brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ပေါက်ပေါက်ဆုပ် အဆုတ် (Popcorn lung)

ရောဂါအကျဉ်း

ပေါက်ပေါက်ဆုပ် အဆုတ်ရောဂါဆိုတာဘာလဲ။

ပေါက်ပေါက်ဆုပ် အဆုတ်ရောဂါဆိုတာ အဆုတ်ထဲမှာရှိတဲ့ အသေးဆုံးလေပြွန်အိတ်လေးတွေမှာ ဓာတုပစ္စည်းတွေကို ရှူရှိုက်မိတာကြောင့် လေပြွန်နံရံတွေမှာ အမာရွတ်တွေဖြစ်၊ ကျဉ်းမြောင်းသွားပြီးတော့ နောက်ဆုံးအခြေအနေမှာ လေပြွန်တွေပါ ပိတ်ဆို့သွား၊ အသက်အန္တရာယ်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်တဲ့ ရောဂါတစ်ခုပါ။

ပေါက်ပေါက်ဆုပ် အဆုတ် (Popcorn lung)

ဒီရောဂါကို Bronchiolitis Obliterans လို့လဲခေါ်ပါတယ်။ အဓိပ္ပါယ်ကတော့ bronchiolitis လေပြွန်ငယ်လေးတွေယောင်ယမ်းခြင်းနဲ့ obliterans ပိတ်ဆို့ခြင်း ပါ။ ဒါကြောင့် ဒီရောဂါဟာ လေပြွန်အိတ်ငယ်လေးတွေ ယောင်ယမ်းခြင်းကြောင့် လေပြွန်တွေပိတ်ဆို့တဲ့ အဆုတ်ရောဂါ ဖြစ်ပါတယ်။

ရောဂါဖြစ်စေတဲ့ အကြောင်းအရင်းများ

၂၀၀၄ ခုနှစ်မှာ ယူအက်စ်ရဲ့ ရောဂါထိန်းချုပ်မှုနဲ့ ကာကွယ်မှုဋ္ဌာန (CDC) ကနေပြီးတော့ Popcorn Lung ရောဂါကေ့စ်တွေကိုစတင်ပေါ်ပေါက်လာကြောင်း သတင်းပို့ပါတယ်။ နောက်ကြောင်းပြန်လိုက်ကြည့် တဲ့အခါ မီဆိုရီပြည်နယ်က မိုင်ခရိုဝေ့ဖ်ထဲမှာ ဖောက်တဲ့ ပေါက်ပေါက်ဆုပ် စက်ရုံတစ်ရုံကသူတွေမှာ Bronchiolitis obliterans ရောဂါတွေကို တွေ့ရှိခဲ့ရပါတယ်။

ယူအက်စ်ရဲ့ အလုပ်အကိုင်လုံခြုံရေးနဲ့ ကျန်းမာရေးအဖွဲ့အစည်းကနေ သေချာစစ်ဆေးလိုက်တဲ့ချိန်မှာတော့ diacetyl လို့ခေါ်တဲ့ ပေါက်ပေါက်ဆုပ်တွေကို ထောပတ်အနံ့အရသာပေးတဲ့ ဓာတုပစ္စည်းတစ်မျိုးဟာ လေပြွန်အိတ်ငယ်လေးတွေကို ယောင်ရမ်းစေတယ်။ ဒီဓာတုပစ္စည်းကို ကြာရှည် ရှူမိရင် နောက်ဆုံး လေပြွန်တွေပိတ်တဲ့အထိပါဖြစ်စေနိုင်တယ်။

ဒီကနေစတင်ပြီးတော့ Popcorn lung ဆိုတဲ့နာမည်လည်းဖြစ်လာခဲ့တယ်။

Diacetyl ဟာ ပေါက်ပေါက်ဆုပ်မှာပဲ ပါတာမဟုတ်ပါဘူး။ လူငယ်တွေသောက်သုံးနေကြတဲ့ ဆေးလိပ်အစားထိုး ကိရိယာ (vaping devices, e-cigarettes) တွေမှာလည်း လူတွေကိုဆွဲဆောင်နိုင်တဲ့ အနံ့ရှိတဲ့ Diacetyl ကိုထည့်သွင်းအသုံးပြုနေတာကို တွေ့ရပါတယ်တဲ့။ ဒါကြောင့် vaping ကြောင့်ဖြစ်တဲ့ ရောဂါတွေထဲမှာ Popcorn lung ဟာလည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။

Popcorn lung ဖြစ်စေတဲ့ တခြားဓာတုပစ္စည်းတွေ

Acetaldehyde (အက်စီတယ်လ်ဒီဟိုဒ်)၊ Formaldehyde (ဖောမယ်လ်ဒီဟိုဒ်)၊ Sulphur Dioxide (ဆာလ်ဖာဒိုင်အောက်ဆိုဒ်)၊ Nitrogen Oxides (နိုင်ထရိုဂျင်အောက်ဆိုဒ်)၊ Chlorine (ကလိုရင်း)၊ Hydrochloric acid (ဟိုင်ဒရိုကလိုရစ်အက်ဆစ်)၊ ဂဟေဆော်တဲ့နေရာမှာဖြစ်ပေါ်တဲ့ metal oxides

ဒါ့အပြင် Popcorn lung ဟာ အဆုတ်ရောင်ရောဂါ (pneumonia)၊ လေပြွန်ရောင်ရောဂါ (Bronchitis) လိုမျိုး ပြင်းထန်တဲ့ အဆုတ်ရောဂါ တစ်မျိုးမျိုးဖြစ်ပြီးတဲ့အချိန်မှာလည်း နောက်ဆက်တွဲရောဂါအနေနဲ့ဖြစ်နိုင်ပါတယ်။ လေးဖက်နာတစ်မျိုးဖြစ်တဲ့ (rheumatoid arthritis) ဖြစ်နေတဲ့သူတွေမှာလည်း ဘေးထွက်ရောဂါအနေနဲ့ ဖြစ်နိုင်ပါတယ်။

အဆုတ်အစားထိုးထားတဲ့သူတွေ (Lung transplant)၊ ရိုးတွင်းခြင်ဆီအစားထိုးထားတဲ့သူတွေမှာလည်း ခန္ဓာကိုယ်တွင်းဝင်လာတဲ့ ကိုယ်တွင်းအင်္ဂါသစ်ကို လက်မခံနိုင်တဲ့အခါမှာလည်း popcorn lung ဟာဖြစ်နိုင်ပါတယ်။

Popcorn lung ရဲ့ ရောဂါလက္ခဏာတွေ

ဖျားခြင်း

ချောင်းခြောက်ဆိုးခြင်း

အသက်ရှူရခက်ခဲခြင်း

အကြောင်းမရှိဘဲ မောပန်းနွမ်းနယ်ခြင်း

ဒီလို ရောဂါလက္ခဏာတွေဟာ အဆိပ်ငွေ့ကိုရှူူပြီး ၂ ပတ်ကနေ ၂ လအတွင်း စတင်ပေါ်နိုင်ပါတယ်။ လှုပ်လှုပ်ရှားရှားနေတဲ့ချိန်တွေမှာလည်း အရင်တုန်းကလောက် အမောမခံနိုင်တော့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

အကယ်၍သင့်မှာ ရှင်းပြလို့ရနိုင်လောက်တဲ့ အကြောင်းရင်းမရှိဘဲ မောနေတာမျိုး၊ ပန်းနာရင်ကြပ်မရှိဘဲ အသက်ရှူတိုင်း တရွှီရွှီမြည်နေတတ်တာမျိုးတွေ ခံစားနေရပြီဆိုရင်တော့ Bronchiolitis obliterans ဖြစ်နေနိုင်ပါတယ်။

ရောဂါ ဘယ်လိုရှာဖွေမလဲ။

အပေါ်မှာပြောထားသလိုမျိုး ရောဂါလက္ခဏာတွေရှိနေပြီဆိုရင် ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ရင်ဘတ်ကို ကွန်ပျူတာ ဓာတ်မှန် (CT scan) ရိုက်ရပါမယ်။ အဆုတ်ကို ရှူထောင့်ပေါင်းစုံ၊ ဘက်ပေါင်းစုံကနေကြည့်ပြီးတဲ့ ချိန်မှာတော့ ရောဂါဟာ ပိုပြီး ရုပ်လုံးပေါ်လာမှာပါ။ ဒါ့အပြင် သင့်အဆုတ်ဟာ အလုပ်ကောင်းကောင်းလုပ်နေရဲ့လား၊ အသက်ရှူစံနှုန်းတွေကို တိုင်းတာဖို့လိုပါတယ်။

Popcorn lung မှန်းသေချာဖို့အတွက်ဆိုရင်တော့ အဆုတ်အသားစယူခြင်း (Lung biopsy) ကအမှန်ဆုံးဖြစ်ပါတယ်။

Popcorn lung ကိုကုသနည်းများ

Popcorn lung ကိုအချိန်မှီမကုသနိုင်ရင် ကုလို့မရတဲ့ ရောဂါအသွင်ပြောင်းလဲသွားနိုင်တာကြောင့် စောစောသိ ပြီးကုသနိုင်ရင် အကောင်းဆုံးပါ။

သင့်အလုပ်က ဓာတုပစ္စည်းတွေကြောင့် ဒီရောဂါဖြစ်လာတာဆိုရင် အလုပ်ပြောင်းတာ၊ အလုပ်မှာ ကာကွယ်နိုင်မယ့် အသုံးအဆောင်တွေကို သုံးတာအမျိုးလုပ်သင့်ပါတယ်။

သင့်ရဲ့ဆရာဝန်ကတော့ သင့်ရဲ့လေပြွန်တွေ ယောင်ရမ်းတာကို သက်သာစေမယ့် စတီးရွိက် (steroids) တွေ၊ ပိုးသတ်ဆေး (antibiotics) တွေကို ညွှန်းပေးပါလိမ့်မယ်။

ချောင်းအရမ်းဆိုးတဲ့အခါ ချောင်းဆိုးပျောက်ဆေးနဲ့ အတူ အသက်ရှူအရမ်းကျပ်လာတဲ့ချိန်မှာ လေပြွန်ကိုပွင့်စေမယ့် ဆေးတွေသောက်သုံးရပါမယ်။

အဆိုးဆုံး အခြေအနေတွေမှာတော့ အောက်ဆီဂျင်ရှူရမယ်။

ပေါက်ပေါက်ဆုပ် အဆုတ်ရောဂါလို့ခေါ်တဲ့ Popcorn lung ရောဂါလေးက နာမည်လေးနဲ့ မလိုက်အောင် အခြေအနေတွေဆိုးရွားသွားနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့်လည်း Popcorn lung ဖြစ်နိုင်ချေအများဆုံးဖြစ်တဲ့ e-cigarettes တွေကိုရှောင်ကြဖို့၊ ဓာတုပစ္စည်းတွေပါတဲ့ လေတွေကို မရှူရှိုက်မိအောင် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့လိုအပ်ပါတယ်နော်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Yee Mon Lwin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/07/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။