backup og meta

အရိုးအကြောခွဲစိတ်မှု နဲ့ ပတ်သက်ပြီး ဒါတွေ သိထားသင့်ပါတယ်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရိုးအကြောခွဲစိတ်မှု နဲ့ ပတ်သက်ပြီး ဒါတွေ သိထားသင့်ပါတယ်။

    မြန်မာနိုင်ငံမှာ အရိုးအကြောခွဲစိတ်မှု ဌာနက အလုပ်များတဲ့ ဌာနပါ။ နေ့တိုင်း ကားမတိုက်တဲ့ရက်၊ ဆိုင်ကယ်မမှောက်တဲ့ရက်၊ ချော်မလဲတဲ့ရက်ရယ်မှ မရှိပဲလေ။ တစ်ခုခု ပြင်းပြင်းထန်ထန် ထိခိုက်မိလို့ အရိုးထိသွားပြီလား မသိဘူးဆို ဒီဌာနကိုပဲ ရောက်ကြလာပါတယ်။

    အရိုးအကြောခွဲစိတ်မှု ဆိုတာ

    အရိုးအကြောခွဲစိတ်မှု ဆိုတာ အထူးပြုခွဲစိတ်မှု တစ်ခုပါ။ အရိုးနဲ့ ပတ်သက်တဲ့ ရောဂါတွေ (အရိုးအဆစ်၊ တွယ်ဆက်တစ်ရှူးတွေ ဖြစ်တဲ့ အရွတ်တွေ၊ အရွတ်တွဲတွေ) အားလုံးကို ကုသမှု ပေးပါတယ်။ သာမန်အဆစ်လွဲတာကစလို့ ကျောရိုးခွဲစိတ်မှုတွေ၊ ပေါင်ရိုးအစားထိုးမှုတွေအထိ ပါပါတယ်။ မတော်တဆ ဖြစ်တာကနေ စလို့ ရောဂါတွေအထိ ပါဝင်တာကြောင့် အရေးပေါ်ကုသမှု လိုသလို တခြားရောဂါတွေကို အေးဆေးရက်ချိန်းပြပြီးမှ ကုရတာလည်း ဖြစ်နိုင်ပါတယ်။

    အရိုးအကြောခွဲစိတ်မှုက အင်မတန်ကျယ်ပြန့်ပါတယ်။ ဖြစ်တဲ့ ဝေဒနာပေါ်မူတည်ပြီး ခွဲစိတ်မှု အကြီးအသေး၊ ပြန်ကောင်းဖို့ ကြာချိန်တွေ ကွာနိုင်ပါတယ်။

    အရိုးအကြောခွဲစိတ်မှုမှာ ဘာတွေပါဝင်ပါသလဲ။

    ဆေးပညာမှာ အရင်ကလို ဘာလာလာ တစ်ယောက်တည်း ကုမယ်ဆိုတာထက် နယ်ပယ်တစ်ခုတည်းမှာ အသေးစိတ် နှံ့နှံ့စပ်စပ် ကျွမ်းကျင်တဲ့ ပညာရှင်တွေဖြစ်အောင် မွေးထုတ်လာကြပါတယ်။ အထွေထွေခွဲစိတ်မှသည် အရိုးအကြောခွဲစိတ်အထူးကု၊ ဒီကနေမှ ခန္ဓာကိုယ်ရဲ့ ဘယ်အရိုးကို အထူးပြုပြီး ခွဲစိတ်မှာလည်းဆိုပြီး ကျွမ်းကျင်ပညာရှင်တွေ ထပ်ထွက်လာပါတယ်။

    ကျယ်ပြန့်လှတဲ့ အရိုးအကြောခွဲစိတ်မှု ပညာရပ်မှာ

  • ခြေထောက်နဲ့ ခြေကျင်းဝတ် ခွဲစိတ်အထူးကု
  • လက်ပိုင်းဆိုင်ရာ ခွဲစိတ်အထူးကု
  • တင်ပဆုံရိုးနဲ့ ဒူးခွဲစိတ်အထူးကု
  • ကလေးအရိုးအကြောခွဲစိတ်အထူးကု
  • ကျောရိုးခွဲစိတ်အထူးကု
  • အားကစားဆိုင်ရာ ဆေးပညာ
  • ထိခိုက်ဒဏ်ရာ ခွဲစိတ်အထူးကု ဆိုပြီး ထပ်ခွဲထားပါတယ်။
  • ဒီလို တစ်ခုတည်းကို အသေးစိတ်လေ့လာထားတဲ့အခါကျတော့ လူနာကို ကုသတဲ့အခါမှာ ပိုပြီး ထိရောက်မှု ရှိပါတယ်။

    ဒါ့ပြင် အရိုးအကြောခွဲစိတ်မှုတွေက သူတစ်ခုတည်း မဟုတ်ဘဲ တခြားဆေးပညာရပ်တွေနဲ့ တွဲပြီး အလုပ်လုပ်ရလေ့ရှိပါတယ်။ ဥပမာ ကားတိုက်ပြီး ရောက်လာတဲ့ လူနာဆိုရင် အရိုးတွေလည်း  ကျိုးနေနိုင်သလို အတွင်းပိုင်းမှာ သွေးယိုနေတာတွေလည်း ရှိနိုင်ပါတယ်။ ဒါဆိုရင် သက်ဆိုင်ရာ ခွဲစိတ်အထူးကုနဲ့အတူ တွဲပြီး ကုသရမှာပါ။

    အသုံးများတဲ့ အရိုးအကြောခွဲစိတ်မှုများ

    အရိုးအကြောခွဲစိတ်မှု တွေက သမားရိုးကျ ဓားနဲ့ ခွဲစိတ်တာမျိုး ရှိသလို နောက်ပိုင်း တိုးတက်လာတဲ့အခါကျတော့ မှန်ပြောင်းလေးနဲ့ ခွဲစိတ်တာတွေလည်း ရှိပါတယ်။ အရိုးအကြောခွဲစိတ်မှုမှာ ပြုလုပ်လေ့ရှိတဲ့ ခွဲစိတ်မှုတွေကတော့

    • ဒူးအရွတ်ခွဲစိတ်တာ
    • အရိုးနုကို ခွဲစိတ်ပြုပြင်တာ
    • ဒူးဆစ် ဒါမှမဟုတ် ပေါင်ရိုး အစားထိုးတာ
    • လက်မောင်းရိုး ခွဲစိတ်ကုသတာ
    • ကျိုးနေတဲ့အရိုးတွေ ပြန်ဆက်တာ
    • ကြွက်သားတွေ ပြုပြင်တာ
    • အာရုံကြောညပ်တာတွေ ပြုပြင်တာ
    • ကျောရိုးခွဲစိတ်တာ စတာတွေပဲ ဖြစ်ပါတယ်။

    အရိုးကျိုးလူနာတွေမှာ တွေ့ရတတ်တဲ့ မူလီတို့၊ သံချောင်းလို အချောင်းတွေ ထွက်နေတာ၊ အဝိုင်းတွေ တပ်ထားတာက ခွဲစိတ်မှုရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။

    နာမည်က အရိုးအကြောခွဲစိတ်မှု ဆိုလို့ အရိုးအကြောဆရာဝန်ဆီသွားတိုင်း ခွဲရမှာ မဟုတ်ပါဘူး။ သူတို့တွေက မခွဲမစိတ်ဘဲ လူနာသက်သာမယ့် နည်းလမ်းတွေကို အရင်အသုံးပြုကြပြီး မသက်သာတဲ့အခါကျမှသာ ခွဲစိတ်ဖို့ နည်းလမ်းကို စဉ်းစားကြတာဖြစ်ပါတယ်။

    အရိုးအကြောခွဲစိတ်မှု များရဲ့ အန္တရာယ်

    ခွဲစိတ်မှု ဖြစ်တဲ့အတွက် တခြားခွဲစိတ်မှုတွေလိုပဲ အနည်းနဲ့ အများတော့ အန္တရာယ်ရှိပါတယ်။ ဒါပေမယ့် ခွဲစိတ်မှု အများစုကတော့ အန္တရာယ်ကင်းပါတယ်။ မခွဲခင်မှာ ဖြစ်နိုင်တာတွေကို ပြောပြမှာ ဖြစ်ပြီး လူနာသဘောတူမှသာ ခွဲစိတ်မှုကို လုပ်ပေးမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်တဲ့ အန္တရာယ်တွေကတော့

    တခြားခွဲစိတ်မှုတွေလိုပဲ လူမာက မေ့ဆေးနဲ့ ထိတွေ့ရမှာ ဖြစ်ပါတယ်။ မေ့ဆေးက ထုံဆေးတွေထက်တော့ အန္တရာယ်ပိုပါတယ်။ သာမန်ပြဿနာတွေဖြစ်တဲ့ ပျို့အန်တာ၊၊ ချမ်းတုန်တာကစလို့ အသက်ရှူလမ်းကြောင်းပြဿနာတွေအထိ ဖြစ်တတ်ပါတယ်။ ရှားရှားပါးပါး မေ့ဆေးနဲ့ ဓာတ်မတည့်တာလည်း ဖြစ်နိုင်ပါတယ်။

    နောက်ပြီး လူတိုင်းအတွက် ဒီမေ့ဆေးပဲ သုံးလို့ မရပါဘူး။ အဝလွန်တဲ့ လူနာ၊ သွေးတွေ မတရားတိုးနေတဲ့ လူနာဆိုရင် သူတို့အတွက် သီးသန့်မေ့ဆေးလိုပါတယ်။

    ခွဲစိတ်မှု လုပ်ပြီဆိုရင် နောက်က လိုက်လာတာက ပိုးဝင်တာပါ။ များသောအားဖြင့်တော့ ပိုးသတ်ဆေး နိုင်နိုင်ပေးရင် သက်သာပေးရင် အခန့်မသင့်ရင် ခွဲခန်းပြန်ဝင်ပြီး သန့်ရှင်းပေးရတာတွေ ရှိနိုင်ပါတယ်။

    အရိုးအကြောခွဲစိတ်မှုတွေက ခွဲပြီးရင် ချက်ချင်းလှုပ်ရှားလို့ မရပါဘူး။ ဒါကြောင့် အိပ်ရာထဲမှာ အနေများပြီး သွေးကြောတွေ သွေးခဲတာ ဖြစ်တတ်ပါတယ်။ ဒီသွေးခဲတွေက မတော်တဆပြုတ်ထွက်ရင် အဆုတ်သွေးကြောမှာ သွားပိတ်ပြီး အန္တရာယ်ဖြစ်တတ်ပါတယ်။

    ဒါကြောင့် တတ်နိုင်သမျှ လှုပ်ရှားခိုင်းတာ၊ အသားကပ်ခြေအိတ်စွပ်ခိုင်းတာ၊ သွေးမခဲဆေးတွေ ပေးတာပဲ ဖြစ်ပါတယ်။

    နာလန်ထဖို့ ဘယ်လောက်ကြာနိုင်သလဲ။

    ဒါကတော့ ရောဂါအခြေအနေနဲ့ လူနာအခြေအနေပေါ် မူတည်ပြီး ကွာခြားနိုင်ပါတယ်။ ဒါ့ပြင် အရိုးအကြောခွဲစိတ်မှု တွေက လိုအပ်ရင် နောက်ကနေ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတွေလည်း လုပ်ရလေ့ရှိပါတယ်။ ဒါမှ အရိုး၊ အရွတ်၊ ကြွက်သားတွေ နေရာကျပြီး နဂိုအတိုင်း ပြန်လှုပ်ရှားနိုင်မှာ ဖြစ်ပါတယ်။

    Takeaway

    အရိုးအကြောခွဲစိတ်မှု လုပ်ဖို့ လိုလာပြီဆိုရင် ခွဲစိတ်မှုနည်းလမ်း၊ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ဆရာဝန်နဲ့ ကြိုတင်ဆွေးနွေးပါ။ ဒါမှသာ မခွဲစိတ်ခင်မှာ ပြင်စရာ ရှိတာ ကြိုပြင်နိုင်မှာပါ။ ခွဲစိတ်ပြီးချိန်မှာလည်း နောက်ဆက်တွဲ ပြဿနာတွေ ကင်းပြီး မြန်မြန်နာလန်ထလာနိုင်ဖို့ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို လိုက်နာဖို့ လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement