backup og meta

IUD ဖယ်ပြီးတဲ့အခါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    IUD ဖယ်ပြီးတဲ့အခါ
    အိမ်ထောင်သည်ဘဝကိုရောက်ရှိတဲ့အခါနေရေးထိုင်ရေး၊ စားရေးသောက်ရေးအပြင် စဉ်းစားဖို့ထပ်လိုမှာက အဆင်သင့်မဖြစ်သေးခင်ဘေဘီလေးရရှိသွားနိုင်တဲ့ အခြေအနေကို ကာကွယ်ဖို့ပါ။ ဒီလိုကာကွယ်တဲ့နေရာမှာ သားဆက်ခြားနည်းတွေက အမျိုးမျိုးရှိနေပါတယ်။ ဒီအထဲမှာမှ အလုပ်များတဲ့ အိမ်ထောင်ရှင်လေဒီလေးတွေအတွက် အဆင်ပြေစေမယ့် သားဆက်ခြားနည်းလေးတစ်ခုဖြစ်တဲ့ IUD နဲ့ပတ်သက်ပြီးပြောပြပေးချင်ပါတယ်။ ဒီတစ်ခေါက်တော့ IUD ထည့်ထားပြီးပြန်ထုတ်ဖို့ စဉ်းစားနေတဲ့လေဒီလေးတွေအတွက် သိထားဖို့လိုမှာလေးတွေကိုပြောပြပေးချင်ပါတယ်နော်။

    IUD (သားအိမ်တွင်းထည့်ပစ္စည်းဆိုတာ ဘာလဲ)

    သားအိမ်တွင်းထည့်သားဆက်ခြားပစ္စည်းကြေးနီ IUD ဆိုတာက သားအိမ်ရဲ့ ၄ ပုံ ၁ပုံ အရွယ်အစားရှိတဲ့ ပလတ်စတစ်ချောင်းလေးရဲ့ ကိုယ်ထည်မှာကြေးနီရစ်ပတ်ထားတဲ့ သားဆက်ခြားပစ္စည်းလေးတစ်ခုပါ။ နှစ်ရှည်ခံတဲ့ သားဆက်ခြားနည်းတစ်မျိုးပေါ့။ အလုပ်များတဲ့ အိမ်ထောင်ရှင်လေဒီတွေ၊ဆေးသောက်ရမှာကိုမေ့နေတတ်တဲ့လေဒီလေးတွေအတွက် တကယ့်ကို အဆင်ပြေစေမယ့် သားဆက်ခြားနည်းလမ်းတစ်ခုပေါ့။

    ဘယ်လိုအလုပ်လုပ်တာလဲ

    ကြေးနီပါဝင်တဲ့ သားအိမ်တွင်းထည့်ပစ္စည်းက သုက်ပိုးကို မမျိုးဥဆီမရောက်အောင်ခင် ရစ်ပတ်ထားတဲ့ ကြေးနီတွေကတားဆီးပေးခြင်းအားဖြင့် ကိုယ်ဝန်ကိုတားပေးပါတယ်။

    IUD ရဲ့အားသာချက်တွေက …………..

    • သားအိမ်တွင်းထည့်ပစ္စည်းက တစ်ခါထည့်ပြီးရင် နှစ်ရှည်ခံတယ်ဆိုတော့ အလုပ်များတဲ့အမျိုးသမီးတွေ သန္ဓေတားဖို့အတွက် စိတ်ချလက်ချယုံကြည်လို့ရပါတယ်။
    • IUD ထည့်ထားရင် နေ့စဉ် ဂရုစိုက်နေစရာလည်း မလိုတဲ့အပြင် ကိုယ်ဝန်တားတဲ့နေရာမှာလည်း အင်မတန်ထိရောက်တာကြောင့် အမျိုးသမီးတိုင်းအတွက် သင့်လျော်တဲ့နည်းတွေထဲက တစ်ခုလို့ဆိုရမှာပါ။ IUD ကြိုးလေး နေရာတကျ ရှိ /မရှိ သာတစ်လတစ်ကြိမ် ကိုယ်တိုင်ဆန်းစစ်ဖို့ပဲလိုပါတယ်။
    • IUD ဟာ ဟော်မုန်းမပါဝင်တာကြောင့် တခြားဟော်မုန်းပါ သန္ဓေတားနည်း တွေရဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ဝလာတာ၊ ရာသီသွေးဆင်းမမူမမှန်ဖြစ်တာ၊ နာကျင်ကိုက်ခဲတာ အစရှိတာတွေကိုလည်း မခံစားရပါဘူး။
    • ကိုယ်ဝန်ကို ၉၉ ရာခိုင်နှုန်းအထိ တားဆီးပေးနိုင်တာကြောင့် ထိရောက်တဲ့ သားဆက်ခြားနည်းလမ်းတစ်ခုပါ။
    • တချို့ဟော်မုန်းပါသန္ဓေတားနည်းတွေ ကလေးယူချင်လို့ဆေးဖြတ်လိုက်ပေမယ့်လည်း သုံးခဲ့တဲ့အချိန် ကာလပေါ်မူတည်ပြီး ကလေးယူဖို့စောင့်ဆိုင်းရလေ့ရှိပါတယ်။ IUDတွေရဲ့ အကောင်းဆုံးအချက်ကတော့ ကလေးယူချင်လို့ ပစ္စည်းထုတ်လိုက်တာနဲ့ ချက်ချင်းကလေး ပြန်ရနိုင်တာပါပဲ။
    • ကလေးမွေးဖွားထားတဲ့နို့တိုက်မိခင်တွေအတွက်လည်း သင့်တော်တဲ့ သားဆက်ခြားနည်းတစ်ခုပါ။

    ဘယ်လိုအခြေအနေမှာထည့်လို့ရလဲ………..

    ကိုယ်ဝန်မရှိတာသေချာရင် ဘယ်အချိန်မဆိုထည့်လို့ရပါတယ်။ အိမ်ထောင်ရှင်လေဒီ အသစ်စက်စက်လေးတွေအနေနဲ့လည်း IUD ကိုထည့်လို့ရပါတယ်။

    ဘယ်လိုအခြေအနေမှာ IUD ကိုပြန်ထုတ်ဖို့လိုမလဲ……..

    အခုလိုအခြေအနေမျိုးတွေမှာ IUD ကိုဖယ်ထုတ်ဖို့လိုပါမယ်။

    • သက်တမ်းကုန်သွားတဲ့အခါ
    • ကလေးလိုချင်တဲ့အခါ
    • သွေးအများကြီးဆင်းတဲ့အခါ
    • ခေါင်းအရမ်းကိုက်လာတဲ့အခါ
    • ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရတဲ့အခါ
    • လိင်ကတဆင့်ကူးစက်တဲ့ရောဂါတစ်မျိုးမျိုးကို ခံစားနေရတဲ့အခါ
    • သားအိမ်ထဲမှာ IUD ကျိုးသွားတဲ့အခါ
    • IUD ထွက်ကျလာတဲ့အခါ
    • IUD ထည့်ထားရက်နဲ့ ကိုယ်ဝန်ရရှိသွားတဲ့အခါမျိုးမှာ IUD ကိုဖယ်ရှားဖို့လိုပါမယ်။

    IUD ထုတ်ခြင်းနဲ့ လိင်ဆက်ဆံခြင်း

    IUD က ဖယ်ဖယ်ပြီးချင်းမှာ သန္ဓေအောင်နိုင်တာကြောင့် ကိုယ်ဝန်ချက်ချင်းဆောင်ဖို့ အစီအစဉ်မရှိသေးဘူးဆိုရင် IUD မထုတ်ခင် ၇ ရက်အလိုမှာ လိင်ဆက်ဆံခြင်းမပြုသင့်ပါဘူး။ အခန့်မသင့်ရင် ကိုယ်ဝန်ရရှိသွားနိုင်တာကြောင့်ပါ။ IUD ကိုထုတ်ပြီးပြီးဆိုရင်လည်း ချက်ချင်းကလေးမယူသေးဘူးဆိုရင် အခြား သားဆက်ခြားနည်းတစ်ခုခုကို အသုံးပြုဖို့လိုမှာဖြစ်ပြီး ၇ ရက်ကြာမှ အတူနေသင့်ပါတယ်။ ဒီလိုပြောရတဲ့အကြောင်းက

    IUD ဖယ်လိုက်တဲ့အခါလေဒီတွေအနေနဲ့ ပုံမှန်အတိုင်း ရာသီသွေးြပန်ပေါ်နိုင်ပြီး အကယ်လို့များ IUD မဖယ်ခင်မှာ အတူနေမိမယ်ဆိုရင် သုက်ပိုးတွေက အမျိုးသမီးမျိုးပွားလမ်းကြောင်းထဲမှာ ဆက်ဆံပြီးချိန်ကနေစလို့ ၅ ရက်အထိ ဆက်လက်ရှင်သန်နေနိုင်တာကြောင့် ကိုယ်ဝန်ရရှိသွားနိုင်ပါတယ်။ ဒါကြောင့် IUD မထုတ်ခင် ၇ ရက် ထုတ်ပြီး ၇ ရက်အတွင်းမှာ လိင်ဆက်ဆံတာမျိုးမလုပ်မိဖို့လိုပါမယ်။

    IUD ထုတ်ရင် နာမှာလား……

    IUD ထုတ်တာက ထည့်တာလောက်တော့ မနာပါဘူး။ ဆရာဝန်က IUD ကိုဖယ်နေတဲ့အချိန်မှာ ရာသီလာစဉ်နာကျင်ကိုက်ခဲသလိုမျိုးနည်းနည်းတော့ ခံစားရနိုင်ပါတယ်။

    ဘာတွေပြင်ဆင်ဖို့လိုမလဲ…….

    IUD ထုတ်ဖို့အတွက် ကြိုတင်ပြင်ဆင်ဖို့ မလိုပါဘူး။

    IUD ထုတ်ဖို့ အချိန်ဘယ်လောက်ယူရမလဲ……..

    IUD ထုတ်ဖို့က မိနစ်ပိုင်းလောက်ပဲ ကြာမှာပါ။ ဆရာဝန်အနေနဲ့ IUD ကိုထုတ်ရခက်တဲ့အခါမျိုးမှာတော့ အချိန်နည်းနည်းလောက်ကြာနိုင်ပါတယ်။

    IUD ထုတ်ပြီးရင်ရော

    IUD ထုတ်ပြီး ရက်အနည်းငယ် ဒါမှမဟုတ် ရက်သတ္တပတ်အနည်းငယ်ကြာတဲ့အထိ ရာသီလာစဉ်နာကျင်ကိုက်ခဲသလိုမျိုးခံစားရတာ၊သွေးအနည်းငယ်ဆင်းတာမျိုးတွေခံစားရနိုင်ပါတယ်။ ဒီလိုအချိန်မှာ အကိုက်အခဲပျောက်ဆေးနည်းနည်းလောက်သောက်ဖို့တော့လိုနိုင်ပါတယ်။

    ပုံမှန်အတိုင်းကိုယ်ဝန်ပြန်ဆောင်နိုင်မှာလား………..

    IUD ထုတ်ပြီးတဲ့အခါ ရာဦသွေးက ပုံမှန်အတိုင်းပြန်ဆင်းမှာဖြစ်သလို ပုံမှန်အတိုင်းပဲ ကိုယ်ဝန်ဆောင်နိုင်မှာပါ။ အခြားကုသမှုခံစရာမလိုပါဘူး။

    ကဲ… IUD ကိုဖယ်တော့မယ်ဆိုရင် ဒါလေးတွေ သိထားတာက အဆင်ပြေစေမှာပါနော်………….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement