Heller’s cardiomyotomy laparoscopy ဆိုတာ ဘာလဲ။
အစာ/ရေ မြိုရခက်တာကို သက်သာသွားအောင် ပြုလုပ်ပေးတဲ့ ကုသမှုကို Heller’s cardiomyotomy laparoscopy လို့ခေါ်ပါတယ်။ အစာ/ရေ မြိုရခက်တာဟာ အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပေမယ့် အဖြစ်များဆုံး အကြောင်းရင်းခံကတော့ achalasia ဆိုတဲ့ ရောဂါကြောင့်ပဲ ဖြစ်ပါတယ်။
achalasia ဟာ အစာ/ရေ မြိုရခက်တဲ့ ပြဿနာတွေကို ဖြစ်ပွားစေသော အခြေအနေတခု ဖြစ်တဲ့အပြင် လည်ချောင်းထဲက အစာတွေ ပါးစပ်ထဲ ပြန်ဆန်တက်ခြင်း၊ရင်ဘတ်အောင့်ခြင်းနဲ့ ကိုယ်အလေးချိန်ကျခြင်းတို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။ လည်ချောင်းတလျှောက်က အစာတွေ အစာအိမ်ထဲဝင်တာကို ထိန်းချုပ်ပေးတဲ့ အစာအိမ် အပေါ်ပိုင်းဆန့်ကျုံ့ကြွက်သား ကောင်းစွာ မဖြေလျှော့နိုင်တဲ့အခါ achalasia ရောဂါ ဖြစ်ပွားလာရပါတယ်။
ခွဲစိတ်ခြင်းမဟုတ်တဲ့ အခြားသော ကုသမှုတွေ (ခပ်ပျော့ပျော့ အစာတွေစားတာ၊ဆေးဝါးသုံးစွဲတာ နဲ့ အဆို့ကို ချဲ့တာ စသဖြင့်)ဟာ ရောဂါလက္ခဏာတွေကို ယာယီပဲသက်သာစေနိုင်ပါတယ်။
Heller’s cardiomyotomy laparoscopy ကို ဘာကြောင့် ပြုလုပ်သလဲ။
အစာရေမြို (oesophagus)ရဲ့ အောက်ပိုင်းမှာရှိတဲ့ ကြွက်သားတွေ လုံလောက်အောင် ဖြေလျှော့မေပေးနိုင်တာကြောင့် အစာနဲ့ရေတွေ အစာအိမ်ထဲမဆင်းနိုင်ဖြစ်နေတဲ့ ရောဂါအခြေအနေ (achalasia of the cardia) အတွက် ပြုလုပ်တဲ့ ခွဲစိတ်မှု ဖြစ်ပါတယ်။
Botox ထိုးတာ ဒါမှမဟုတ် အစာရေမြိုထဲကို ဘောလုံးထည့်ပြီး ဖောင်းတာတွေကို ပြုလုပ်ကြည့်နိုင်ပေမယ့် ဒီနည်းလမ်းတွေဟာ ကြာရှည်မခံတဲ့အတွက် ခွဲစိတ်မှုကိုပဲ ထပ်မံပြုလုပ်ရလေ့ရှိပါတယ်။
ဒီခွဲစိတ်မှုရဲ့ ဘေးထွက်ဆိုးကျိုး၊အန္တရာယ်တွေက ဘာလဲ။
ဘယ်လိုကုသမှုမျိုးမဆို ဘေးထွက်ဆိုးကျိုးပြဿနာကတော့ ရှိတာပါပဲ။ ဒါကြောင့် သင့်အနေနဲ့ အဆိုပါ ဘေးထွက်ဆိုးကျိုးတွေကို သိရှိနိုင်ဖို့အတွက် ဆရာဝန်ကို အသေအချာ ကြိုတင်မေးမြန်းရပါမယ်။ ဘယ်လိုခွဲစိတ်မှုမျိုး၊ကုသမှုမျိုးမှာမဆို မေ့ဆေး သို့မဟုတ် ထုံဆေးနဲ့ ဓါတ်မတည့်တာ၊ သွေးအလွန်အကျွံထွက်တာ ဒါမှမဟုတ် သွေးခဲတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
Heller’s cardiomyotomy ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးတွေကတော့
· အူလမ်းကြောင်း၊ဆီးအိမ် သို့မဟုတ် သွေးကြောတွေကို ထိခိုက်မိခြင်း။
· ခွဲထားတဲ့ ဒါဏ်ရာနေရာကနေ အူကျွံခြင်း။
· ခွဲထားတဲ့ နေရာမှာ လေလုံးဖြစ်ခြင်း။
· အစာရေမြို ဒါမှမဟုတ် အစာအိမ်တွေမှာ အပေါက်ဖြစ်သွားခြင်း။
· အစာ၊ရေ မြိုချရခက်ခြင်း။
· အစာအိမ်ထဲက အစာချေအက်ဆစ်ရည်များ အပေါ်ပြန်ဆန်တက်ခြင်း။
· အဆုတ်လေဖုံးခြင်း စတာတွေပဲ ဖြစ်ပါတယ်။
ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ၊အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ခွဲစိတ်မှုမပြုလုပ်ခင်မှာ သေချာစွာကြိုတင်သိရှိနားလည်ထားဖို့ အရေးကြီးပါတယ်။ မရှင်းလင်းတာ၊မေးမြန်းချင်တာတွေရှိရင် ခွဲစိတ်ဆရာဝန်ကို အသေးစိတ်မေးမြန်းနိုင်ပါတယ်။
ခွဲစိတ်မှုမပြုလုပ်ခင် ဘာတွေကြိုတင်ပြင်ဆင်ရမလဲ။
သင့်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေ၊ရောဂါရှိမရှိ၊လက်ရှိသောက်သုံးနေတဲ့ဆေးရှိမရှိ ဒါမှမဟုတ် ဓါတ်မတည့်ခြင်း ရှိမရှိတို့နဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ခွဲစိတ်မှုမခံယူခင်မှာ မေ့ဆေးဆရာဝန်နဲ့ တွေ့ဆုံပြီး ဘယ်လိုနည်းလမ်းကို အသုံးပြုမလဲဆိုတာကိုလည်း ဆွေးနွေးရပါမယ်။
ခွဲစိတ်မှုမခံယူခင် အချိန်ဘယ်လောက်အလိုမှာ အစားအသောက် လုံးဝမစားရတော့ဖူးဆိုတဲ့ ညွှန်ကြားချက်ကို အတိအကျ ဂရုတစိုက်လိုက်နာပါ။ ခွဲစိတ်မှုမခံယူခင် အစားအသောက်စားလို့ရမရ အပါအဝင် အရေးတကြီးလိုက်နာစရာအချက်တွေနဲ့ ပတ်သက်လို့ ရှင်းလင်းပြတ်သားတဲ့ လမ်းညွှန်ချက်တွေကို သိထားသင့်ပါတယ်။
အများအားဖြင့် ခွဲစိတ်မှုမပြုလုပ်ခင် ခြောက်နာရီလောက်အလိုလောက်ကစပြီး ဘာမှမစားရတော့ပါဖူး။ ဒါပေမယ့် ကော်ဖီအစရှိတဲ့ သောက်စရာတွေကိုတော့ မခွဲခင် နာရီအနည်းငယ်အလိုအထိ သောက်နိုင်ပါတယ်။
Heller’s cardiomyotomy laparoscopy ခွဲစိတ်မှုကို ဘယ်လိုပြုလုပ်သလဲ။
ဒီခွဲစိတ်မှုကို မေ့ဆေးပေးပြုလုပ်လေ့ရှိပြီး တနာရီကနေ တနာရီခွဲလောက်အထိ ကြာမြင့်တတ်ပါတယ်။ ခွဲစိတ်ဆရာဝန်အနေနဲ့ သင့်ဗိုက်ပေါ်မှာ ခပ်သေးသေးခွဲရာအချို့ကို ပြုလုပ်မှာ ဖြစ်ပြီး အဆိုပါ ခွဲရာအပေါက်လေးတွေထဲကနေတဆင့် ခွဲစိတ်ကိရိယာတွေ နဲ့ မှန်ပြောင်းတို့ကို ဗိုက်ထဲထည့်သွင်းမှာဖြစ်ကာ ဒီနောက်မှာ ခွဲစိတ်မှုကို စတင်ပြုလုပ်မှာ ဖြစ်ပါတယ်။
သင့်ဆရာဝန်အနေနဲ့ အစာအိမ်အပေါ်ပိုင်းနားနဲ့ အစာရေမြိုအောက်ခြေနားမှာရှိတဲ့ ကြွက်သားတွေကို ဖြတ်ထုတ်မှာဖြစ်ပြီး ကျယ်သွားအောင် ဆန့်ထုတ်မှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကြွက်သားတွေက ပြန်လည် ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ တကယ်လို့ မေးချင်တာ ဒါမှမဟုတ် စိုးရိမ်ပူပန်တာမျိုးလေးတွေ ရှိနေတယ်ဆိုရင် အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် သင့်ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
ႌခွဲစိတ်မှု ပြုလုပ်ပြီးနောက် ဘာတွေဆက်ဖြစ်မှာလဲ။
ခွဲစိတ်မှုပြုလုပ်ပြီး ရက်အနည်းငယ်အကြာမှာ ဆေးရုံဆင်းခွင့်ရမှာဖြစ်ပြီး (ခွဲစိတ်မှု အတိမ်အနက်နဲ့ လက်ရှိအလုပ်သဘာဝတို့အပေါ် မူတည်ကာ) နှစ်ပတ်လောက်အကြာမှာတော့ လုပ်ငန်းခွင် ပြန်ဝင်နိုင်မှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးရင် အချိန်တိုအတွင်းမှာ မူလအတိုင်း လှုပ်ရှားသွားလာမှုပြုလုပ်နိုင်မှာ ဖြစ်ပေမယ့် လေ့ကျင့်ခန်းစတင်မပြုလုပ်မီ ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ဆွေးနွေးရပါမယ်။
ဒီခွဲစိတ်မှုခံယူထားသူအများစုဟာ ပုံမှန်အတိုင်း အကောင်းပကတိ ပြန်ဖြစ်မှာပါ (ခွဲစိတ်ခံထားသူ ဆယ်ယောက်မှာ ကိုးယောက်ဟာ အစာ/ရေမြိုလို့ ပိုကောင်းလာပြီး ပုံမှန်စားသောက်တဲ့ ပုံစံအတိုင်း စားနိုင်ပြီ ဖြစ်ပါတယ်။)
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။