပ်လေ့ရှိတာကတော့ ဆေးတွေ သောက်တာပါ။ သောက်ရုံတင်မက ဆရာဝန်တွေကို ဆေးသွားထိုးခိုင်းပါသေးတယ်။ စိတ်ဖိစီးရင် သားဥမကြွေတဲ့အတွက် ဆင်းစရာ ရာသီသွေးလည်း မရှိပါဘူး။ ဒါကြောင့် အတင်း ရာသီလာအောင် မလုပ်ပါနဲ့။ ရာသီထိမ်နေရင် သွေးပုပ်တွေ အောင်းနေတယ်ဆိုတာလည်း မဟုတ်ပါဘူး။ ဆင်းစရာ သွေးမရှိရင် အောင်းစရာ သွေးလည်း မရှိပါဘူး။ ဘာမှမလုပ်တာက အကောင်းဆုံးပါ။
ဘာတွေ လိုက်နာသင့်သလဲ။
စိတ်ဖိစီးမှုကြောင့် ဖြစ်တာဆိုတော့ စိတ်ဖိစီးမှုကို လျှော့ချသင့်ပါတယ်။ လိုက်နာသင့်တဲ့ နည်းလမ်းတွေကတော့
- အရင်ဆုံး ငါစိတ်ဖိစီးနေလို့ ရာသီထိမ်နေတယ်ဆိုတာကို အရင်လက်ခံလိုက်ပါ။ ဘာလို့ ဒီလို ပြောရသလဲဆိုတော့ စိတ်ဖိစီးလို့ ရာသီထိမ်တယ်၊ ရာသီထိမ်တော့ ဘာကြောင့်လဲ၊ ဘာဖြစ်နိုင်လဲဆိုပြီး ထပ်ပြီး စိုးရိမ်တယ်။ ဒီတော့ စိတ်တွေ ပိုဖိစီးပြီး ရာသီထပ်ထိမ်ပါတယ်။ ဒီလိုနဲ့ သံသရာလည်နေမှာစိုးလို့ အရင်ဆုံး စိတ်အေးအေးထားပါလို့ အကြံပေးချင်ပါတယ်။

- ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလုပ်လို့ ထွက်လာတဲ့ ဟော်မုန်းတွေက စိတ်ဖိစီးတာကို သက်သာစေပါတယ်။
- ညဘက်တွေ အတွေးမများပါနဲ့။ အိပ်ရေးဝဝ အိပ်ပါ။
- အာဟာရပြည့်အောင် စားပါ။ အလွန်အကျွံ ဝိတ်မချပါနဲ့။
- သူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့ အဆက်အသွယ်လုပ်ပါ။
- တရားထိုင်တာ၊ ယောဂကျင့်တာ လုပ်ပါ။
- လိုအပ်ရင် စိတ်ကျန်းမာရေး အထူးကုနဲ့ ဆွေးနွေးတိုင်ပင်ပါ။
စိတ်ဖိစီးမှုက ကိုယ်တွင်းဟော်မုန်း အပြောင်းအလဲကို ဖြစ်စေပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ရာသီထိမ် တာတင်မက တခြားကျန်းမာရေး ပြဿနာတွေလည်း ဖြစ်လာနိုင်လို့ စိတ်ဖိစီးမှုတွေ သိမ်းမထားဖို့ အကြံပေးလိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။