backup og meta

မျှော်လင့်ချက်ထား ခြင်းက ကျန်းမာပျော်ရွှင်စေပါတယ် စိတ်ဓာတ်မကျပါနဲ့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 26/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျှော်လင့်ချက်ထား ခြင်းက ကျန်းမာပျော်ရွှင်စေပါတယ် စိတ်ဓာတ်မကျပါနဲ့

    မျှော်လင့်ချက်ထား တာဟာ လူတိုင်း လုပ်လို့ရတဲ့ စိတ်ပိုင်းဆိုင်ရာ တွေးခေါ်ပုံတစ်မျိုးပါ။ တစ်ခါတစ်ရံမှာ မျှော်လင့်ချက်ထားဖို့ ခက်နေတတ်တာမျိုး၊ မျှော်လင့်ချက်မထားနိုင်လောက်အောင် ရည်မှန်းချက်ပျောက်ဆုံးနေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

    ဒါပေမယ့် အလျှော့မပေးပါနဲ့။ မျှော်လင့်ချက်ထား ပါ။ ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ မျှော်လင့်ချက် မပျောက်ဆုံးပါစေနဲ့။ ဘာလို့ ဒီလိုပြောနေရတာလဲဆိုရင် မျှော်လင့်ချက်မရှိတော့ဘူးလို့ ခံစားရနေရပြီဆိုရင် သင် အရာရာကို ဆုံးရှုံးတော့မှာပါ။

    လောကမှာ မျှော်လင့်ချက်ကောင်းလေးတွေကို စိတ်ထဲစွဲမှတ်ပြီး ကြိုးစားနေမှ ဘဝတစ်သက်တာ ပျော်ရွှင်မှုနဲ့ ကျန်းမာမှုကို ရစေမှာဖြစ်တယ်လို့ လေ့လာချက်တွေကဆိုထားကြပါတယ်။ မျှော်လင့်ချက်ကင်းမဲ့သွားတာနဲ့ သင့်ရဲ့ ဘဝကြီးဟာ အရာရာ အဓိပ္ပာယ်မရှိတော့သလို ခံစားလာရပြီး စိတ်ရောလူပါ ချုံးချုံးကျ ကျရှုံးသွားပါလိမ့်မယ်။

    ဒါကြောင့် ဘာကြောင့်မှ မျှော်လင့်ချက်မမဲ့ပါစေနဲ့။ ဘယ်အခြေအနေမှာမဆို အကောင်းဘက်ကတွေးပြီး ဘာမဆိုဖြစ်နိုင်သေးတယ်ဆိုတဲ့ မျှော်လင့်ချက်ကောင်းလေးတွေထားဖို့ စိတ်ကျန်းမာရေးပညာရှင်တွေနဲ့ လူမှုဆက်ဆံရေးပညာရှင်တွေက တိုက်တွန်းကြတာပါ။

    မျှော်လင့်ချက်ထား ပါ ၊ သင်ကျန်းမာပါလိမ့်မယ်

    ခုလို ကပ်ဘေးတွေ၊ အကျပ်အတည်းတွေနဲ့ရင်ဆိုင်နေရတဲ့ လောကကြီးထဲမှာ အရာရာမျှော်လင့်ချက် ကင်းမဲ့နေပြီလို့ တွေးတောမိနေသူတွေ အမြောက်အများရှိနေပါတယ်။ မျှော်လင့်ချက် အလင်းရောင်လေးတစ်ခုကို ရှာဖွေနိုင်ဖို့တောင် ခက်ခဲနေကြသူတွေပေါ့။

    အကြံပေးချင်တာကတော့ မျှော်လင့်ချက်တွေကို မစွန့်လွှတ်လိုက်ပါနဲ့။ မျှော်လင့်ချက်တွေကို ဆက်လက်ကိုင်စွဲထားပါ။ မျှော်လင့်ချက်ထား တာက သင်တို့ကို အသက်ပိုရှည်စေမှာဖြစ်သလို ပိုလည်း ကျန်းမာစေမှာဖြစ်တာကြောင့်ပါပဲ။ နောက်ပြီး မျှော်လင့်ချက်တွေကြောင့် ဆက်ကြိုးစားချင်စိတ်တွေရှိလာမှာမို့ ဘဝရှင်သန်ရပ်တည်မှုကိုလည်း အကျိုးရှိစေမှာမို့ပါ။

    ကပ်ဘေးတွေရဲ့ သက်ရောက်မှုတွေကြောင့် မျှော်လင့်ချက်တွေ နည်းပါးလာနေနိုင်ပါတယ်။ ဒါက လက်ရှိကာလမှာ လူတိုင်း ရင်ဆိုင်နေရတဲ့ ပြဿနာလို့ ဆိုရမှာပါ။ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ တိုင်းရေးပြည်ရေးနဲ့ လူနေမှုဘဝနဲ့သက်ဆိုင်တဲ့ အကျပ်အတည်းတွေကို လူတိုင်း ရင်ဆိုင်နေရတယ်လို့ ဆိုနိုင်ပါရဲ့။ ဒါပေမယ့် လက်မလျှော့လိုက်ပါနဲ့။ အကောင်းမြင်စိတ်နဲ့ မျှော်လင့်ချက်လေး ထားကြည့်ပါ။ ဒီအခက်အခဲတွေကို တနေ့မှာ ကျော်ဖြတ်နိုင်မယ်ဆိုတာ သေချာနေတဲ့ကိစ္စမဟုတ်လား။

    ၂၀၁၉ ခုနှစ်တုန်းက အမေရိကန်မှာပြုလုပ်တဲ့ လေ့လာချက်အရဆိုရင် အကောင်းမြင်တတ်ပြီး မျှော်လင့်ချက်ကို မြဲမြဲမြံမြံ ဆုပ်ကိုင်ထားတတ်တဲ့လူတွေဟာ အသက် ၈၅ နှစ်ကျော်တဲ့အထိ အသက်ရှည်လေ့ရှိတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် သွေးတိုး၊ နှလုံး၊ အဝလွန်တာနဲ့ နာတာရှည်ဝေဒနာတွေ စွဲကပ်နိုင်ခြေလည်း နည်းပါတယ်လို့ ဆိုပါတယ်။ မျှော်လင့်ချက်ထားပြီး ကြိုးစားတတ်တဲ့လူတွေဟာ စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုနဲ့ စိတ်ပင်ပန်းမှုတွေကိုလည်း ကျော်ဖြတ်နိုင်ကြပါသေးတယ်။ ဒီလိုအကျိုးကျေးဇူးတွေရှိနေတာမို့ မျှော်လင့်ချက်ထားဖို့ တိုက်တွန်းနေရတာပါ။

    မျှော်လင့်ချက်တွေကို ဘယ်လိုကိုင်စွဲထားမလဲ

    မျှော်လင့်ချက်တော့ ထားချင်ပါတယ်။ ဒါပေမယ့် စိတ်ညစ်စရာ၊ စိတ်ပျက်စရာတွေ သိပ်ကိုများလွန်းနေတယ်။ ဘာကိုမှ မမျှော်လင့်ချင်တော့ပါဘူး (ဒါမှမဟုတ်) ဘာမှ မျှော်လင့်စရာမရှိတော့ပါဘူးလို့ တွေးမိတဲ့အချိန်တွေ တစ်ချိန်မဟုတ် တစ်ချိန်တော့ ကြုံကြရမှာပါ။

    ဒီလိုအခြေအနေမျိုးကို ရင်ဆိုင်ကြုံဆုံလာရရင် အောက်က နည်းလမ်းလေး ၅ ခုနဲ့ ကိုယ့်ရဲ့ မျှော်လင့်ချက်တွေကို ဆက်ပြီး ကိုင်စွဲထားကြည့်ပါ။ အကျိုးထူးပါလိမ့်မယ်။

    ၁။ ထိန်းချုပ်ပါ၊၊

    နာမည်ကျော် စိတ်ကုထုံးပညာရှင် ရှိန်း လိုပက်ဇ်ရဲ့ အကြံပြုချက်အရဆိုရင် အနာဂတ်ဟာ လက်ရှိပစ္စုပ္ပန်ထက်ပိုပြီး ကောင်းမွန်နေလိမ့်မယ်ဆိုတဲ့ အတွေးမျိုးကို ခေါင်းထဲထည့်ထားပြီး စိတ်ခံစားချက်တွေကို ထိန်းချုပ်ပေးမယ်ဆိုရင် မျှော်လင့်ချက်လေးလည်း ဆက်ရှိနေမှာဖြစ်သလို တကယ်လည်း အကျိုးဖြစ်ထွန်းလာလိမ့်မယ်လို့ ဆိုထားပါတယ်။

    ၂။ သတင်းကောင်းတွေ ရှာပါ၊၊

    သတင်းဆိုးတွေ ဝန်းရံနေတဲ့ လောကထဲမှာ သတင်းကောင်းလေးတွေ ရှာဖွေကြည့်ရှုပါ။ အပေါင်းလက္ခဏာဆောင်တဲ့ အတွေးတွေ၊ သတင်းစကားတွေကို ရှာဖွေဖတ်ရှုတွေးတောမယ်ဆိုရင် သင်ရဲ့ စိတ်ပင်ပန်းနေမှုကို သက်သာလျော့ပါးစေပါလိမ့်မယ်။ မျှော်လင့်ချက်ထား ရာမှာ သတင်းကောင်းတွေဟာ လူတွေကို မျှော်လင့်ချက် ကင်းမဲ့မသွားအောင်လည်း ကူညီပါလိမ့်မယ်။

    ၃။ ကျေးဇူးသိပါ၊၊

    သူတထူးရဲ့ ကျေးဇူးတရားကို အသိအမှတ်ပြု၊ နားလည်ပေးတတ်တဲ့ အကျင့်ကို အလေ့အကျင့်ထားပါ။ ဒီလို ကျေးဇူးသိတတ်သူတွေကို လူတွေက ချစ်မြတ်နိုးတတ်တာကြောင့် အခက်အခဲကြုံချိန်မှာ ပိုမိုကူညီပေးချင်ကြသလို အဲ့ဒီလို လူတွေရဲ့ လေးစားမှုကို ရရှိတာမို့ စိတ်ချမ်းမြေ့ရမှာဖြစ်ပါတယ်။

    ၄။ ကံတရားကို အပြစ်ပုံချလိုက်ပါ၊၊

    တစ်ခါတစ်လေမှာ ကံကို အပြစ်ပုံချတာကလည်း နည်းလမ်းကောင်းဖြစ်နေတတ်ပါတယ်။ ပါမောက္ခ မာတင် ဆီလစ်ဂ်မန်းရဲ့ “Learned Optimism” ဆိုတဲ့စာအုပ်ထဲမှာဆိုရင် အဆင်မပြေမှုတွေ ကြုံလာတိုင်း ကံကို အပြစ်ပုံချပြီး မျှော်လင့်ချက်ကင်းမဲ့မသွားအောင်နေထိုင်ဖို့ တိုက်တွန်းထားပါရဲ့။

    ၅။ အကောင်းဆုံးတွေကို မျှော်တွေးပါ၊၊

    အနာဂတ်မှာ ပိုကောင်းလာနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာကိုင်စွဲထားဖို့လိုအပ်သလို တကယ်ကောင်းလာဖို့လည်း အစီအမံတွေ လက်တွေ့ကျကျပြုလုပ်ထားဖို့ တိုက်တွန်းပါရစေ။ မျှော်လင့်ချက်ကောင်းတွေ ထားရှိသလို၊ အကောင်အထည်ဖော်ဖို့ကလည်း အရေးကြီးတာမို့ပါ။

    ဒီနည်းလမ်း ၅ သွယ်က သင် မျှော်လင့်ချက် ကင်းမဲ့မသွားစေဖို့ ကူညီပေးပါလိမ့်မယ်။ မျှော်လင့်ချက်ကောင်းတွေ၊ အပေါင်းလက္ခဏာဆောင်တဲ့ အတွေးတွေကို စွန့်လွှတ်မပစ်လိုက်ပါနဲ့။ တကယ် ကောင်းမွန်တဲ့ နေ့ရက်တွေကို သေချာပေါက် ကြုံဆုံရဦးမှာပါ။ ဒီနေ့ ကံမကောင်းသေးရင်တောင် နက်ဖြန်တော့ ကံကောင်းနိုင်တယ် မဟုတ်လား။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 26/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement