ကလေးတွေမှာ မုတ္တရောဂါ (hydrocele)ကို ဘယ်လိုခွဲစိတ်ကုသမလဲ။
မုတ္တရောဂါဟာ ကလေးငယ်အသက်တနှစ်ကျော်တဲ့အထိ ဆက်လက်ရှိနေမယ်ဆိုရင် ခွဲစိတ်ဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။ မုတ္တရောဂါဆိုတာဟာ ကလေးငယ်ရဲ့ ဝှေးစေ့ဘေးပတ်လည်မှာ အရည်တွေ စုပုံလာတဲ့ အခြေအနေဖြစ်ပါတယ်။
မိခင်ဗိုက်ထဲ ရှိနေစဉ်အချိန်မှာ ယောက်ျားလေးတွေအားလုံးဟာ သူတို့ရဲ့ ဝမ်းဗိုက်နဲ့ ကပ္ပါယ်အိတ်တို့အကြား ဆက်သွယ်မှု ရှိနေပြီး မွေးဖွားပြီးချိန်မှာတော့ အဆိုပါ ဆက်သွယ်မှုဟာ ပိတ်သွားရမှာ ဖြစ်ပါတယ်။
ဒီလိုမျိုး မပိတ်နိုင်ဘဲ ဆက်လက်ပွင့်နေတဲ့အခါ အူလမ်းကြောင်းဘေးပတ်လည်မှာရှိတဲ့ အရည်တွေဟာ အောက်ကို ကျဆင်းလာပြီး ကပ္ပါယ်အိတ်ထဲမှာ စုပုံလာရပါတော့တယ်။
မုတ္တရောဂါကို ဘာလို့ခွဲစိတ်ကုသဖို့ လိုအပ်တာလဲ။
ခွဲစိတ်ကုသပြီးရင် ကလေးမှာ မုတ္တရောဂါ လုံးဝပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။ ဒီလိုမှ မခွဲစိတ်ရင် ကလေးအသက်ကြီးလာတာနဲ့အမျှ မုတ္တရောဂါပိုဆိုးလာရင် ကပ္ပါယ်အိတ်က ပိုပိုပြီး ကြီးလာမှာဖြစ်တဲ့အတွက် ကလေးအနေနဲ့ နေထိုင်သွားလာလှုပ်ရှားရခက်လာမှာဖြစ်သလို ရှက်ရွံ့မှုတွေလည်း ရှိလာမှာ ဖြစ်ပါတယ်။
အသက်တနှစ်မတိုင်ခင်မှာ မုတ္တရောဂါဟာ မခွဲမစိတ်ရဘဲ သူ့အလိုလိုပျောက်ကင်းသွားတတ်တာကြောင့် ကလေးအသက်တနှစ်၊တနှစ်ခွဲလောက်ရောက်တဲ့အထိ မပျောက်သေးဖူးဆိုတော့မှသာ ခွဲစိတ်မှု ပြုလုပ်လေ့ရှိပါတယ်။
တကယ်လို့ သင့်ကလေးအနေနဲ့ အူပါကျနေတယ်ဆိုရင် မုတ္တရောဂါကို ခွဲစိတ်ရင်း အူကျတာကိုပါ တခါတည်း ခွဲစိတ်နိုင်ပါတယ်။
မုတ္တရောဂါခွဲစိတ်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေက ဘာတွေ ရှိလာနိုင်သလဲ။
မုတ္တရောဂါဟာ ကာလရှည် နောက်ဆက်တွဲပြဿနာတွေကို ဖြစ်ပေါ်စေလေ့တော့ မရှိပါဘူး။ မုတ္တရောဂါရှိခြင်းဟာ ကလေးရဲ့ ဝှေးစေ့ကို ထိခိုက်မှုမဖြစ်စေတဲ့အတွက် အသက်ကြီးလာတဲ့အခါ မျိုးအောင်နိုင်စွမ်းကိုလည်း အနှောင့်အယှက် မဖြစ်စေနိုင်ပါဘူး။ ဘယ်လိုကုသမှုမျိုးမဆို ဘေးထွက်ဆိုးကျိုးပြဿနာကတော့ ရှိတာပါပဲ။
ဒါကြောင့် သင့်အနေနဲ့ အဆိုပါ ဘေးထွက်ဆိုးကျိုးတွေကို သိရှိနိုင်ဖို့အတွက် ဆရာဝန်ကို အသေအချာ ကြိုတင်မေးမြန်းရပါမယ်။
ဘယ်လိုခွဲစိတ်မှုမျိုး၊ကုသမှုမျိုးမှာမဆို မေ့ဆေး သို့မဟုတ် ထုံဆေးနဲ့ ဓါတ်မတည့်တာ၊ သွေးအလွန်အကျွံထွက်တာ ဒါမှမဟုတ် သွေးခဲတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
မုတ္တရောဂါကို ခွဲစိတ်ကုသခြင်းရဲ့ ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးအန္တရာယ်တွေက
· ခွဲထားတဲ့ အနာအောက်မှာ အလုံးဖြစ်ခြင်း။
· ပေါင်အရေပြားကို ထောက်ပံ့ပေးတဲ့ အာရုံကြောတွေ ထိခိုက်ခြင်း။
· ဝှေးစေ့ကို သွေးထောက်ပံ့ပေးတဲ့ သွေးကြောတွေ ထိခိုက်ခြင်း။
· သုတ်ပို့ပြွန်ကို ထိခိုက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။
ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ၊အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ခွဲစိတ်မှုမပြုလုပ်ခင်မှာ သေချာစွာကြိုတင်သိရှိနားလည်ထားဖို့ အရေးကြီးပါတယ်။ မရှင်းလင်းတာ၊မေးမြန်းချင်တာတွေရှိရင် ခွဲစိတ်ဆရာဝန်ကို အသေးစိတ်မေးမြန်းနိုင်ပါတယ်။
ႌမုတ္တရောဂါခွဲစိတ်မှု မခံယူခင် ဘာတွေ ကြိုတင်ပြင်ဆင်ရမလဲ။
ခွဲစိတ်မှုမခံယူခင် သင့်ကလေးအနေနဲ့ အစားအသောက်စားလို့ရမရ အပါအဝင် အရေးတကြီးလိုက်နာစရာအချက်တွေနဲ့ ပတ်သက်လို့ ရှင်းလင်းပြတ်သားတဲ့ လမ်းညွှန်ချက်တွေကို သိထားသင့်ပါတယ်။ အများအားဖြင့် ခွဲစိတ်မှုမပြုလုပ်ခင် ခြောက်နာရီလောက်အလိုလောက်ကစပြီး ဘာမှမစားရတော့ပါဖူး။ ဒါပေမယ့် ကော်ဖီအစရှိတဲ့ သောက်စရာတွေကိုတော့ မခွဲခင် နာရီအနည်းငယ်အလိုအထိ သောက်နိုင်ပါတယ်။
မုတ္တရောဂါခွဲစိတ်မှုကို ဘယ်လိုပြုလုပ်သလဲ။
ခွဲစိတ်မှုကို မေ့ဆေးနဲ့ ပြုလုပ်လေ့ရှိပြီး တနာရီလောက်ကြာမြင့်လေ့ရှိပါတယ်။ မုတ္တရောဂါကို ကုသရာမှာ Keyhole surgery လို့ခေါ်တဲ့ ကြီးကြီးမားမားခွဲစိတ်စရာမလိုဘဲ အပေါက်သေးသေးလေးတွေပဲ ဖောက်ပြီးကုသပေးတဲ့ နည်းလမ်းကို အသုံးပြုနိုင်ပေမယ့် ကလေးတွေမှာဖြစ်ပွားတဲ့ မုတ္တရောဂါအများစုကိုတော့ ပေါင်ခြံကနေတဆင့် ခွဲစိတ်ပြီး ကုသလေ့ရှိပါတယ်။
သင့်ခွဲစိတ်ဆရာဝန်အနေနဲ့ ဝမ်းဗိုက်နဲ့ ကပ္ပါယ်အိတ်ကြားဖြစ်ပေါ်နေတဲ့ ဆက်သွယ်မှုကို လိုက်ရှာပြီး ပိတ်ချည်ပစ်လိုက်မှာ ဖြစ်ပါတယ်။ တကယ်လို့ မေးချင်တာ ဒါမှမဟုတ် စိုးရိမ်ပူပန်တာမျိုးလေးတွေ ရှိနေတယ်ဆိုရင် အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် သင့်ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
မုတ္တရောဂါကို ခွဲစိတ်ကုသပြီးရင် ဘာတွေ ဆက်ဖြစ်မလဲ။
ခွဲပြီးတဲ့ နေ့မှာပဲ သင့်ကလေး ဆေးရုံက ဆင်းနိုင်မှာဖြစ်ပြီး နောက်ထပ် တပတ် ဒါမှမဟုတ် နှစ်ပတ်လောက်အကြာမှာ ပုံမှန်အတိုင်း ကျောင်းပြန်တက်နိုင်မှာ ဖြစ်ပါတယ်။ ကလေးအချို့မှာတော့ မုတ္တရောဂါ ပြန်ဖြစ်လာတတ်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။