အိမ်ထောင်တစ်ခုကို ထူထောင်တဲ့အခါမြန်မာအမျိုးသမီးအများစုက လင်ယောက်ျားကို အိမ်ထောင်ဦးစီးဆိုပြီးလေးစားကြတာက မမှားပေမယ့် ကိစ္စတိုင်းကိုတော့ တစ်ဦးတည်းသဘောနဲ့ လိုက်လုပ်နေစရာမလိုပါဘူး။ လူတိုင်းမှာ အခွင့်အရေးကိုယ်စီရှိတာမို့ အချို့ကိစ္စတွေမှာ သူဖြစ်ချင်တာ ကိုယ်ဖြစ်ချင်တာကို ပွင့်ပွင့်လင်းလင်းတိုင်ပင်ပြီး ညှိနှိုင်းကြည့်ဖို့ပြောပါရစေ။ ဘယ်အချိန်မှာ ကလေးယူမယ်၊ ကလေးဘယ်နှယောက်ယူမယ်ဆိုတာနဲ့ ဘယ်လိုသားဆက်ခြားနည်းက အဆင်ပြေဆုံးဖြစ်မလဲဆိုတာတွေကို နှစ်ဦးသားပွင့်ပွင့်လင်းလင်းဆွေးနွေးမှုကနေတဆင့် အကောင်းဆုံးအဖြေထုတ်နိုင်ပါတယ်။
မိမိလက်တွဲဖော်နဲ့ သားဆက်ခြားနည်းအကြောင်းတိုင်ပင်တဲ့အခါ
သားဆက်ခြားနည်းက အရေးကြီးတာကြောင့် မိမိရဲ့လက်တွဲဖော်နဲ့တိုင်ပင်ဖို့ကို အားနာတာရှက်ရွံ့တာတွေမလုပ်ပါနဲ့။ သားဆက်ခြားနည်းကိုသေသေချာချာရွေးချယ်တာက နှစ်ယောက်စလုံးအတွက် အကျိုးရှိစေမှာ အသေအချာပါပဲ။ လက်တွဲဖော်နဲ့ သားဆက်ခြားနည်းပြောရတာက အခက်အခဲရှိနိုင်ပေမယ့် မပြောလို့မဖြစ်တဲ့ အရေးကြီးတဲ့ကိစ္စပါ။ ကျွန်မတို့မြန်မာအမျိုးသမီးအများစုက သားဆက်ခြားနည်းရွေးချယ်တဲ့အခါ အိမ်ထောင်ဘက်နဲ့ မဆွေးနွေးမိဘဲ မိခင် ဒါမှမဟုတ် အမလိုမျိုးဆွေမျိုးရင်းချာတွေနဲ့ တိုင်ပင်ဖြစ်တာပိုများပါတယ်။ ဒါကြောင့် အိမ်ထောင်ဘက်နဲ့ပြောဖို့ခက်ခဲနေတဲ့ သားဆက်ခြားနည်းအကြောင်းကို ဘယ်လိုတိုင်ပင်ရမလဲဆိုတာကို နည်းနည်းလောက်ပြောပြပေးပါရစေ။