ဒီနေ့ (၁၄.၄.၂၀၂၀)မှာ အုန်းအုန်းကျွတ်ကျွတ် ဖြစ်သွားတဲ့ သတင်းကတော့ တရုတ်မှာ COVID-19 အတွက် ကာကွယ်ဆေး တွေ့နေပြီ။ လူမှာ သုံးတော့မယ်ဆိုတဲ့ သတင်းပါပဲ။ အိမ်ထဲမှာလဲ နေရတာကြာပြီ။ အပြင်လည်း မသွားရ၊ အလုပ်ပျက် အကိုင်ပျက် ဖြစ်နေတဲ့ အချိန် ဒီသတင်းကြားလိုက်ရတာ ပျော်စရာပေါ့။ ဒါပေမယ့် သတင်းမှာ ရေးတာကလေ ‘လူမှာ စမ်းသပ်လို့ ရပြီ’ လို့ ရေးတာပါ။ ‘ကာကွယ်ဆေးရပြီ’ လို့ ပြောတာ မဟုတ်ပါဘူး။ မတူဘူးလားလို့ မေးရင်တော့ မတူပါဘူး။ ဘာလို့လဲဆိုတော့ ကာကွယ်ဆေးတစ်ခု ထုတ်ရတာ အဲ့လောက် မလွယ်ဘူးလေ။ ဒါတွေကို ရှင်းပြဖို့ဆိုရင် ကာကွယ်ဆေး ဘယ်လို ထုတ်သလဲ။ ဘယ်အဆင့်တွေ ဖြတ်ပြီးမှ လူတွေ သုံးနိုင်တဲ့ အဆင့်ရောက်လဲဆိုတာ ရှင်းပြပေးပါမယ်။ ကဲ စကြည့်ရအောင်။
ကာကွယ်ဆေး ထုတ်ဖို့ ကျော်ဖြတ်ရမယ့် အဆင့်များ
- ရှာဖွေဖော်ထုတ်တဲ့ အဆင့်(Exploratory stage)
ဒါဘာလုပ်တာလဲဆိုတော့ ရောဂါပိုးက ဘယိလိုလဲ။ သူ့ရဲ့ ဘယ်အပိုင်းကို ထိခိုက်စေနိုင်မယ့် ကာကွယ်ဆေး ထုတ်မလဲ။ ဘယ်လိုလုပ်ရင် ဒီကောင် ငါတို့ကိုယ်ထဲမှာ မပွားဘဲ နေမလဲ စသဖြင့် လေ့လာစူးစမ်းတဲ့ အဆင့်ပါ။
- Pre-clinical stage
ရောဂါပိုးရဲ့ ဘယ်အပိုင်းကို တားမလဲဆိုတာ သိပြီးရင် စပြီး စမ်းသပ်ပါတော့မယ်။ လူမှာ စပြီး မစမ်းပါဘူး။ တိရိစ္ဆာန်လေးတွေ၊ ဓာတ်ခွဲခန်းထဲက ဖန်ပေါင်းချောင်လေးတွေထဲမှာ စပြီး စမ်းသပ်ပါတယ်။ ဒါကလည်း တစ်ကောင် နှစ်ကောင်လောက် စမ်းတာမဟုတ်ဘူးနော်။ အများကြီးကို စမ်းသပ်တာပါ။
- Clinical development
ခုနက အဆင့်တွေ အောင်မြင်ပြီဆိုရင် လူမှာ စမ်းသပ်ပြီပေါ့။ ဒီမှာလည်း အဆင့် ၄ဆင့် ထပ်ခွဲထားပါသေးတယ်။
Phase 1– လူနည်းနည်းလေးနဲ့ စစမ်းတာပါ။
Phase 2– အဆင့် ၁အောင်မြင်တယ်ဆိုရင် အဆင့်၂မှာ လူများများနဲ့ စမ်းမယ်။ စမ်းမယ့်သူတွေကလည်း အသက်ဘယ်လောက်နဲ့ ဘယ်လောက်ကြား ဖြစ်ရမယ်။ ကျန်းမာရေး အခြေအနေကတော့ ဘယ်လို ရှိရမယ် စသဖြင့် နည်းနည်းလေး အဆင့်မြင့်ပြီး စမ်းလာပါပြီ။ ဒါမှ ကာကွယ်ဆေးနဲ့ ပတ်သတ်တဲ့ အချက်တွေ ပိုသိရမှာကိုး။
Phase 3– လူပေါင်း ထောင်နဲ့ချီပြီး စမ်းသပ်လာပါပြီ။ လူဘယ်နှယောက်မှာ စမ်းရင် ဘယ်နှယောက်က ဆေးအောင်လဲ။ စိတ်ရောချရရဲ့လား စသဖြင့် ပိုပြီး အသေးစိတ်လာပါပြီ။
Phase 4– ဒီအဆင့်ကတော့ ကာကွယ်ဆေး ထုတ်ပြီးလည်း အမြဲရှိနေဦးမှာပဲ။ ဘာလုပ်တာလဲဆိုတော့ ကာကွယ်ဆေးရဲ့ ဆိုးကျိုးကို ကြည့်တာပါ။ ဒီကာကွယ်ဆေးက လောလောဆယ် ဒီရောဂါကို ကာကွယ်ပေးပေမယ့် ဘေးထွက်ဆိုးကျိုး ဘာရှိလဲ။ ထိုးပြီး နှစ်ဘယ်လောက်အကြာမှာ ဘာရောဂါတွေ (ဥပမာ ကင်ဆာ) ဖြစ်လာနိုင်လဲ ဆိုပြီး စောင့်ကြည့်နေရပါတယ်။
- Regulatory review and approval
အားလုံးလည်း အဆင်ပြေပြီ လူတွေမှာ သုံးလို့ ရလောက်ပြီဆိုရင် အများကြီး ထုတ်တော့မှာပေါ့။ ထုတ်မယ်ဆိုရင် ဒီတိုင်း ထုတ်လို့မရပါဘူး။ FDAရဲ့ ခွင့်ပြုချက်လိုပါတယ်။ FDAကလည်း ရော့ အင့် ထုတ်တော့ဆိုပြီး တန်းပြီး ခွင့်မပြုပါဘူး။ ဒီဆေးဟာ တကယ်ပဲ သုံးလို့ ရလောက်လားဆိုပြီး အဆင့်ဆင့် စစ်ဆေးပါသေးတယ်။ ဒီဆေးကို လူဘယ်နှယောက်မှာ စမ်းထားတာလဲ။ တကယ်စမ်းထားတာလား။ ဒေတာတွေကရော အမှန်လား စသဖြင့်ပေါ့။ ဒီလို အခေါက်ခေါက်အခါခါ စစ်ဆေးပြီးလို့ သေချာပြီဆိုမှ ပေးထုတ်တာပါ။
အဲ့မှာ ဆေးကုမ္ပဏီတွေ အများကြီး ထုတ်ပေတော့။ ပြီးတော့မှ လူတွေဆီကို ရောက်လာတာပါ။
- Quality control
ထုတ်ပြီးသွားရင်လည်း QCဆိုပြီး ဒီဆေးတွေက အရည်အသွေး ပြည့်မီရဲ့လားဆိုပြီး လိုအပ်သလို စစ်ဆေးရပါသေးတယ်။
ဘာလို့ ဒီလောက်ထိ ပြောနေရသေးလဲဆိုတော့ ကာကွယ်ဆေး မထွက်သေးဘူးလားလို့ မေးမေး နေကြလို့ပါ။ ကာကွယ်ဆေးထွင်တာ ဒီလောက်မလွယ်ပါဘူး။ လူတွေအများကြီး အချိန်တွေ အများကြီး သုံးရပါတယ်။ ခုမှ မြင်ဖူးတဲ့ COVID-19အတွက်ဆို ပိုဆိုးတာပေါ့။
COVID-19 ကာကွယ်ဆေး က သုံးလို့ရနေပြီလား
တကယ်က တရုတ်တစ်နိုင်ငံတည်းကပဲ ကာကွယ်ဆေး ထုတ်နေတာ မဟုတ်ပါဘူး။ ဟိုတလောကတောင် မြန်မာနိုင်ငံမှာ ကာကွယ်ဆေး ထုတ်မယ်ဆိုပြီး ပြောနေသေးတယ်မလား။ စာရင်းတွေ လှန်မယ်ဆိုရင် ဒီဧပြီလထိကို ကာကွယ်ဆေးပေါင်း ၁၁၅မျိုး စမ်းနေပါပြီ။ ဒီထဲက ၇၉က တကယ် စမ်းနေပါပြီ။ ၃၇ခုကတော့ စီစဉ်နေတုန်း ရှိပါသေးတယ်။
၇၉ခုထဲမှာ ၇၄ခုလောက်က Exploratory stageနဲ့ Pre-clinical stageထဲမှာပဲ ရှိပါသေးတယ်။ Phase 1 လူနဲ့ စမ်းသပ်တာက ကာကွယ်ဆေး ၇မျိုးရှိပါတယ်။ ဒီထဲမှာမှ တရုတ်က စမ်းနေတဲ့ Ad5-nCoV အမျိုးအစားက Phase 2 နောက်တဆင့်ကို တက်သွားတာပါ။ နောက်ပြီး အင်္ဂလန်က လုပ်တဲ့ ChAdOx1 nCoV-19 ကာကွယ်ဆေးကလည်း နောက်တဆင့် တက်တော့မှာပါ။ ခုဆိုရင် လူမှာ စစမ်းနေပါပြီ။ အင်္ဂလန်နိုင်ငံက ဒီကာကွယ်ဆေးကို အများကြီး မျှော်လင့်ထားပါတယ်။
တရုတ်ကတော့ ကြာချိန်ကို ၂၀၂၀ မတ်လကနေ နှစ်ကုန်အထိ ပြောထားပါတယ်။ ဒါ စမ်းသပ်ကာလပဲ ရှိသေးတာပါ။ ပြီးတော့ အောင်မြင်ဦးမှပါ။ ခုနက ပြောသလို ခွင့်ပြုမိန့်ရဖို့၊ ထုတ်ဖို့က အချိန်ထပ်ယူရဦးမှာပါ။
အနှစ်ချုပ်ပြောချင်တာက ကာကွယ်ဆေးက လူမှာ စမ်းသပ်ဆဲအဆင့်တက်လာတာပါ။ သုံးလို့ရပြီလို့ ပြောတာ မဟုတ်ပါဘူး။ မြင်အောင် ပြောရရင် လမ်းကြောင်းပေါ်တော့ ရောက်နေပြီ။ ပန်းတိုင်ကတော့ လိုသေးတယ်ပေါ့။ ဘာပဲဖြစ်ဖြစ် မျှော်လင့်ချက် ရှိလာတာတော့ အမှန်ပါပဲ။ ကာကွယ်ဆေး အောင်မြင်ပြီး ဒီထက် ပိုမြန်မြန် ထုတ်နိုင်ဖို့ကိုလည်း မျှော်လင့်ပါတယ်။ ဒီကြားထဲမှာတော့ ရောဂါကာကွယ်နည်းတွေကို လိုက်နာပါ။ ကာကွယ်ဆေးကို စောင့်ရင်း တတ်နိုင်သမျှ ရောဂါမကူးစက်အောင် နေထိုင်ကြပါ။
117,946
97,819
2,484
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။