ရေချိုးခန်းဝင်ရင် ဆပ်ပြာတိုက်တော့ ရင်သားမှာ အဖုလေးလိုလို အကျိတ်လေးလိုလို စမ်းမိတယ်။ အစကတော့ ဘာရယ်လို့မှ ထွေထွေထူးထူး မတွေးဘဲ ထားလိုက်တယ်။ ဒါပေမယ့် တစ်ပတ်လောက်ကြာတော့ အကျိတ်လေးက ပိုကြီးလာသလိုပဲ။ ဒီလိုနဲ့ မေမေ့ကို ပြောပြမိတော့ ကင်ဆာ ဖြစ်နေမှာစိုးလို့ ဆေးခန်းပြကြည့်ဖို့ ပြောတယ်။
ချက်ချင်းတော့ မပြဖြစ်သေးဘူးပေါ့။ အလုပ်တွေများနေတာနဲ့ အချိန်နည်းနည်းကြာလာတော့ အကျိတ်က ကြီးလာတယ်။ ဒီလိုနဲ့ မဖြစ်တော့ဘူးဆိုပြီး မေမေကိုယ်တိုင် လိုက်ပို့မှပဲ ဆေးခန်းရောက်တော့တယ်။
ဆရာဝန်နဲ့ ဖြစ်တဲ့ လက္ခဏာတွေကို သေချာပြောပြပြီး ဆေးစစ်မှုတွေ လုပ်ခိုင်းတယ်။ ဒီအချိန်မှာကတည်းက ဆရာဝန်က သေချာတော့ ပြောလို့မရသေးပေမယ့် ကင်ဆာလို့ သံသယရှိတယ်လို့တော့ပြောတယ်။ မေမေရော ကိုယ်တိုင်ပါ မဖြစ်ပါစေနဲ့လို့ ဆုတောင်းရင်းပေါ့။
ဒီလိုနဲ့ ဆေးစစ်ချက် အဖြေတွေထွက်လာတော့ စိတ်တော့ မကောင်းပေမယ့် ရင်သားကင်ဆာဖြစ်နေတာပါလို့ ဆရာဝန်က ပြောလာတယ်။ ခေါင်းကို မိုးကြိုးပစ်ချလိုက်သလိုပဲ။ ဒီအချိန်မှာ တွေးမိတဲ့ တစ်ခုတည်းသော စိတ်ကူးက ဘုရား ဘုရား ….. ကင်ဆာဆိုတော့ ငါသေရတော့မှာပါလား။ မေမေဆို ငိုမတတ်ဖြစ်နေတာ။ ကိုယ်တိုင်ကတော့ မေမေ စိတ်မကောင်းဖြစ်မှာစိုးလို့ အံကြိတ်ထားရင်းပေါ့။
ကြားကြားချင်းမှာ ပူထူပြီး ဘာမေးလို့ မေးရမှန်း မသိတော့ပေမယ့် စိတ်ကို ထိန်းလိုက်တယ်။ ပြီးတော့မှ ရင်သားကင်ဆာဖြစ်တာ အခြေအနေက ဘယ်အဆင့်ရောက်နေပြီလဲ သိလို့ရမလား။ ဘယ်လို စစ်ဆေးမှုတွေ ထပ်ပြီး ခံယူဖို့ လိုမလဲ။ ဘယ်လို ကုထုံးတွေနဲ့ ကုသမှု ခံယူရမလဲ။ နေထိုင်မှု ပုံစံတွေကိုရော ဘယ်လို ပြောင်းလဲရမလဲဆိုပြီး သေချာလေး မေးမိပါတယ်။
ဒီအချိန်မှာ ဆရာဝန်က ရင်သားအကျိတ်က အသားစကို ရယူပြီး စစ်ဆေးမှု သေချာ လုပ်ကြည့်ချင်တယ်။ ဒါမှ ကင်ဆာ အဆင့်တွေကို သိပြီး ကုထုံးကို သတ်မှတ်နိုင်မှာလို့ ပြောပြတယ်။
နောက်မေးမိတာကာ မျိုးရိုးမရှိဘဲ ဘာကြောင့် ကျွန်မမှာမှ ဖြစ်ရတာလဲလို့ပေါ့။ ဒီတော့ ဆရာဝန်က ညီမလေးက BMI ကလည်း များမယ်ထင်တယ်။ နောက်ပြီး အထိုင်ရော များလားလို့ မေးလာတယ်။ ကျွန်မကလည်း ဟုတ် ကိုယ်အလေးချိန်က ပုံမှန် ရှိသင့်တာထက် များနေသလို တစ်နေ့တာရဲ့ အချိန်တော်တော်များများကို ထိုင်ရင်း ကုန်ဆုံးနေတယ်လို့ ပြောပြဖြစ်တယ်။
ဒါတွေကြောင့်ဖြစ်နိုင်တယ်။ စိတ်ဓာတ်မကျပါနဲ့။ ကင်ဆာဆိုတိုင်းလည်း သက်တမ်းစေ့ မနေနိုင်ဘူးလို့ မဆိုသာပါဘူး။ စောစောသိ စောစောကုသမယ်ဆိုရင် ပျောက်ကင်းနိုင်ခြေရှိပါတယ်။ သက်တမ်းစေ့စေ့လည်း နေနိုင်မှာပါ။ ဆေးပညာတွေလည်း တိုးတက်နေတာပဲလေလို့ ပြောမှပဲ စိတ်ထဲမှာ လင်းခနဲ မျှော်လင့်ချက် ရောင်ခြည်လေး သန်းလာတယ်။ ဒါပေမယ့် စိတ်ကိုတော့ ဒုံးဒုံးချပြီး ဝမ်းမသာနိုင်သေးဘူးပေါ့။
ကင်ဆာအဆင့်ကို သိရမယ့်နေ့က အောင်စာရင်းကြည့်သလိုပဲ ရင်ခုန်ရတယ်။
ကင်ဆာ ဆေးစစ်ချက် အဖြေ သိရမယ့်နေ့က ကိုယ်တိုင်ရော မိသားစုဝင်တွေ အားလုံးပါ ရင်ခုန်နေကြပါတယ်။ ရလဒ်ကောင်းဖို့လည်း ဝိုင်းဆုတောင်းပေးနေကြပါတယ်။
ဒီလိုနဲ့ ဆရာဝန်ဆီရောက်တော့ ညီမလေး ကံကောင်းတယ်။ ကင်ဆာက အစောပိုင်းအဆင့်ပဲ ရှိသေးတယ်။ အခြားဆဲလ်တွေ တစ်ရှူးတွေဆီလည်း ပြန့်နေတာမျိုး မရှိသေးဘူး။ in situ အဆင့်ပဲ ရှိသေးတယ်။
ကင်ဆာဆဲလ်တွေက နို့ရည်ပြွန်၊ နို့ရည်ပြုဂလင်းဆဲလ်တွေမှာပဲ ရှိသေးတဲ့ အဆင့်ပေါ့။ ကုထုံးသေချာလေး ခံယူမယ်။ အာဟာရမျှတအောင်စားမယ်။ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုကိုလည်း လုပ်မယ်ဆိုရင် သက်တမ်းစေ့စေ့နေနိုင်မှာပါလို့ ဆရာဝန်က ရှင်းပြပါတယ်။
မျှော်လင့်ချက် ရှိလာခဲ့ပြီ။
အခုအခြေအနေအတိုင်းဆိုရင် ခွဲစိတ်ကုသမှု ခံယူတာနဲ့တင်ကို အဆင်ပြေနိုင်တယ်။ ခွဲစိတ်တယ်ဆိုတာက ကင်ဆာကျိတ်ကို ဖယ်ရှားဖို့ပါ။ ရင်သား တစ်ခုလုံးကို ဖယ်ရှားရမလား၊ ကင်ဆာဆဲလ်တွေ ရှိနေတဲ့ အကျိတ်တဝိုက်က တစ်ရှူးတွေ၊ ပြန်ရည်ကျိတ်လေးတွေကို ဖယ်ရှားရမလားဆိုတာကိုတော့ ပြန်ဆွေးနွေးကြတာပေါ့လို့ ဆရာဝန်က ရှင်းပြပါတယ်။
ညီမဘက်ကတော့ လိုက်နာရမယ့် ကျန်းမာစေမယ်ဆိုတဲ့ အလေ့အထ အားလုံးကို လိုက်နာလုပ်ဆောင်ပါ့မယ်လို့ မေမေရော ကျွန်မပါ ဆရာမကို တပြိုင်တည်း ကတိပေးလိုက်ပါတယ်။
ဒီလိုနဲ့ ခွဲစိတ်မှုကိုလည်း ခံယူတယ်။ ဆေးကုသမှုတွေကိုလည်း သေချာ လိုက်နာတယ်။ ကျန်းမာတဲ့ နေထိုင်မှုပုံစံကိုလည်း မွေးမြူရင်း သေမယ်လို့ ထင်ခဲ့တဲ့ အခြေအနေကနေ အခုတော့ နေ့စဉ်ဘဝကို ကျန်းမာစွာနဲ့ ဖြတ်သန်းနိုင်လာပါပြီ။
ကင်ဆာ လို့ သိရတဲ့အချိန် ကုသမှုတွေခံယူနေချိန်မှာ အကြိမ်ကြိမ် စိတ်ဓာတ်ကျခဲ့ပေမယ့် အခုချိန်မှာတော့ ဇာတ်လမ်းလေးတစ်ပုဒ်လိုတောင် ပြန်ပြောနိုင်ပါပြီ။
ကင်ဆာ ဖြစ်တိုင်း သေမိန့်ကျတာ မဟုတ်ပါဘူး။ သေချာလေး ကုသမှု ခံယူမယ်။ ကျန်းမာစေတဲ့ အလေ့အကျင့်လေးတွေကို ပျိုးထောင်မယ်ဆိုရင် ချစ်ရတဲ့ မိသားစုဝင်တွေနဲ့ သက်တမ်းစေ့စေ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်မှာပါ။
မိသားစုရဲ့ နွေးထွေးကြင်နာစွာ ထွေးပွေ့မှုကလည်း ကင်ဆာကို အနိုင်တိုက်နိုင်ခဲ့စေတဲ့ အင်အားတစ်ခုပါ။
ဒါကြောင့် ကင်ဆာ ဖြစ်ပြီဆိုတိုင်း မျှော်လင့်ချက် မဲ့မသွားပါနဲ့။ တိုးတက်နေတဲ့ ဆေးပညာအကူအညီနဲ့ အကောင်းဆုံး ကြိုးပမ်း ရင်ဆိုင်ကြပါလို့ ပြောပါရစေနော်။
[embed-health-tool-bmi]